သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Trump အစိုးရသစ်အောက် လူဝင်မှုကြီးကြပ်ရေး မျှော်မှန်းချက်များ


အမေရိကန်ပြည်ထောင်စုမှာ နိုင်ငံရေးခိုလှုံခွင့်လျှောက်ထားဖို့အတွက် ရက်ချိန်းယူဖို့စောင့်နေကြသူများကို မက္ကဆီကိုနိုင်ငံ Tijuana မြို့မှာ တွေ့ရစဉ် (နိုဝင်ဘာ ၄၊ ၂၀၂၄)
အမေရိကန်ပြည်ထောင်စုမှာ နိုင်ငံရေးခိုလှုံခွင့်လျှောက်ထားဖို့အတွက် ရက်ချိန်းယူဖို့စောင့်နေကြသူများကို မက္ကဆီကိုနိုင်ငံ Tijuana မြို့မှာ တွေ့ရစဉ် (နိုဝင်ဘာ ၄၊ ၂၀၂၄)

ရွေးကောက်ခံသမ္မတ Donald Trump ဟာ သူ့ရဲ့ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးမှာ လူဝင်မှုကြီးကြပ်ရေးကို အဓိကအနေနဲ့ထားပြီး၊ တောင်ပိုင်းနယ်စပ်မှာ သူ့အခေါ် "မကြုံစဖူးအမိန့်" တစ်ခုကို အကောင်အထည်ဖော်သွားမယ်လို့ ကတိပြုထားပါတယ်။ သူသမ္မတရာထူး စတင်တာဝန်ယူတဲ့နေ့မှာပဲ အထောက်အထားမရှိတဲ့ ရွှေ့ပြောင်းနေထိုင်သူတွေကို အကြီးမားဆုံး နိုင်ငံထဲကနှင်ထုတ်ရေး လုပ်ငန်းစဉ်ကို စတင်မယ်လို့လည်း ကတိပေးထားပါတယ်။

သူ့ရဲ့မဲဆွယ်စည်းရုံးရေးတလျှောက်လုံးမှာ Trump က လူဝင်မှုကြီးကြပ်ရေးကို အကြပ်အတည်းတစ်ခုအဖြစ် သတ်မှတ်ခဲ့ပြီး၊ တရားမဝင်ရွှေ့ပြောင်းနေထိုင်မှုတွေကို ထိန်းချုပ်ဖို့နဲ့ နောက်ထပ်ရောက်လာမယ့်သူတွေကို ကန့်သတ်ဖို့ အငြင်းပွားဖွယ် မူဝါဒတွေကို အမြန်ဆုံး အကောင်အထည်ဖော်မယ်လို့ ကတိပြုခဲ့ပါတယ်။

နိုဝင်ဘာ ၅ ရက် အင်္ဂါနေ့ည ဖလော်ရီဒါပြည်နယ်မှာ အနိုင်ရမိန့်ခွန်းပြောကြားရာမှာ Trump က "ကျွန်တော်တို့ နယ်စပ်တွေကို ပြန်ပြင်မယ်။ လူတွေပြန်လာစေချင်ပါတယ်။ ဒါပေမယ့် သူတို့ တရားဝင်နည်းလမ်းနဲ့တော့ ပြန်လာရမယ်" လို့ ပြောကြားခဲ့ပါတယ်။

ဒါပေမယ့် လူသန်းပေါင်းများစွာ ပြန်လည်ဝင်ရောက်ခွင့်ရရေး စီမံခန့်ခွဲဖို့က ကြီးမားတဲ့ဥပဒေရေးရာနဲ့ လက်တွေ့ဆောင်ရွက်ရေး စိန်ခေါ်မှုတွေ ရှိနေပါတယ်။

ဒုက္ခသည်တွေကို လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးနေတဲ့ Hebrew Immigrant Aid Society အဖွဲ့အစည်းရဲ့ အမှုဆောင်အရာရှိချုပ် Mark Hetfield က "တန်းစီပြီး စောင့်ဝင်ရမယ်ဆိုတဲ့ ယုံကြည်မှုရှိနေပေမယ့် အများအားဖြင့် တန်းစီစရာ နေရာမရှိပါဘူး" လို့ VOA ကို ပြောပါတယ်။

