ဂါဇာမှာရှိတဲ့ Al-Shifa ဆေးရုံကို အစ္စရေးစစ်သားတွေက ဒီနေ့(နိုဝင်ဘာ ၁၅) အစောပိုင်းက ဝင်ရောက်စီးနင်းခဲ့ပြီးနောက် ဟာမတ်စ်စစ်သွေးကြွတွေကို ရှာဖွေနေပါတယ်။
“ထောက်လှမ်းရေးအချက်အလက်နဲ့ စစ်ဆင်ရေးဆိုင်ရာ လိုအပ်ချက်အရ အစ္စရေး တပ်ဖွဲ့တွေဟာ Al-Shifa ဆေးရုံက ဟာမတ်စ်တွေကို ပစ်မှတ်ထားတဲ့ စစ်ဆင်ရေး လုပ်ဆောင်နေပါတယ်” လို့ အစ္စရေး ကာကွယ်ရေးတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားသလို၊ ဟာမတ်စ်တိုက်ခိုက်ရေးသမားတွေ အားလုံးကိုလည်း လက်နက်ချဖို့ တိုက်တွန်းခဲ့ပါတယ်။
အရပ်သားတွေ ထိခိုက်မှုမရှိဖို့ ရည်ရွယ်ပြီး ဆေးဘက်ဆိုင်ရာအဖွဲ့တွေ၊ အာရပ်စကား ပြောဆိုတတ်သူတွေပါဝင်တဲ့ လေ့ကျင့်မှုတွေကို လုပ်ပြီးမှ ဝင်ရောက်စီးနင်းတာလို့ အစ္စရေးကာကွယ်ရေးတပ်ဖွဲ့က ပြောပါတယ်။ ဂါဇာကျန်းမာရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ Munir al-Bursh ကလည်း ဆေးရုံရဲ့ အနောက်ဘက်ခြမ်းကို အစ္စရေးတပ်ဖွဲ့တွေက ဝင်ရောက်စီးနင်းခဲ့ကြောင်း Al Jazeera ရုပ်သံကို ပြောပါတယ်။
ဟာမတ်စ်တွေဟာ ဒီဆေးရုံကို အကာအကွယ်ယူပြီး တိုက်ခိုက်နေတယ်လို့ အစ္စရေးဘက်က အစောပိုင်းက ပြောဆိုထားတာပါ။ အမေရိကန် အမျိုးသားလုံခြုံရေး ပြောရေးဆိုခွင့်ရှိသူ John Kirby ကလည်း ဟာမတ်စ်နဲ့ ပါလက်စတိုင်း အစ္စလာမ်မစ် ဂျီဟတ်အဖွဲ့ဝင်တွေဟာ Al-Shifa ဆေးရုံကနေ အမိန့်ပေးကွပ်ကဲမှုတွေကို လုပ်ဖို့နဲ့ ဓားစာခံတွေကို ဖမ်းဆီးထိန်းသိမ်းဖို့အတွက် မြေအောက်ဥမင်လှိုဏ်ခေါင်းတွေကို အသုံးပြုခဲ့တယ်လို့လည်း ပြောပါတယ်။