သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးနဲ့ ဆက်သွယ်ပြောဆိုမှု CRPH အတည်ပြု


CRPH (ဓာတ်ပုံ - Committee Representing Pyidaungsu Hluttaw - CRPH's website)
CRPH (ဓာတ်ပုံ - Committee Representing Pyidaungsu Hluttaw - CRPH's website)

[Zawgyi/Unicode]

အာဆီယံအဖွဲ့အနေနဲ့ ပဋိညာဉ်စာတမ်းပါ မူအတိုင်းရပ်တည်ပေးဖို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ CRPH က အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးကို ပြောခဲ့တယ်လို့ CRPH ကော်မတီဝင် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ဗွီအိုအေကိုပြောပါတယ်။ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးက သူ မြန်မာပြည်လာမယ့်အပေါ် သဘောထားကို CRPH ကိုမေးမြန်းခဲ့ပြီးတဲ့နောက် ခရီးစဉ်ကို ဖျက်သိမ်းခဲ့တာလို့လည်း ပြောပါတယ်။ အပြည့်အစုံကိုတော့ ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုဇော်ထက်က ပြောပြပေးမှာပါ။

မြန်မာ့အရေးကို ဝင်ပြီး ဖြေရှင်းပေးဖို့ ကြိုးစားနေတဲ့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဟာ ကနဦး စီစဉ်ထားတဲ့ မြန်မာပြည်ခရီးစဉ်မတိုင်ခင် ဖေဖော်ဝါရီ ၂၃ ရက်မှာ ကုလသမဂ္ဂအထူးသံတမန်ကတဆင့် အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးဌာန အရာရှိချုပ်က ဆက်သွယ်ပြီး ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ CRPH ရဲ့ သဘောထားကို တောင်းခံခဲ့တာပါ။

မြန်မာ့ နိုင်ငံရေးအကြပ်အတည်းမှာ အင်ဒိုနီးရှားနိုင်ငံအနေနဲ့ အာဆီယံ ပဋိညာဉ်ပါ မူတွေအတိုင်း ရပ်တည်ပေးဖို့ မျှော်လင့်ကြောင်း CRPH ဘက်က တုံ့ပြန်လိုက်ပြီးတဲ့နောက် အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဟာ သူ့ရဲ့ မြန်မာပြည်ခရီးစဉ်ကို ဖျက်သိမ်းလိုက်တာဖြစ်ကြောင်း CRPH ကိုယ်စားလှယ်တဦးဖြစ်တဲ့ ဦးလွင်ကိုလတ်က ဗွီအိုအေကို ပြောပါတယ်။

“သူတို့ နိုင်ငံခြားရေးရုံး အကြီးအကဲက ဖုန်းလှမ်းဆက်တာပါ။ ကျနော်တို့ဘက်က ပြောလိုက်တာကတော့ ဒီအစိုးရက unconstitutionally ပေါ့... coup (အာဏာသိမ်း) လုပ်ထားတာဖြစ်တယ်ပေါ့။ ဒါကြောင့် အာဆီယံ charter နဲ့လည်း မညီဘူးပေါ့နော်။ ဒါကြောင့် အာဆီယံ charter အတိုင်းပဲ ရပ်တည်ပေးဖို့ အဓိက ကျနော်တို့ ပြောခဲ့တာပါ။ မြန်မာနိုင်ငံကို လာမယ့်ခရီးစဉ်တော့ ပျက်သွားတယ်ပေါ့နော်။ ပျက်သွားပြီးတော့ ထိုင်းဘက်မှာ သွားတွေ့တဲ့ အနေအထားမျိုးရှိတယ်။ ကျနော်တို့အနေနဲ့က ပြောရလို့ရှိရင် အာဆီယံအနေနဲ့တော့ လက်ရှိ အာဏာသိမ်းထားတဲ့ စစ်ကောင်စီကို ကျနော်တို့က ကျဉ်ထားစေချင်တယ်။ ဒါက ကျနော်တို့ ခိုင်ခိုင်မာမာ ပြောတာပေါ့နော်။”

အဲဒီနောက် ဖေဖော်ဝါရီ ၂၄ ရက်မှာ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး Retno Marsudi ဟာ စစ်တပ်ဖွဲ့စည်းထားတဲ့ အုပ်ချုပ်ရေးကောင်စီက ခန့်အပ်ထားတဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နဲ့ ထိုင်းနိုင်ငံမှာတွေ့ဆုံခဲ့ပါတယ်။ ဒီတွေ့ဆုံမှုအပေါ်မှာ ဝေဖန်မှုတွေရှိခဲ့ပြီး အင်ဒိုနီရှားနိုင်ငံခြားရေးဌာနဘက်ကတော့ ဒါဟာ ကြိုတင်စီစဉ်ထားတဲ့ တွေ့ဆုံမှုမဟုတ်ကြောင်း CRPH ကို အကြောင်းပြန်ခဲ့တယ်လို့ ဆိုပါတယ်။