Migration Policy Institute (လူဝင်မှုကြီးကြပ်ရေးရာမူဝါဒတွေစောင့်ကြည့်လေ့လာတဲ့အဖွဲ့) ရဲ့ အစီရင်ခံစာကလည်း ဒီအချက်ကို ထောက်ပြထားပြီး၊ အမြဲတမ်းနေထိုင်ခွင့် (ဂရင်းကဒ်) အတွက် စောင့်ဆိုင်းရတဲ့ အချိန်ကာလကို သတ်မှတ်တဲ့ ဗီဇာလမ်းကြောင်းအမျိုးမျိုး ရှိပြီး၊ တစ်ခုချင်းစီမှာ မတူညီတဲ့ အချိန်ကြန့်ကြာမှုတွေနဲ့ စောင့်ဆိုင်းချိန်တွေ ရှိနေပါတယ်။

နှစ်စဉ်ကန့်သတ်ချက်တွေနဲ့ နိုင်ငံအလိုက် ခွဲတမ်းတွေကြောင့် ကြန့်ကြာမှုတွေ ဖြစ်ပေါ်နေပြီး၊ လျှောက်ထားသူအချို့ဟာ ဆယ်စုနှစ်တွေကြာတဲ့အထိ စောင့်ဆိုင်းနေရပါတယ်။ အထောက်အထားမဲ့ ရွှေ့ပြောင်းနေထိုင်သူအများစုဟာ တင်းကြပ်တဲ့ ပြန်လည်ဝင်ရောက်ခွင့် မူဝါဒတွေကြောင့် တန်းစီစောင့်ဆိုင်းပြီး ဝင်ရောက်နိုင်မယ့် အခွင့်အလန်းမရှိပါဘူး။

၁၉၉၆ ခုနှစ် တရားမဝင်လူဝင်မှုကြီးကြပ်ရေးပြုပြင်မှုနဲ့ ရွှေ့ပြောင်းနေထိုင်သူများဆိုင်ရာ တာဝန်ယူမှုအက်ဥပဒေအရ၊ အမေရိကန်မှာ "တရားမဝင်နေထိုင်မှု" သမိုင်းကြောင်းရှိတဲ့ ရွှေ့ပြောင်းနေထိုင်သူတွေရဲ့ ပြန်လည်ဝင်ရောက်မှုကို ပိတ်ပင်ထားပါတယ်။ သူတို့ထွက်ခွာသွားပြီး တရားဝင်ပြန်လည်ဝင်ရောက်လိုရင်၊ ရက် ၁၈၀ ထက်ပိုပြီး တစ်နှစ်အောက် တရားမဝင်နေထိုင်ခဲ့သူတွေဟာ သုံးနှစ်ကြာ ပြန်လည်ဝင်ရောက်ခွင့် ပိတ်ပင်ခံရမှာဖြစ်ပြီး၊ တစ်နှစ်ထက်ပိုပြီး တရားမဝင်နေထိုင်ခဲ့သူတွေဟာ ၁၀ နှစ်ကြာ ပိတ်ပင်ခံရမှာ ဖြစ်ပါတယ်။

တရားမဝင်နေထိုင်မှုဆိုတာ ယေဘုယျအားဖြင့် ခွင့်ပြုကာလထက်ကျော်လွန်နေထိုင်ခြင်း သို့မဟုတ် စစ်ဆေးမှုမရှိဘဲ ဝင်ရောက်ခြင်းတို့ ပါဝင်ပါတယ်။

အမေရိကန်သမိုင်းမှာ နိုင်ငံထဲကနှင်ထုတ်ရေး အကြီးမားဆုံးလှုပ်ရှားမှု

Trump က ဒီတကြိမ် အစိုးရသက်တမ်းမှာ သူ့ရဲ့ပထမသမ္မတသက်တမ်းအတွင်း ပြည်နှင်ဒဏ်ပေးခဲ့တဲ့အရေအတွက်ထက် ကျော်အောင်လုပ်သွားမယ်လို့ ကတိပြုထားပါတယ်။

