တောင်ကိုရီးယားနိုင်ငံ စစ်အာဏာရှင်ဟောင်း ချန်ဒူးဝမ်ဟာ ၂၀၂၁ ခုနှစ်၊နိုဝင်ဘာလ ၂၃ ရက်နေ့က အသက် ၉၀ အရွယ်မှာ ကွယ်လွန်သွားခဲ့ပါပြီ။ ချန်ဒူးဝမ်ဟာ ကိုရီးယား စစ်တက္ကသိုလ်အပတ်စဉ် (၁၁)ဆင်းတစ်ဦး ဖြစ်ပါတယ်။ စစ်ဗိုလ်ချုပ်ဘဝနဲ့ ၁၉၇၉ ခုနှစ်မှာ အာဏာသိမ်းခဲ့ပြီး ၁၉၈၈ ခုနှစ်အထိ တောင်ကိုရီးယားနိုင်ငံ ကိုအုပ်ချုပ်ခဲ့ တာပါ။ အာဏာရှင်တွေရဲ့ထုံးစံအတိုင်း တိုင်းပြည်ကို ခပ်ကြမ်းကြမ်းနဲ့ ရက်စက်စွာ အုပ်ချုပ်ခဲ့လို့ သူ့ကို Iron -fisted လို့တောင် နာမည်ပေးကြ ပါတယ်။ သံလက်သီးနဲ့ အုပ်ချုပ်သူဆိုပါတော့။
ချန်ဒူးဝမ်ကွယ်လွန်ချိန်မှာ ကမ္ဘာ့သတင်းစာကြီးတွေက ခေါင်းစဉ်အမျိုးမျိုးနဲ့အကျယ်တဝင့် ရေးသားကြတာ တွေ့ရပါတယ်။ နယူးယောက်တိုင်းမ် သတင်းစာကြီးက "စစ်အာဏာရှင်ဟောင်း ချန်ဒူးဝမ် အသက် ၉၀ အရွယ်မှာ ကွယ်လွန်"လို့ ခေါင်းစဉ်ပေးပြီး ရေးသားပါတယ်။ ကမ္ဘာကျော် The Economist မဂ္ဂဇင်းကြီးကတော့ "ချန်ဒူးဝမ်သေဆုံးခြင်းဟာ တောင်ကိုရီးယားနိုင်ငံရဲ့ သမိုင်းစာမျက်နှာတစ်ခု ပြီးဆုံးသွားပြီ"လို့ ခေါင်းစဉ်ပေးပါတယ်။အယ်ဂျားဇီးယားသတင်းဌာနကတော့ "တောင်ကိုရီးယားရဲ့ စစ်အာဏာရှင် ချန်ဒူးဝမ် အသက် ၉၀ အရွယ်မှာ ကွယ်လွန်" ဆိုပြီးခေါင်းစဉ်ပေးကာ ၁၉၇၉ ခုနှစ်မှာ အာဏာသိမ်းခဲ့တာက အစ၊ ဒီမိုကရေစီလိုလားတဲ့ ဆန္ဒပြသူတွေကို ချေမှုန်းတာ အလယ်၊ သူ့ရဲ့ပိုင်ဆိုင်မှုတွေ အဆုံး ရေးသားထားပါတယ်။ အယ်ဂျားဇီးယားက အာဏာရှင်ဟောင်း ချန်ဒူးဝမ်ရဲ့ပိုင်ဆိုင်မှုတွေကို ဖော်ပြထားရာမှာတော့ ငွေသားအနေနဲ့ အမေရိကန်ဒေါ်လာ ၂၄၅ သန်းနဲ့ အိမ်အပါအဝင် ဇိမ်ခံပစ္စည်းတွေ ပိုင်ဆိုင်မှုကအမေရိကန်ဒေါ်လာ ၁၈၅.၆ သန်း ရှိတယ်လို့ ဖော်ပြထားပါတယ်။သူ့ရဲ့သားသမီးတွေနဲ့ ဆွေမျိုးတွေဟာ တောင်ကိုရီးယားနိုင်ငံ ရဲ့မြို့တော် ဆိုးလ်အပါအဝင် အမေရိကန်ပြည်ထောင်စုမှာပါ မြေနဲ့ ဈေးကြီးတဲ့ အိမ်ယာတွေ ပိုင်ဆိုင်ထားတယ် လို့ ဆိုပါတယ်။
