ဂါဇာကမ်းမြောင်က Al-Shifa ဆေးရုံအတွင်း ပိတ်မိနေသူတွေကို အကာကွယ်ပေးဖို့ အမေရိကန်သမ္မတ Joe Biden က တောင်းဆိုနေချိန်မှာပဲ အဲဒီဆေးရုံထဲမှာ သေဆုံးသွားတဲ့ အရေးပေါ်လူနာ ၁၈၀ နီးပါးကို အစုလိုက် အပြုံလိုက် မြှုပ်နှံလိုက်ရတယ်လို့ ဆေးရုံအကြီးအကဲက ပြောပါတယ်။
ဒီဆေးရုံဟာ ဟာမတ်စ်အဖွဲ့ရဲ့ ဌာနချုပ်အပေါ်မှာ ရှိနေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အစ္စရေးတပ်ဖွဲ့တွေက လက်ရှိမှာ ဆေးရုံကိုဝိုင်းထားပြီး လေကြောင်းကပါ တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တာကြောင့် ဆေးရုံအတွင်း လူနာအများအပြား ပိတ်မိနေပြီး လူနာတွေကို ကုသပေးဖို့ ဆေးဝါးနဲ့ တခြားအရေးပေါ်ပစ္စည်းတွေ မလုံလောက်မှုနဲ့ ရင်ဆိုင်နေရပါတယ်။ အစ္စရေးရဲ့ စွပ်စွဲ ပြောဆိုချက်ကို ပါလက်စတိုင်း ဟာမတ်စ်အဖွဲ့က ငြင်းဆိုထားပါတယ်။
သေဆုံးပြီး ပုပ်ပွနေတဲ့အလောင်းတွေကထွက်လာနဲ့ အနံ့ဆိုးတွေက ဆေးရုံတခုလုံး ပြန့်နှံ့နေပေမယ့် အရင်ရက်တွေကထက်စာရင် ညဘက်ဖြစ်ပွားတဲ့ တိုက်ပွဲတွေနဲ့ လေကြောင်းတိုက်ခိုက်မှုတွေတော့ အရှိန်လျော့သွားတယ်လို့ ဆိုပါတယ်။ မနေ့ နိုဝင်ဘာ ၁၃ ရက်နေ့တုန်းကတော့ ဒီ Al-Shifa ဆေးရုံကို ကာကွယ်ရမှာဖြစ်ကြောင်းနဲ့ အထိအခိုက်နည်းတဲ့နည်းနဲ့ ဆောက်ရွက်လိမ့်မယ်ဆိုတာက ကျနော့်ရဲ့ မျှော်လင့်ချက်ဖြစ်ပါတယ်လို့ သမ္မတ Joe Biden အိမ်ဖြူတော်မှာ ပြောကြားခဲ့ပါတယ်။