အထောက်အထားမဲ့ ရွှေ့ပြောင်းနေထိုင်သူတွေကို ဖမ်းဆီးဖို့ ပြည်တွင်းလုံခြုံရေးတပ်ဖွဲ့ (National Guard) ကို အသုံးပြုဖို့ အစီအစဉ်နဲ့အတူ၊ Trump က အမေရိကန်ပြည်ထောင်စုကို ရန်လိုတယ်လို့ သတ်မှတ်ထားတဲ့ နိုင်ငံတွေက နိုင်ငံသားမဟုတ်သူတွေကို နိုင်ထုတ်ခွင့်ပေးထားတဲ့ ၁၈ ရာစုက Alien Enemies Act ကိုလည်း ကိုးကားထားပါတယ်။

Trump က အထောက်အထားမဲ့ နေထိုင်တဲ့ လူဦးရေကို သိသိသာသာလျှော့ချဖို့ ရည်ရွယ်ထားပြီး၊ သူ့ရဲ့ထောက်ခံသူတွေက ဒါဟာ နိုင်ငံကိုပြန်လည်ထိန်းသိမ်းဖို့ တည်ဆောက်ရေးအတွက် ခြေလှမ်းတစ်ရပ်လို့ မြင်ကြပေမယ့်၊ ဆန့်ကျင်သူတွေကတော့ ဥပဒေရေးရာနဲ့ လက်တွေ့ဆောင်ရွက်ရေးမှာ အခက်အခဲတွေ ဖြစ်လာမယ်လို့ ထောက်ပြနေကြပါတယ်။

American Immigration Council ရဲ့ အမှုဆောင်ဒါရိုက်တာ Jeremy Robbins က VOA ကို အီးမေးလ်ပို့ရာမှာ သမ္မတတစ်ယောက်က အစုလိုက်အပြုံလိုက် နိုင်ငံထဲကနှင်ထုတ်ရေးကို လုပ်ဆောင်မယ်ဆိုရင် အစိုးရအတွက် ကြီးမားတဲ့ကုန်ကျစရိတ်တွေ ဖြစ်လာမယ့်အပြင် စီးပွားရေးကိုလည်း ထိခိုက်စေမယ်လို့ ရေးသားခဲ့ပါတယ်။

"မူဝါဒချမှတ်သူတွေနဲ့ အမေရိကန်ပြည်သူတွေအနေနဲ့ ဒါဟာ ဘာတွေပါဝင်မယ်ဆိုတာ နားလည်ဖို့ အရေးကြီးပါတယ် - အခွန်ထမ်းငွေ ဘီလီယံပေါင်းများစွာ၊ လက်ရှိအခက်အခဲဖြစ်နေတဲ့ လုပ်ငန်းကဏ္ဍတွေ ထိခိုက်ပျက်စီးမှု၊ လူသန်းပေါင်းများစွာ ထိန်းသိမ်းခံရမှု၊ မိသားစုထောင်ပေါင်းများစွာ ကွဲကွာရမှုတွေကြောင့် တနိုင်ငံလုံးက လူ့အသိုင်းအဝိုင်းတွေမှာ ကျယ်ပြန့်တဲ့ ကြောက်ရွံ့မှုနဲ့ ဝရုန်းသုန်းကား အခြေအနေတွေ ပေါ်ပေါက်လိ့မ်မယ်" လို့ Robbins က ရေးသားခဲ့ပါတယ်။

