ကချင်ပြည်နယ် ဆင်ဘိုမြို့အနီးမှာ အခြေစိုက်ထားတဲ့ စစ်ကောင်စီရဲ့ ခလရ ၁၄၁ တပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ ပူးပေါင်းတပ်တွေက ဒီကနေ့မနက်မှာ အပြီးသတ်သိမ်းယူလိုက်ကြောင်း KIA ပြန်ကြားရေးတာဝန်ခံက အတည်ပြု ပြောပါတယ်။ ဆင်ဘိုဒေသမှာ စစ်ရေး တင်းမာနေတာ ၃ လနီးပါးကြာမြင့်ခဲ့ပြီး ဒေသခံအတော်များများဟာ နေရပ်စွန့်ခွာတိမ်းရှောင်နေသလို ဒီရက်ပိုင်းတိုက်ပွဲမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားတွေ ထိခိုက်သေဆုံးတာရှိခဲ့ပါတယ်။ ကချင်ပြည်နယ်က စစ်ရေးတင်းမာမှု နောက်ဆုံးအခြေအနေနဲ့ ပတ်သက်လို့ ရန်ကုန်က သတင်းပေးပို့ထားတာကို အခြေခံပြီး ကိုစည်သူ တင်ပြထားပါတယ်။
ဒီနှစ်ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာ ဆင်ဘိုမြို့ကို KIA နဲ့ ပူးပေါင်းတပ်တွေက သိမ်းယူထားခဲ့တာပါ။ အဲဒီနောက် ဆင်ဘိုမြို့နဲ့ ၃မိုင်ခန့်အကွာရှိ စစ်ကောင်စီရဲ့ ခလရ ၁၄၁ စခန်းကို အကြိမ်ကြိမ် ထိုးစစ်ဆင်ပြီး ဒီကနေ့မှာတော့ အပြီးတိုင် သိမ်းယူလိုက်တာဖြစ်ပါတယ်။ ဆင်ဘိုအခြေစိုက် ခလရ ၁၄၁ စခန်းသိမ်းယူလိုက်တာကို KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှုးကြီးနော်ဘူက အခုလို အတည်ပြု ပြောပါတယ်။
“ ဆင်ဘို တပ်စခန်းကို ဒီနေ့မနက် ၁၁နာရီခွဲအချိန်မှာ အပြီးအပိုင် သိမ်းဆည်းရမိတယ်ဆိုတဲ့ အတည်ပြုချက် ရပါတယ်။ ဆင်ဘိုကို တိုက်တာကတော့ ၂လပိုင်း ၁၀ရက်ကနေ ၄ကြိမ်လောက်ရှိပါပြီ။ ဒီတကြိမ်တော့ ၃ရက်လောက်ကြာတာပေါ့နော်။ ဒီမနက် ၇နာရီလောက်ကတည်းကနဲ့ ရှင်းလင်းရေးတွေ လုပ်တာပေါ့နော်။ ၁၁နာရီခွဲအချိန်မှာ အပြီးအပိုင် သိမ်းဆည်းရမိတာဖြစ်ပါတယ်ဆိုတာ ရှေ့တန်းက သတင်းပေးတာရှိပါတယ်။”
