သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မိုးမောက်မြို့ စစ်ရေးတင်းမာမှုကြောင့် ဒေသခံတွေတိမ်းရှောင်


မိုးမောက်မြို့ (Crd: Tai Youth Yangon)
မိုးမောက်မြို့ (Crd: Tai Youth Yangon)

ကချင်ပြည်နယ် မိုးမောက်မြို့မှာ စစ်ရေးတင်းမာနေတာကြောင့် ထောင်နဲ့ချီတဲ့ ဒေသခံပြည်သူတွေဟာ KIA သိမ်းပိုက်ထားတဲ့ နယ်မြေတွေမှာ တိမ်းရှောင်နေကြပါတယ်။ ဒီဒေသတွေမှာ မိုင်းနဲ့ မပေါက်ကွဲသေးတဲ့ စစ်ကျန်လက်နက်တွေ ရှိနေတာကြောင့် ကလေးငယ်တွေအတွက် စိုးရိမ်ရတဲ့အခြေအနေရှိနေသလို လူမှုရေးနဲ့ ဘာသာရေးအသင်းအဖွဲ့တွေက ပညာပေးလုပ်ငန်းတွေကို ဆောင်ရွက်နေကြရပါတယ်။ ကချင်ပြည်နယ်က စစ်ရေးတင်းမာနေတဲ့ အခြေအနေနဲ့ ပတ်သက်လို့ ရန်ကုန်က သတင်းပေးပို့ ထားတာကို အခြေခံပြီး ကိုစည်သူ တင်ပြထားပါတယ်။

ကချင်ပြည်နယ် မိုးမောက်မြို့မှာ ဧပြီလ ၂၂ရက်နေ့က စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ် KIA အကြား တိုက်ပွဲဖြစ်ခဲ့တဲ့နောက် လက်ရှိအချိန်ထိလည်း နှစ်ဖက်တပ်တွေအကြား လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေရှိပြီး စစ်ရေးအခြေအနေဟာ တင်းမာနေဆဲရှိပါတယ်။ မိုးမောက်တိုက်ပွဲစတင်ပြီး စစ်ရေးအခြေအနေ ဆက်လက်တင်းမာနေတာကြောင့် မိုးမောက်မြို့ခံ အတော်များများဟာ KIA က သိမ်းယူထားတဲ့ မိုးမောက်မြို့နယ် မြောက်ဖက်နဲ့အရှေ့ဖက်က မြို့ရွာတွေကို တိမ်းရှောင်တာတွေရှိခဲ့ပါတယ်။။ မိုးမောက်မြို့ခံ ပြည်သူတွေ တိမ်းရှောင်နေတဲ့အခြေအနေကို စစ်ရှောင်တွေကို ကူညီနေသူတဦးက အခုလို ပြောပါတယ်။

“ အခု မြို့သစ်မှာ၊ ကုန်းလောမှာ၊ နွမ်လန်းမှာ၊ ဒေါ့ဖုန်းယန်မှာ ၊ ဟိုး တုန်ဟုန်းထိ ရောက်တယ်။ မိုးမောက်က ဟာတွေ။ တချို့ဟာက နယ်စပ် လွယ်ဂျယ်ဘက်တို့ ၊ အင်ဘာပါတို့၊ မိုင်ဂျာယန်တို့ ကိုယ့်မိတ်ဆွေ ညီအကို မောင်နှမရှိတဲ့ဟာ မိတ်ဆွေရှိတဲ့ဟာတွေက အဲလိုမျိုးပေါ့။ တောင်ကြိုတောင်ကြားမှာ သွားတဲ့ဟာလည်း ရှိတယ်။ နေရာတကာမှာပဲ။ ထောင်တော့ ကျော်မှာပါ။ ”

မိုးမောက်မြို့နယ် မြောက်ဖက်က မြို့သစ်၊ ကုန်းလော၊ နွမ်လန်းကျေးရွာတွေနဲ့ ဒေ့ါဖုန်းယန်မြို့စတဲ့နေရာတွေမှာ စစ်ကောင်စီတပ်တွေ အခြေစိုက်ထားပြီး KIA နဲ့ ပူးပေါင်းတပ်တွေက မတ်လနောက်ဆုံးပတ်လောက် သိမ်းယူခဲ့တာပါ။ တိုက်ပွဲဖြစ်ပွားစဉ်က ဒီဒေသကပြည်သူတွေဟာ ဗန်းမော်၊ မိုးမောက်နဲ့ အခြားကျေးရွာတွေကို တိမ်းရှောင်ခဲ့ပြီး တိုက်ပွဲတွေ ငြိမ်သက်ချိန်မှာ နေရပ်ပြန်လာတာတွေ ရှိသလို မိုးမောက်မြို့မှာ စစ်ရေး တင်းမာလာချိန်မှာတော့ မိုးမောက်မြို့ခံ ပြည်သူတွေလည်း အဲဒီဒေသကို လာရောက် တိမ်းရှောင်တာတွေ ရှိနေတာပါ။

လောလောဆယ်မှာတော့ ဒီဒေသမှာ မိုင်းနဲ့ မပေါက်ကွဲသေးတဲ့ စစ်ကျန်လက်နက်တွေရှိနေတာကြောင့် ပြည်သူတွေ အထူးသဖြင့် ကလေးငယ်တွေအတွက် စိုးရိမ်စရာရှိနေကြောင်း ၊ အသိပညာပေးတာတွေကို လုပ်ဆောင်နေရကြောင်း စစ်ရှောင်တွေကို ကူညီနေသူက ပြောပါတယ်။

