အမေရိကန်သမ္မတဂျိုးဘိုင်ဒန်၊ ဂျပန်ဝန်ကြီးချုပ် Fumio Kishida နဲ့ တောင်ကိုရီးယား သမ္မတ Yoon Suk Yeol တို့ဟာ အမေရိကန်နိုင်ငံ၊ မေရီလန်းပြည်နယ်က Camp David သမ္မတအပမ်းဖြေစခန်းမှာ ပထမဆုံးအကြိမ်အဖြစ် သမိုင်းဝင်တွေ့ဆုံခဲ့ကြပြီး လုံခြုံရေးနဲ့ စီးပွါးရေးပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်နိုင်ခဲ့တယ်လို့ သမ္မတဘိုင်ဒန်က ဆွေးနွေးပွဲအပြီး ပူးတွဲ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
"ဒီကနေ့ထူးခြားတာက ကျနော်တို့ တနိုင်ငံနဲ့တနိုင်ငံကြား တရားဝင်အပြောင်းအလဲတွေ ဖြစ်စေမယ့်လုပ်ဆောင်ချက်တွေ အများအပြားလုပ်ဆောင်နိုင်တာပါ။ လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုတွေ၊ စီးပွါးရေး၊ နည်းပညာ၊ တိုးတက်ဖွံ့ဖြိုးမှုဆိုင်ရာတွေမှာ ပူးပေါင်းဆောင်ရွက်မယ့်အပြင် အကြံဉာဏ်ယူလုပ်ဆောင်ဖို့ပါ ပါဝင်ပါတယ်။"
ဒီလုပ်ဆောင်မှုတွေကနေ ရှေ့မှာ ၃ နိုင်ငံဆက်ဆံရေး ပိုမိုခိုင်မာလာဖို့ရှိတဲ့ အကြောင်း ပြောသွားတာပါ။ ၃ နိုင်ငံကြား အရေးပေါ်ဆက်သွယ်ရေးလမ်းကြောင်းထားရှိပြီး အန္တရာယ်ခြိမ်းခြောက်မှုဆိုင်ရာ တုံ့ပြန်ဆောင်ရွက်ရေးတွေကို ဆွေးနွေးမှာဖြစ်ကြောင်းလည်း ပြောပါတယ်။ ခေါင်းဆောင် ၃ ဦး ရဲ့ ဆွေးနွေးပွဲကနေ ရလာတဲ့သဘောတူညီချက်ထဲမှာ သူတို့ရဲ့ Camp David အခြေခံသဘောတရားတွေပါ ပါဝင်ကြောင်းလည်း ပြောပါတယ်။
ခေါင်းဆောင် ၃ ဦးရဲ့ ပူးတွဲကြေညာချက်ထဲမှာတော့ အမေရိကန်၊ ဂျပန်နဲ့ တောင်ကိုရီးယား ၃ နိုင်ငံ လုံခြုံရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုရဲ့ ရည်ရွယ်ချက်ဟာ ဒေသတလွှား ငြိမ်းချမ်းရေးနဲ့တည်ငြိမ်ရေး တိုးတက်လာစေဖို့ဖြစ်ကြောင်းလည်း ဖေါ်ပြထားပါတယ်။
ဒါ့အပြင် ပစိဖိတ်ဒေသတွင်း ခြိမ်းခြောက်မှု ဒါမှမဟုတ် လုံခြုံရေးဆိုင်ရာပြဿနာတခုခု ဖြစ်လာခဲ့ရင် ၃ နိုင်ငံကြား တိုင်ပင်ဆွေးနွေးမယ့်ဝတ္တရားရှိကြောင်းလည်း သဘောတူညီချက်အသစ်ချမှတ်ခဲ့ကြတာဖြစ်ပါတယ်။ အခုလို တိုင်ပင်ဆွေးနွေးမှုနဲ့အတူ အချက်အလက်တွေ မျှဝေမှုပါ လုပ်ဆောင်မှာလည်း ဖြစ်ပါတယ်။