ခရီးသွားခွင့်ပိတ်ပင်မှု၊ မွေးရာပါနိုင်ငံသားဖြစ်ခွင့်နဲ့ အခြားကိစ္စရပ်များ

ပထမ Trump အစိုးရလက်ထက်က စတင်ခဲ့တဲ့ မက္ကစီကိုကနေ ဝင်ခွင့်လျှောက်ရမယ့် အစီအစဉ်ကို ပြန်လည်အသက်သွင်းမယ်လို့ မှန်းဆရပါတယ်။ ဒီမူဝါဒအရ ခိုလှုံခွင့်တောင်းခံသူတွေဟာ သူတို့ရဲ့အမှုတွေ စစ်ဆေးနေစဉ် မက္ကဆီကိုမှာ စောင့်ဆိုင်းနေရမှာ ဖြစ်ပါတယ်။ ရွှေ့ပြောင်းနေထိုင်သူတွေကို နိုင်ငံတွင်းက အမြန်ဖယ်ရှားပြီး အမေရိကန်-မက္ကဆီကို နယ်စပ်မှာ လူဝင်မှုကို ထိန်းချုပ်တဲ့မူဝါဒကိုလည်း ပြန်လည်အသက်သွင်းဖို့ ဖြစ်လာနိုင်ပါတယ်။

Trump ရဲ့ နောက်ထပ်အဓိကကတိကဝတ်တစ်ခုက သမ္မတ Biden အစိုးရလက်ထက်မှာ ရွှေ့ပြောင်းနေထိုင်သူအုပ်စုအချို့ကို အမေရိကန်ကို တရားဝင်ဝင်ရောက်ခွင့်ပေးထားတဲ့ အစီအစဉ်တွေကို ပယ်ဖျက်ဖို့ပါ။

သမ္မတ Biden လက်ထက်မှာ ကျူးဘား၊ ဟေတီ၊ နီကာရာဂွာနဲ့ ဗင်နီဇွဲလား နိုင်ငံလေးနိုင်ငံက ရွှေ့ပြောင်းနေထိုင်သူ လစဉ် ၃၀,၀၀၀ အထိကို သတ်မှတ်ချက်တွေနဲ့ကိုက်ညီရင် အမေရိကန်ကို တရားဝင်လာခွင့်ပြုထားပါတယ်။ Trump က ဒီလမ်းကြောင်းတွေကို ရပ်ဆိုင်းမယ်လို့ ကတိပြုထားပါတယ်။

အမေရိကန်ကို ဝင်ရောက်လာသူတွေကို ပိုမိုတင်းကြပ်စွာ စိစစ်ဖို့အတွက် Trump က ပြည်ဝင်ခွင့် တားမြစ်တဲ့ အစီအစဉ်ကို ပြန်လည်အသက်သွင်းပြီး တိုးချဲ့ဖို့နဲ့၊ Trump က "အန္တရာယ်ရှိတဲ့ အရူးတွေ၊ အမုန်းပွားသူတွေ၊ တယူသန်တွေနဲ့ စိတ်ဖောက်ပြန်သူတွေ" လို့ ခေါ်တဲ့သူတွေကို တားမြစ်ဖို့ "အယူဝါဒရေးရာ စိစစ်မှု" အစီအစဉ် တစ်ခု ကျင့်သုံးဖို့လည်း ကတိပြုထားပါတယ်။

Trump ရဲ့မဲဆွယ်စည်းရုံးရေးအဖွဲ့က ဒီဆောင်ရွက်ချက်ဟာ အမျိုးသားလုံခြုံရေးကို မြှင့်တင်ပေးမယ်လို့ ပြောဆိုပေမယ့်၊ ခွဲခြားဆက်ဆံမှုနဲ့ နိုင်ငံသားအခွင့်အရေးဆိုင်ရာ စိုးရိမ်မှုတွေ ဖြစ်ပေါ်စေပါတယ်။

Trump က နိုင်ငံထဲမှာ တရားမဝင်နေထိုင်နေတဲ့ မိဘတွေကနေ မွေးဖွားလာတဲ့ ကလေးတွေအတွက် မွေးရာပါနိုင်ငံသားဖြစ်ခွင့်ကို ရပ်ဆိုင်းဖို့လည်း စီစဉ်ထားပါတယ်။ ဒါဟာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ချက်အမှတ် ၁၄ ကို ပြန်လည်အဓိပ္ပါယ်ဖွင့်ဆိုဖို့ လိုအပ်ပြီး၊ ပြင်းထန်တဲ့ဥပဒေရေးရာ စိန်ခေါ်မှုတွေ ရင်ဆိုင်ရဖွယ် ရှိပါတယ်။

