ချင်းပြည်နယ် ဖလမ်းနဲ့ ဟားခါးမြို့ မှာ စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ထိမှန်လို့ ဒီသီတင်းပတ်ထဲ ၄ရက်အတွင်း ၁ဦးသေဆုံး ၉ ဦးဒဏ်ရာရရှိခဲ့တယ်လို့ မြို့ခံတွေက VOA ကို ပြောပါတယ်။ ဖလမ်းမြို့မှာ စစ်ရေးတင်းမာနေပြီး မြို့ခံအများစုက ဘေးလွတ်ရာကို တိမ်းရှောင်နေကြရပါတယ်။ ချင်းပြည်နယ်ဘက်က စစ်ရေးပြန်ပြင်းထန်လာနေတဲ့အခြေအနေ ရန်ကုန်က သတင်းပေးပို့ထားပါတယ်။
ချင်းပြည်နယ်တွင်း စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကြောင့် အောက်တိုဘာလ ၂၅ ရက်က စပြီး ၄ရက်အတွင်း တစ်ဦး သေ၊ ၅ဦး ဒဏ်ရာရရှိတယ်လို့ လုံခြုံရေးအရ နာမည်မဖော်ပြလိုတဲ့ ဖလမ်းမြို့ခံတဦးက VOA ကို ပြောပါတယ်။
အောက်တိုဘာလ ၂၈ ရက် တနင်္လာနေ့ ညပိုင်းက ဖလမ်းမြို့ တလန်လိုရပ်ကွက်မှာ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲလို့ ကျောင်းဆရာမတဦး သေဆုံးသွားတယ်လို့ လုံခြုံရေးအရ နာမည်မဖော်ပြလိုတဲ့ ဖလမ်းမြို့ခံတဦးက ပြောပါတယ်။
“သေတာတော့ တစ်ယောက်ပဲ ဒဏ်ရာရတာကတော့ မနေ့ကတော့ မရှိဘူး အဲ့ဒီသေတဲ့လူတယောက်ပဲ။ ၂၅ ရက်နေ့က တစ်ယောက် အဲ့ဒီ တန်လိုရပ်ကွက်မှာ တစ်ယောက် ဒဏ်ရာရတယ် ဒါပေမယ့် မပြင်းထန်ဘူး။ ဒဏ်ရာရတဲ့လူက ၂၅ နေပြီးတော့ ဒီကနေ့ထိပေါ့လေနော် ဒဏ်ရာရတာက ၅ ယောက် သေဆုံးတာက တစ်ယောက်တည်းပဲ။”
ဖလမ်းမြို့မှာတော့ ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၅ ကနေ ၂၇ ရက်အထိ စစ်ကောင်စီတပ်နဲ့ ချင်းညီနောင်အဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဖလမ်းမြို့ခံတဦးက VOA ကို ပြောပါတယ်။ စစ်ကောင်စီဘက်ကလည်း လက်နက်ကြီးတွေနဲ့ မကြာခဏ ပစ်ခတ်နေတာလို့ ဆိုပါတယ်။
ဒါကြောင့် ဖလမ်းမြို့ခံအများစုက အိုးအိမ်စွန့်ခွာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်ရှောင်နေကြပြီး မြို့ထဲမှာ ကျန်ရှိနေသူတွေကလည်း ပြောင်းရွှေ့ဖို့ ပြင်ဆင်နေကြတယ်လို့ ဖလမ်းမြို့ခံက ဆိုပါတယ်။
“ဖလမ်းမြို့ကတော့ (မြို့ခံတွေ)ကုန်သလောက်ပဲ ကျနော်တို့လည်း မနက်ဖြန် တပတ်ခါတော့ ရွာဖက်ကို ပြန်တော့မယ်၊ အခုပြင်ဆင်တုန်းပဲ။ လုံးဝမလုံခြုံတော့ဘူး။ ကျနော်တို့ ဒီတော်လှန်ရေး နွေဦးတော်လှန်ရေးအဖွဲ့ကနေပြီးတော့ ရပ်ကွက်၃ကွက် ၃နေရာကို နွေဦးတော်လှန်ရေး CNDF ၊ CB လို့ ပြောလိုက်မှာပေ့ါနော် သူတို့က နေရာယူထားပြီးလေ၊ တိုက်ပွဲတော့ မကြာခင်ပြင်းထန်လာလိမ်မယ်။”