ဒီတိုက်ပွဲအတွင်းမှာ မိုးမောက်အခြေစိုက် ခလရ ၄၃၇ တပ်ရင်းမှုးကို ဖမ်းဆီးရမိပြီး ခလရ ၄၃၈ တပ်ရင်းမှုးကတော့ လေကြောင်းက ဗုံးမှားကြဲတာကြောင့် ကျဆုံးခဲ့တဲ့ ရုပ်အလောင်းကို တွေ့ရှိကြောင်းနဲ့ ခလရ ၁၄၁ တပ်ရင်းမှုး ပျောက်ဆုံးနေကြောင်း ရှေ့တန်းသတင်းရင်းမြစ်တွေကို ကိုးကားပြီး သတင်းဖော်ပြတာ တွေလည်း ရှိနေပါတယ်။ ဗိုလ်မှုးကြီးနော်ဘူကတော့ ထိခိုက်ကျဆုံးစာရင်းနဲ့ပတ်သက်လို့တော့ သီးခြား ပေးပို့တာမရှိသေးတာကြောင့် ဒီသတင်းကို အတည်မပြုနိုင်ကြောင်း ပြောပါတယ်။
“ အဲဒီဟာတွေကတော့ ကျနောတို့ သတင်းပေးတဲ့ဟာမှာတော့ မပါဘူးခင်ဗျ။ ဟို လိုင်းပေါ်မှာကတော့ တပ်ရင်းမှုး ၂ဦး၊ တယောက်ကတော့ အရှင်ဖမ်းမိတာတွေကတော့ တက်တော့ တက်ပါတယ်။ ဒါပေမဲ့ကျနော်တို့ တရားဝင်အတည်ပြုချက်ကတော့ မရသေးဘူး ။ ဒါကတော့။ ”
ဒေသတွင်း သတင်းမီဒီယာသမားတဦးကတော့ ဆင်ဘိုဒေသခံအများစုဟာ ဖေဖော်ဝါရီလ တိုက်ပွဲဖြစ်ကတည်းက တိမ်းရှောင်ခဲ့ကြောင်းနဲ့ ဒီလ ၂၅ရက်နေ့ လေကြောင်းတိုက်ခိုက်တာကြောင့် ဒေသခံတဦးသေဆုံးပြီး တဦး ထိခိုက်ခဲ့ပြီးနောက် ထပ်မံ တိမ်းရှောင်တာတွေ ရှိကြောင်း ပြောပါတယ်။
“ ဆင်ဘိုမြို့ကတော့ မြို့ပေါ်ကတော့ သိမ်းထားပြီပေါ့နော်။ ဖေဖော်ဝါရီ ၁၀ရက်နေ့က သိမ်းထားပြီဆိုတော့ အခု ၃မိုင်လောက်ဝေးတဲ့ စခန်းကုန်းကို ပြန်ရပြီဆိုတော့ မြို့က တမြို့လုံးသိမ်းပြီးပြီဆိုတဲ့ သဘောဖြစ်သွားတာပေါ့။ မြို့ပေါ်ကလူတွေကတော့ ဟိုး ဖေဖော်ဝါရီ ၁၀ရက်နေ့ကတည်းကနေ ရှောင်ကြတာ။ တော်တော်များများပေါ့နော်။ တချို့ အိမ်စောင့်တဲ့ဟာတွေ။ ရွာမှာရှိတဲ့ဟာတွေကျတော့ ၂၅ရက်နေ့ လေကြောင်းနဲ့ လာပစ်ကတည်းကနေ ပြန်ရှောင်သွားကြပြီလို့ ပြောတယ်။ တမြို့လုံးပေါ့နော။ ၂၅ရက်နေ့ ညနေပိုင်းပေါ့နော်။ ၃နာရီ၊ ၄နာရီလောက်မှာ ၊ အဲဒီနေ့က တိုက်ပွဲမဖြစ်ဘူး။ ဒါပေမဲ စကစက လေကြောင်းနဲ့ လာပစ်လို့ ဒေသခံ တယောက်သေတယ်။ သားအမိပေါ့။ သားဖြစ်သူက သေသွားပြီး အမေဖြစ်သူက ဒဏ်ရာရတာဟုတ်တယ်။ ”
လတ်တလောမှာတော့ ကချင်ပြည်နယ် မိုးမောက်မြို့နဲ့ ဝိုင်းမော်မြို့တွေမှာ စစ်ရေးတင်းမာမှုတွေ ဆက်ရှိနေပါတယ်။ ဆင်ဘိုမြို့ တိုက်ပွဲသတင်းနဲ့ပတ်သက်လို့တော့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မတွေ့ရပါဘူး။
Forum