Trump ရဲ့ လူဝင်မှုကြီးကြပ်ရေး အစီအစဉ်တွေဟာ သူ့ရဲ့ထောက်ခံသူတွေဆီက ထောက်ခံမှုရှိပေမယ့်၊ အခွင့်အရေးဆိုင်ရာအဖွဲ့တွေနဲ့ ဥပဒေကျွမ်းကျင်သူတွေရဲ့ ပြင်းထန်တဲ့ကန့်ကွက်မှုကို ရင်ဆိုင်နေရပါတယ်။ သူတို့က အစုလိုက်အပြုံလိုက် ပြည်နှင်ဒဏ်ပေးရေးအစီအစဉ်နဲ့ ခရီးသွားတားမြစ်မှုတွေဟာ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ကျယ်ပြန့်တဲ့တရားရေး စိန်ခေါ်မှုတွေ ဖြစ်ပွားစေနိုင်တယ်လို့ ထောက်ပြငြင်းခုံနေကြပါတယ်။

အသစ်တက်လာမယ့် Trump အစိုးရက တရားဝင်လူဝင်မှုကြီးကြပ်ရေးကို ဘယ်လိုလုပ်မလဲဆိုတာနဲ့ ပတ်သက်ပြီး စိုးရိမ်မိကြောင်း Hebrew Immigrant Aid Society အဖွဲ့ အမှုဆောင်အရာရှိချုပ် Mark Hetfield က VOA ကို အခုလိုပြောပါတယ်။

"သူက ဒုက္ခသည်အစီအစဉ်ကို ပိတ်ပြီး လုပ်ပိုင်ခွင့်ကျော်လွန်လုပ်ဆောင်ရင် ကျွန်တော်တို့ တရားစွဲဆိုသွားမယ်... ဒါပေမယ့် အဓိကအချက်က သမ္မတမှာ ဒုက္ခသည်အစီအစဉ်နဲ့ပတ်သက်ပြီး ဆုံးဖြတ်ချက်ချပိုင်ခွင့် အများကြီးရှိတယ်... ခိုလှုံခွင့်အတွက်ဆိုရင်တော့၊ သူက Title 42 နဲ့ Remain in Mexico မူဝါဒတွေနဲ့ လုပ်ခဲ့သလိုပဲ နယ်စပ်မှာ လျှောက်ထားဖို့ မဖြစ်နိုင်အောင် လုပ်သွားလိမ့်မယ်" လို့ Hetfield က ပြောပါတယ်။

နိုင်ငံရဲ့ အကြီးဆုံး ရွှေ့ပြောင်းနေထိုင်သူလူငယ်တွေဦးဆောင်တဲ့အဖွဲ့ဖြစ်တဲ့ United We Dream ရဲ့ နိုင်ငံရေးဆိုင်ရာ ညွှန်ကြားရေးမှူး ဒါရိုက်တာ Michelle Ming က သူတို့အနေနဲ့ ရွှေ့ပြောင်းနေထိုင်သူမိသားစုတွေကို "ကာကွယ်" ဖို့ အသင့်ဖြစ်နေမယ်လို့ ပြောပါတယ်။

Ming က Trump ရဲ့ ဒုတိယသမ္မတသက်တမ်းတလျှောက်လုံး "မိမိအခွင့်အရေးများကို သိရှိနားလည်ရေး" အသိပညာပေးမှု အများအပြား ပြုလုပ်သွားဖို့ကိုလည်း မျှော်လင့်ထားပါတယ်။

"Trump သမ္မတတာဝန် စယူတဲ့အခါ၊ ကျွန်မတို့ရဲ့ အသိုင်းအဝိုင်းတွေကို ထိခိုက်စေမယ့် မူဝါဒတွေကို သူအကောင်အထည်ဖော်ဖို့ ကြိုးစားရင် ကျွန်မတို့က ပြန်လည်တိုက်ခိုက်သွားမယ်ဆိုတာ သူ့ကို သတိပေးချင်ပါတယ်" လို့ Ming က ပြောပါတယ်။

Forum

XS
SM
MD
LG