ချန်ဒူးဝမ်ဟာ ၁၉၇၉ ခုနှစ်၊ ဒီဇင်ဘာမှာ အာဏာသိမ်းခဲ့ပါတယ်။သူအာဏာသိမ်းပြီး သိပ်မကြာခင် ၁၉၈၀ မေလမှာတော့ ဒီမိုကရေစီလိုလားတဲ့ ကျောင်းသား တစ်သောင်းခွဲကျော်ဟာ နိုင်ငံတောင်ပိုင်းမှာရှိတဲ့ ကွမ်ဂျူးမြို့ လမ်းမတွေပေါ် ထွက်လာကြပြီး ဆန္ဒပြကြပါတယ်။ အဲ့ဒီလိုကျောင်းသားတွေ ဆန္ဒပြတာကို ချန်ဒူးဝမ် ကရက်စက်စွာ သတ်ဖြတ်ချေမှုန်းခဲ့တဲ့အတွက် ကျောင်းသား ၂၀၀ ခန့် သေဆုံးပြီး၁,၈၀၀ ကျော် ဖမ်းဆီးခြင်း ခံခဲ့ကြရပါတယ်။အဲဒီလို ရက်စက်စွာ သတ်ဖြတ်ချေမှုန်းခဲ့ပေမယ်လို့ ချန်ဒူးဝမ် ဟာ ကွမ်ဂျူးလူသတ်ပွဲကိစ္စနဲ့ ပတ်သက်ပြီး သူသေဆုံးချိန်အထိ မှားပါတယ်၊ သူ့မှာ တာဝန်ရှိပါတယ်လို့ ဝန်မခံခဲ့ပါဘူး။ ဒါပေမယ်လို့ ချန်ဒူးဝမ်ရဲ့ဇနီးကတော့ နိုဝင်ဘာလ ၂၇ ရက်နေ့က ပြုလုပ်ခဲ့တဲ့ ချန်ဒူးဝမ်ရဲ့ အသုဘအခမ်းအနားမှာ သူ့ခင်ပွန်းရဲ့ ရက်စက်တဲ့ အုပ်ချုပ်မှုအောက်မှာ နာကျင်ခဲ့ရတာတွေ ၊ထိခိုက်ခံစားခဲ့ကြရ တာတွေအတွက် မိသားစုကိုယ်စား တောင်းပန်ပါတယ်လို့ ပြောကြားခဲ့ပါတယ်။
၁၉၇၉ မှာ အာဏာသိမ်းပြီး သမ္မတဖြစ်လာတဲ့ ချန်ဒူးဝမ်ဟာ ၁၉၈၇ မှာ ကျောင်းသားတွေဦးဆောင်တဲ့ နိုင်ငံနဲ့အဝှမ်း ဆန့်ကျင်ဆန္ဒပြပွဲတွေနဲ့ ရင်ဆိုင်ရပြန်ပါတယ်။ အဲ့ဒီဆန္ဒပြပွဲတွေရဲ့ ဖိအားကြောင့်ပဲ ဖွဲ့စည်းပုံအခြေ ခံဥပဒေကို ပြင်ဆင်ပေးရပြီး ၁၉၈၈ခုနှစ်၊ ဖေဖော်ဝါရီမှာတော့ သမ္မတရာထူးကနေ ဆင်းပေးခဲ့ရပါတယ်။ ၁၉၈၈၊နိုဝင်ဘာလ ၁၁ ရက်မှာ ချန်ဒူးဝမ်ဟာ သူ့ရဲ့ လုပ်ရပ်တွေအတွက် ပြည်သူကို ဝန်ချတောင်းပန်ခဲ့ပြီး သူအာဏာရှိစဉ်က ရယူထားတဲ့ နိုင်ငံ့ဘဏ္ဍာငွေတွေကို ပြန်လည်ပေးဆပ်ပါမယ်လို့ ကတိပြုခဲ့ပါတယ်။ သမ္မတရာထူးက ဆင်းပေးပြီး နှစ်နှစ်အကြာမှာ ဖမ်းဆီးခံရပြီး နောက်ပိုင်းမှာ တရားစွဲဆိုခြင်းခံခဲ့ပါတယ်။ ၁၉၉၆ ခုနှစ်၊ သြဂုတ်လမှာတော့ တရားရုံးက ချန်ဒူးဝမ်ကို အကျင့်ပျက်ခြစားမှု၊ အာဏာဖီဆန်မှု၊နိုင်ငံတော်သစ္စာဖောက်မှု တွေနဲ့ သေဒဏ်ချမှတ်ခဲ့ပါတယ်။ အဲ့ဒီလို သေဒဏ်ချမှတ်ခဲ့ပေမယ့် ၁၉၉၇ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်နေ့မှာတော့အမျိုးသား ရင်ကြားစေ့ရေးအစီအစဉ်အရ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြစ်ဒဏ်ကနေ လွတ်မြောက်ခဲ့ ပါတယ်။
တောင်ကိုရီးယားအာဏာရှင် ချန်ဒူးဝမ်ရဲ့သမိုင်းဟာ မြန်မာနိုင်ငံနဲ့လည်း တစ်စိတ်တစ်ပိုင်း ဆက်စပ်နေတာကို တွေ့ရမှာပါ။ ၁၉၈၃ ခုနှစ်က သမ္မတချန်ဒူးဝမ်အနေနဲ့မြန်မာနိုင်ငံကို ချစ်ကြည်ရေးခရီး လာရောက်ခဲ့ပါတယ်။ အဲဒီချစ်ကြည်ရေးခရီးစဉ်အတွင်း အောက်တိုဘာ ၉ ရက်နေ့ မှာ ရန်ကုန်မြို့ရှိ အာဇာနည်ဗိမာန်မှာလွမ်းသူ့ပန်းခွေ ချချိန် မြောက်ကိုရီးယားနိုင်ငံရဲ့ ဗုံးခွဲလုပ်ကြံခြင်းကို ခံခဲ့ရပါတယ်။ဗုံးခွဲလုပ်ကြံမှုမှာ သမ္မတချန်ဒူးဝမ် အသက်ဘေးက လွတ်မြောက်ခဲ့ပေမဲ့ သူ့ရဲ့ဝန်ကြီးအဖွဲ့ဝင်တွေ အများအပြားသေဆုံးခဲ့ရပါတယ်။ ချန်ဒူးဝမ် လာရောက်လည်ပတ်ခဲ့တဲ့ အချိန်က မြန်မာနိုင်ငံမှာလည်း စစ်အာဏာရှင်ဦးနေဝင်း အုပ်စိုးနေချိန်ပါ။ ချန်ဒူးဝမ်ကမှ သေဆုံးချိန်မှာ သူ့ရဲ့ ဈာပနကို ကောင်းမွန်စွာပြုလုပ်ခွင့် ရပါသေးတယ်။ မြန်မာနိုင်ငံက အာဏာရှင်ကြီး ဦးနေဝင်းကတော့ သူသေဆုံးချိန်မှာ သူ့ရဲ့ဈာပနဟာ ဆွေမျိုး မိသဂ်ဟတွေ၊တပည့်သားမြေးတွေ တက်ရောက်ဖို့မဆိုထားနဲ့ သူ့ရဲ့မိသားစုဝင်တွေတောင် စုံလင်စွာ တက်ရောက်ခွင့် မရခဲ့ပါဘူး။ အာဏာရှင်တွေရဲ့ဇာတ်သိမ်းဟာ မလှပခဲ့ပါဘူးဆိုတာကို တွေ့ကြရမှာပါ။ သံဝေဂ ယူစရာ ကောင်းလှပါတယ်။
ချန်ဒူးဝမ်ဟာ စစ်ဗိုလ်ချုပ်ကြီးတစ်ဦးအနေနဲ့ အာဏာသိမ်းတယ်။အဲဒီကနေ သမ္မတဖြစ်လာတယ်။ အာဏာသိမ်းပြီး ၉ နှစ်အကြာမှာ နိုင်ငံနဲ့အဝှမ်းဆန့်ကျင်ဆန္ဒပြလို့ သမ္မတရာထူးကဆင်းပေးခဲ့ ရတယ်။ရာထူးကဆင်းပေးပြီးတဲ့နောက် အဖမ်းခံရ၊နောက်ပိုင်းမှာ တရားရားစွဲဆိုခြင်းခံရပြီး သေဒဏ်ပေးခံရ တယ်။အမျိုးသား ရင်ကြားစေ့ရေးအစီ အစဉ်အရ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်မြောက်လာခဲ့ပေမဲ့ သူ့ကို သမိုင်းနဲ့ပြည်သူတွေက ခုချိန်ထိ ခွင့်မလွှတ်ကြပါဘူး။ဒါအပြင် ချန်ဒူးဝမ်အာဏာရှိစဉ်က ရယူထားတဲ့ နိုင်ငံတော် ဘဏ္ဍာငွေတွေကို သူ့မိသားစုက ပြန်လည်ပေးဆပ်နေရဆဲပါ။၂၀၂၀ ဒီဇင်ဘာမှာ နိုင်ငံတော်ကိုပြန်လည်ပေးဆပ်ရန် ဝမ်ဘီလီယံ ၁၀၀ (အမေရိကန်ဒေါ်လာ ၈၄.၂ သန်း)ကျန်နေသေးတယ်လို့သိရပါတယ်။
ဒါနဲ့ပတ်သက်လို့ အာဏာရှင်တစ်ယောက်ရဲ့ဇာတ်သိမ်း၊တစ်နည်းအားဖြင့် ချန်ဒူးဝမ်ရဲ့ဖြစ်စဉ်တွေက ဘာသတင်းစကားများ ချန်ထားခဲ့ပါသလဲလို့ အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီရှိ Woodrow Wilson Center က သုတေသီ ဦးရဲမျိုးဟိန်းကို မေးကြည့်တော့ အခုလိုပြောပါတယ်။
"အာဏာရှင်တွေဟာ သူတို့အာဏာရဖို့အတွက် နည်းမျိုးစုံလုပ်ခဲ့တယ်။သူတို့အာဏာ တည်မြဲဖို့အတွက် နည်းမျိုးစုံလုပ်ခဲ့တယ်။ ချန်ဒူးဝမ်ဆိုရင် ကွမ်ဂျူးဒီမိုကရေစီ အရေးတော်ပုံကြီးကို ရက်ရက်စက်စက် ဖိနှိပ်သတ်ဖြတ်တာတွေလုပ်ခဲ့တယ်။နောက်ဆုံး ရဟတ်ယာဉ်ပါသုံးပြီးတော့ သတ်ဖြတ်တာတွေ လုပ်ခဲ့တယ်။ အဲဒီအာဏာရှင်တွေဟာ အသက်ရှင်နေတဲ့ ကာလအတွင်းမှာလည်း လူ့ဂုဏ်သိက္ခာနဲ့ အညီအသက်မရှင်နိုင် ဘူး။ ရှင်လျက်နဲ့သေနေတဲ့ လူလိုဖြစ်ခဲ့ရ တယ်။ချန်ဒူးဝမ်ကိုကြည့်မယ်ဆိုရင်လည်း နောက်ပိုင်းမှာ ပြစ်ဒဏ်တွေပြန်လည်ပေး ဆပ်ခဲ့ရ တယ်။ သူ့အနေနဲ့စာအုပ်ရေးတာ ကိုတောင်မှ လူထုက ဝိုင်းဝန်းကန့်ကွက်တာတွေ ရှိတယ်။အသက်ရှင်စဉ်မှာတင် မဟုတ်ဘူး၊သေသွားတဲ့အချိန်မှာလည်း သမိုင်းအရိပ်မည်းကြီးက သူ့နောက်ကပ်ပါနေမယ်။ သမိုင်းအရိပ်မည်းကြီးက ဖျောက်ဖျက်လို့ မရဘူး။အဲဒီတော့အာဏာရှင်တွေနဲ့ပတ်သက်ပြီးပြောရရင် အာဏာရှင်တွေဟာ ရှင်နေတဲ့အချိန်မှာလည်း သေလူလို ဖြစ်နေ တယ်။ေ သသွားတဲ့ အချိန်မှာလည်း သမိုင်းအရိပ်မည်းကြီး ကဖျောက်ဖျက်လို့မ ရဘူး။အမြဲတမ်းသူ့နောက်က အရိပ်မည်းကြီး ကပ်ပါနေမှာပဲလို့မြင်ပါတယ်။"
တချို့ကတော့ ချန်ဒူးဝမ်ဟာ ရက်စက် ကြမ်းကြုတ်စွာ အုပ်ချုပ်သွားတာ မှန်ပါတယ်။ဒါပေမဲ့ သူ့လက်ထက်မှာ တိုင်းပြည်စီးပွားရေး ဖွံ့ဖြိုးတိုးတက်ခဲ့ပါတယ်လို့ စောဒကတက်သူတွေလည်းရှိပါတယ်။ အဲဒီလို ယူဆသူတွေထဲမှာ သမ္မတလောင်းရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မယ့် Yoon Seok-youl လည်းပါဝင်ပါ တယ်။အဲဒီလိုပြောကြားမိလို့ တောင်ကိုရီးယားပြည်သူတွေရဲ့ ပြင်းထန်တဲ့တုန်ပြန်ဝေဖန်မှု ကိုခံရပါတယ်။ဒါကြောင့် သူ့ပြောစကားတွေအတွက် နောက်ပိုင်းမှာပြန်လည်တောင်းပန် ခဲ့ပြီး ကွမ်ဂျူးမြို့ကအမှတ်တရဂူဗိမာန်ကိုသွားခဲ့ပေမဲ့ ဒေသခံလူထုက လမ်းပိတ်ဆို့ထား လို့ သွားခွင့်မရခဲ့ပါဘူး။
ဒါကြောင့် အာဏာကို တရားသောနည်းနဲ့ မရယူဘဲ လက်နက်အားကိုးတဲ့နည်းလမ်း တနည်းအားဖြင့်စစ်တပ်အားကိုးနဲ့ အာဏာသိမ်းကာ ပြည်သူ့ဆန္ဒကို လစ်လျူရှုပြီး ပြည်သူတွေကို ညှင်းပန်းနှိပ်စက်သတ်ဖြတ်တဲ့ အာဏာရှင်တွေဟာ အသက်ရှင်စဉ်မှာ လည်း သေလူလို ဖြစ်ကြရပြီး လူတောမတိုးပါဘူး။ သေသွားခဲ့ရင်လည်း သားစဉ်မြေးဆက် သမိုင်းအရိပ်မည်းကြီးက ထပ်ကြပ်မကွာ လိုက်နေဦးမယ်ဆိုတာ စစ်အာဏာရှင်ဟောင်း ချန်ဒူးဝမ် ဖြစ်စဉ်တွေက အထင်အရှားပြသလို့နေပါပြီ။ သူများသားသင် ကိုယ့်သားတတ်ဆိုသလိုမျိုး သင်ခန်းစာယူနိုင်ကြပါစေခင်ဗျား။
--------------------------------------------------