စစ်ရေးအခြေအနေကြောင့် ဖလမ်းမြို့ခံအများစုက အိန္ဒိယနယ်စပ်နဲ့ စကိုင်းတိုင်း ကလေးမြို့ဘက်ကို ပြောင်းရွှေ့သွားကြပြီး လူသားချင်းစာနာမှုအကူအညီတွေအရေးပေါ်လိုအပ်နေကြတယ်လို့ ပြောပါတယ်။
အလားတူ အောက်တိုဘာလ ၂၈ ရက် တနင်္လာနေ့မနက်ပိုင်းက ဟားခါးမြို့ မြို့သစ်ရပ်ကွက်က လူနေအိမ်မှာ စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကြောင့် ကလေးငယ်တဦး အပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ချင်းဒေသခံသတင်းမီဒီယာတွေ ဖော်ပြထားကြပါတယ်။
ဟားခါးမြို့ ပတ်ချာလည်မှာလည်း နေ့ပိုင်းရော ညပိုင်းပါ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ စစ်ကောင်စီတပ်က တောက်လျှောက် ပစ်ခတ်နေတာလို့ လုံခြုံရေးအရ နာမည်မဖော်ပြလိုတဲ့ ဟားခါးမြို့ခံတဦးက VOA ကို ပြောပါတယ်။
“မနေ့က ဆက်တိုက် သူတို့ လက်နက်ကြီးရော လက်နက်ငယ်ရော အကုန်လုံးပစ်နေတယ်။ အဲ့မှာ ၂ယောက်ကတော့ ဒဏ်ရာရတယ်လို့ ပြောတယ်။ အဲ့ဟာဘက်ရောပစ်တယ်၊ ဖလမ်းဘက်ရယ် မြို့ပတ်လမ်းဘက်ရယ် ပြီးတော့ ဂန့်ဂေါ်လမ်းဘက်ရယ်၊ အဲ့မှာ တဖက်က နည်းနည်းလာပြီးဆိုရင် သူတို့တောက်လျှောက်ပစ်တာပေါ့။ မြို့ပတ်လမ်းက စစ်ဆင်ရေးလာရင်လည်း ကျန်တဲ့နေရာတွေ အကုန်လုံးလိုက်ပစ်တယ် အဲ့လိုမျိုး။ လူမရှိလည်း လိုက်ပစ်တာ။ သူတို့က ကြောက်အောင် တမင်လုပ်တာပေါ့နော် အဲ့လိုမျိုး။”
ဟားခါးမြို့ပတ်ဝန်းကျင်မှာ ချင်းကာကွယ်ရေးတပ်ဖွဲ့ဖက်က စစ်ရေးလှုပ်ရှားမှု ရှိတယ်ဆိုတဲ့သတင်းကြားရင် စစ်ကောင်စီတပ်က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ဦးတည်ရာမရှိ ရမ်းသမ်း ပစ်ခတ်တာလို့ ဆိုပါတယ်။ လတ်တလော ဖလမ်းနဲ့ ဟားခါးဘက်က စစ်ရေးအခြေအနေနဲ့ ပတ်သက်လို့ နှစ်ဘက် တာဝန်ရှိသူတွေကို VOA က ဆက်သွယ်စုံစမ်းနေပါတယ်။ ချင်းပြည်နယ်ဘက်က တကျော့ပြန်တိုက်ပွဲတွေပြန်ပြင်းထန်လာတဲ့ စစ်ရေးအခြေအနေနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်ကတော့တရားဝင်ထုတ်ပြန်ခြင်းမရှိသေးပါဘူး။
Forum