“ ကလေးတွေလည်း ဆေးရုံနံဘေးမှာ ၆၀မမ မြေကြီးမှာ စိုက်ထားတာ မအောင်ဘူးလေ။ အဲဒါကို ကလေးတွေ သူတို့ ၄-၅-၆ယောက်က ကျောက်ခဲကောက်ပြီးမှ အဲဒါ ပစ်နေတာ။ တယောက်ပြီးတယောက် အဲဒါ မထိလို့လေ။ ဟိုတနေ့ကလည်း ကလေးတွေ ၆၁၆ ဒုံးတပ်က မိုင်းအသေးလေတွေ လက်ထောက်သီးအသေးတွေ လိုက်ကောက်ခဲ့တာနေမှာ မအောင်တဲ့ဟာတွေ လိုက်ကောက်ပြီးမှ လမ်းမှာ သူတို့ကလေးတွေက ဆော့နေတာ။ ကျနော်တို့လည်း ဟိုမှာ Awareness ကတော့ လုပ်နေတာ။ ကလေးတွေ သပ်သပ်။ လူကြီးတွေ သပ်သပ်။ လုပ်တော့ လုပ်ပြီးပြီ။ အခုကတော့ ကျနော်တို့လည်း နေတဲ့နေရာတွေမှာတော့ ညတိုင်းလည်း ပြောတယ်။ ကလေးတွေကို ထိန်းပါ။ အပြင်မထွက်ခိုင်းနဲ့ ၊ နေ့တိုင်းညတိုင်းတော့ ပြောတယ်။”

ဒေသခံတဦးကတော့ မြေမြုပ်မိုင်းနဲ့ စစ်ကျန်လက်နက်အန္တရာယ်နဲ့ပတ်သက်ပြီး ဘာသာရေးအဖွဲ့အစည်းအချို့က ပညာပေးတာရှိပေမဲ့ အခြား သီးသန့်ပညာပေးတဲ့ အဖွဲ့အစည်းတွေတော့ မရှိကြောင်း ပြောပါတယ်။

“ ၂၀၁၁ တုန်းက ဖြစ်တဲ့ အဲဒီဘက်အပိုင်းကျတော့ အဲဒါမျိုးပညာပေးတဲ့ဟာတွေ ရှိတယ်။ မတ် ၇ ရက် စစ်ဖြစ်ကတည်းကတော့ အဲလိုမျိုးပညာပေးတာတွေ မရှိဘူး။ ဘာသာရေးအဖွဲ့အစည်းတွေကတော့ ရှိတယ်။ ဒါပေမဲ့ NGO တွေ ဘာတွေကတော့ မရှိဘူး။ ”

KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှုးကြီးနော်ဘူကလည်း သူတို့တပ်ဖွဲ့အနေနဲ့ စစ်ကောင်စီတပ်စခန်း အနီးနားတွေမှာ မိုင်းရှင်းလင်းတာတွေ တက်နိုင်သလောက် ဆောင်ရွက်နေတယ်လို့ ပြောပါတယ်။

“ ဟုတ်ကဲ့။ ကျနော်တို့ သိမ်းပိုက်ထားတဲ့ စကစ စခန်း ပတ်ဝန်းကျင်မှာကတော့ ကျနော်တို့လည်း အတတ်နိုင်ဆုံးကတော့ မိုင်းရှင်းလင်းရေးတော့ လုပ်ပါတယ်။ ဒါပေမဲ့ အားလုံး ကင်းစင်သွားပြီ ဆိုတဲ့ အဆင့်ကတော့ မရှိဘူးလို့ ထင်တယ်။ တချို့နေရာမှာကတော့ ကျန်သေးမယ်လို့ ထင်ပါတယ်။ ဒါပေမဲ့ စစ်ရှောင်တွေကတော့ တပ်ပတ်ဝန်းကျင်မှာ သွားလာလှုပ်ရှားတာတွေ မလုပ်ဖို့တော့ ပြောထားတာ ရှိပါတယ်။”

ရှမ်းပြည်နယ်မြောက်ပိုင်းမှာတော့ ၁၀၂၇စစ်ဆင်ရေးအပြီး ညီနောင်မဟာမိတ်အဖွဲ့တွေ သိမ်းယူထားတဲ့ဒေသမှာ မြေမြုပ်မိုင်းနဲ့ စစ်ကျန်လက်နက်ပေါက်ကွဲတာကြောင့် ဒေသခံတွေ ထိခိုက်သေဆုံးတာတွေ မကြာခဏ ဖြစ်ပွားနေပါတယ်။ UNICEF ခေါ် ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ ကလေးသူငယ်များရံပုံငွေအဖွဲ့ ရဲ့ ၂၀၂၃ခုနှစ် မြေမြုပ်မိုင်းဖြစ်စဉ် စောင့်ကြည့်လေ့လာမှုအစီရင်ခံစာမှာ မြေမြုပ်မိုင်းနဲ့ စစ်ကျန်လက်နက်ပေါက်ကွဲမှုကြောင့် ထိခိုက်သေဆုံးသူ ၁၀၅၂ ဦးရှိခဲ့ကြောင်းဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG