သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

KIA နဲ့မြန်စစ်တပ် တနှစ်အတွင်း ပထမဆုံးအကြိမ် တိုက်ပွဲငယ်ဖြစ်ပွား


ကချင်ပြည်နယ် ဆင်ဘိုမြို့အနီးမှာ တနင်္လာနေ့က တပ်မတော်နဲ့ဖြစ်ပွားတဲ့ တိုက်ပွဲကြောင့် အရပ်သား ၂ဦး မိုင်းထိပြီး KIA ရဲဘော် ၂ယောက် ပျောက်ဆုံးနေကြောင်း KIA ပြောခွင့်ရသူက ပြောပါတယ်။ ဒါဟာ ဒီနှစ်အတွင်း ကချင်ပြည်နယ်မှာ ပထမဆုံး ဖြစ်ပွားတဲ့ တိုက်ပွဲဖြစ်ပြီး အဲဒီနောက်မှာတော့ ဆက်လက် ဖြစ်ပွားတာ မရှိကြောင်းလည်း ပြောပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေမြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

အစိုးရတပ်မတော်က ပြီးတဲ့နှစ် ဒီဇင်ဘာလက စတင်ပြီး အပစ်ရပ်ကြေညာခဲ့တဲ့နောက် ကချင်ပြည်နယ် အတွင်းမှာ တိုက်ပွဲတွေငြိမ်သက်နေခဲ့ရာက ဒီလ ၁၄ရက်နေ့မှာတော့ ပထမဆုံးအကြိမ် KIA ကချင်တပ်ဖွဲ့နဲ့ ထိတွေ့မှုဖြစ်ပွားခဲ့တာပါ။

တိုက်ပွဲဖြစ်ပွားခဲ့တဲ့အခြေအနေကို KIA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှုးကြီးနော်ဘူက အခုလို ပြောပါတယ်။

“ တပ်ရင်း၅ ကျနော်တို့ လှုပ်ရှားနယ်မြေထဲမှာ ကျနော်တို့ တပ်တွေကလည်း နယ်လှည့်သွားတဲ့အချိန်မှာ ပေါ့နော်။ ကျနော်တို့ဘက်က ဝန်ထမ်းတွေ ဖျားနေလို့ ရှေ့တန်းကာကင်းပေါ့။ post အဟောင်းထဲမှာ ခဏထားတယ်တဲ့ ။ ထားတဲ့အချိန်မှာ ဆင်ဘိုကလေ တပ်မတော်က ခလရ ၁၄၁ပေါ့။သူက ရွာသားတွေကို လမ်းပြခိုင်းပြီးမှ သွားဝိုင်းပြီးမှ ပစ်တယ်လို့ သတင်းတွေက အဲလို ထွက်ပါတယ်။ ကျနော်တို့ စုံစမ်းတာ အဲလို ရပါတယ်။ ဆိုတော့ ရွာသား ၂ဦးကတော့ ကျနော်တို့ လုံခြုံရေးမိုင်းပေါ့နော်။ ပေါက်ကွဲထိမှန်ပြီးတော့ ခုတော့ ဟို မြစ်ကြီးနား မပခ ဆေးရုံမှာ ဆေးရုံတက်တယ်ဆိုတဲ့သတင်းလည်း ဆက်ပြီးမှ စုံစမ်းရရှိပါတယ်ခင်ဗျ။”

ဆက်လက်ပြီး KIA ရဲဘော်တွေ ပျောက်ဆုံးနေကြောင်းလည်း အခုလို ပြောပါတယ်။

“ ကျနော်တို့ ဘက်က ဖျားနေတဲ့ တစ်ယောက်ကတော့ လွတ်မြောက်သွားပြီးမှ သူ့ကို ကြည့်နေတဲ့ ရဲဘော် ၂ဦးကတော့ အခုထက်ထိ ထွက်မလာဘူးလို့ သတင်းက အဲလို ရပါတယ်။ ဒါပေမဲ့ အဲဒီ ၂ယောက် ဘယ်ရောက်သွားလဲ လွတ်မြောက်သွားပြီလား။ တပ်မတော် သူတို့ လက်ထဲမှာ ရောက်သွားသလား ဆိုတာကတော့ အတိအကျခွဲခြားလို့ မရသေးဘူးခင်ဗျ။”

၁၄ရက်နေ့ နောက်ပိုင်းတိုက်ပွဲမရှိကြောင်းနဲ့ တိုက်ပွဲဖြစ်ပွားတာနဲ့ ပတ်သက်ပြီး လိုအပ်ရင် နှစ်ဘက် ဆွေးနွေးသွားမှာဖြစ်ကြောင်းဗိုလ်မှုးကြီးနော်ဘူက ပြောပါတယ်။

“ ဘာမှ မဖြစ်ဘူး။ အားလုံးက တည်တည်ငြိမ်ငြိမ်ပဲ ဖြစ်ပါတယ်။ အခု ဒီမနက်ပိုင်းမှ အောက်ခြေက သတင်းတွေ ဒီမနက်ပိုင်းမှ တက်လာလို့ လေ။ အခုဆက်ပြီးတော့ လိုအပ်လိုရှိရင်တော့ ဆွေးနွေးမှာပေါ့။ အခုလောလောဆည်တော့ မရှိသေးဘူးခင်ဗျ။”

တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှုး ဗိုလ်မှုးချုပ် ဇော်မင်းထွန်းကတော့ ထိတွေ့မှုသာ ဖြစ်ပွားကြောင်း နောက်ပိုင်း ထပ်မံမဖြစ်ကြောင်းအခုလို ပြောပါတယ်။

“ကျနော်တို့ ၁၄ရက်နေ့တုန်း ကလားမသိဘူး။ အဲဒီတုန်းက တစ်ရက်။ အဲဒီတစ်ခါပဲ ရှိတယ်။ အဲဒီဖြစ်စဉ် တစ်ခုပဲ ရှိပါတယ်။ ကျန်တဲ့ဟာတွေ မရှိပါဘူး။ အဲဒီ KIA ဆီက ၅ယောက်နဲ့ တပ်နဲ့ ထိတွေ့မှုဖြစ်တယ်။ သူတို့ ဆီက ၅ယောက်က တပ်က စစ်ကြောင်းလာတာကို ပစ်ခတ်တာရှိတယ်။ ၁၀မိနစ်လောက် ထိတွေ့မှုဖြစ်ပွားတာရှိတယ်။ တိုက်ပွဲလို့တောင် ခေါ်လို့ မရပါဘူး။ ထိတွေ့မှုခေါ်တယ်။ ခဏပဲ ဖြစ်ပွားတာရှိတယ်။ ကျန်တဲ့ရက်တွေမှာ ဖြစ်ပွားတာမရှိပါဘူး။”

ဒီလအတွင်းမှာတော့ KIA အပါအဝင်ဖြစ်တဲ့ မြောက်ပိုင်းမဟာမိတ်၄ဖွဲ့ နဲ့ အစိုးရအကြားမှာ နှစ်ဘက် အပစ်ရပ်ရေးအတွက် ဆက်လက်ဆွေးနွေးဖို့ ရှိနေပါတယ်။

ဒီရက်တွေအတွင်းမှာတော့ ရှမ်းပြည်နယ် မြောက်ပိုင်းနဲ့ ရခိုင်ပြည်နယ်အတွင်းမှာ တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေဆဲ ရှိနေပါတယ်။

..........................

{Unicode}














တိုက်ရိုက် လင့်ခ်


XS
SM
MD
LG