“ထိုင်းမှာ တွေ့ဆုံပြီးတဲ့နောက်ပိုင်းတော့ ကျနော်တို့ဘက်ကလည်း ဒီတွေ့ဆုံမှုနဲ့ပတ်သက်ပြီး ဘယ်လိုတွေ့ဆုံတာလဲဆိုတော့ သူတို့ဘက်က ပြောတာကတော့ သူတို့ နိုင်ငံခြားရေးဝန်ကြီး အစည်းအဝေးထဲမှာတော့ မပါပါဘူး။ ဒီဥစ္စာက အောက်ကိုရောက်တဲ့အခါမှာ အောက်မှာက တွေ့ဖို့ စီစဉ်ပြီးသားဖြစ်လို့ အလွတ်သဘော တွေ့တဲ့သဘောမျိုးလို့ ကျနော်တို့ကို အကြောင်းပြန်သွားတာ ရှိပါတယ်။”

အာဆီယံအနေနဲ့ လက်ရှိမြန်မာ့အရေးကို ကိုင်တွယ်တာမမှန်ရင် ဝေဖန်မှုတွေနဲ့ ဆက်ပြီးရင်ဆိုင်ရနိုင်တယ်လို့ လူ့အခွင့်ရေး ကာကွယ်စောင့်ရှောက်သူများဖိုရမ် (HRDF) ဥက္ကဋ္ဌ ဦးအောင်ဇော်ဦးက ဗွီအိုအေကို ပြောပါတယ်။

“အာဆီယံအတွက်လည်း အရှက်ရစရာလည်း ဖြစ်တယ်။ ဒီကိစ္စမှာသူတို့ ကိုင်တွယ်မှုတွေ မှားမယ်ဆိုရင်တော့ အာဆီယံအတွက်လည်း မကောင်းသလို၊ ကျနော်တို့ မြန်မာနိုင်ငံရဲ့ ရှေ့အလားအလာပေါ့.. အာဆီယံထဲမှာ သွားမယ့်ကိစ္စတွေဟာလည်း ကမ္ဘာ့ရဲ့ အမြင်တွေမှာလည်း မကောင်းနိုင်ပါဘူး။ UN တို့၊ EU တို့၊ အမေရိကန်တို့။”

အာဆီယံနိုင်ငံတွေအနေနဲ့ မြန်မာ့နိုင်ငံရေးကို သုံးသပ်၊ ဖြေရှင်းပေးတာမှာ မှားယွင်းတဲ့ပုံစံရှိပြီး ဒါကိုလူထုက လက်ခံမှာမဟုတ်သလို လူထုရဲ့ နိုင်ငံရေးရေချိန် မြင့်တက်လာတဲ့အပေါ်မှာ အာဆီယံက သတိထား ကိုင်တွယ်ရလိမ့်မယ်လို့ ဦးအောင်ဇော်ဦးက ဆက်ပြောပါတယ်။

“လူထုကလည်း ဒီကိစ္စကြီးက သူတို့မဲပေးထားတဲ့ဟာကြီးကို သက်သက်မဲ့ အရှက်ခွဲလိုက်တာလည်း ဖြစ်သလို၊ အခွင့်အရေး ချိုးဖောက်လိုက်တာလည်း ဖြစ်တယ်ဆိုတော့ လူငယ်တွေရဲ့ အုံကြွမှုကလည်း ကြီးလာတဲ့အချိန်ကျတော့ အာဆီယံကလည်း မနေသာလောက်ဘူး။ ဒီကိစ္စမှာ သူတို့ ပါးပါးနပ်နပ်နဲ့ လက်ဝင်လျှိုမှရမယ်။ အရင်လို မျက်နှာလွှဲခဲပစ်နေတဲ့ပုံစံ နေလို့မရသလို၊ သူတို့ဝင်ပါရင်တောင်မှ လူထုကျေနပ်လောက်တဲ့ အတိုင်းအတာအထိ ဝင်ပါမှ လက်ရှိသွားနေတဲ့ လူထုကလည်း လက်ခံနိုင်မှာပါ။”

၂၂၂၂၂ လူထုလှုပ်ရှားမှုနေ့က မြန်မာတနိုင်ငံလုံးမှာ ဆန္ဒပြသူဦးရေ သန်းနဲ့ချီရှိခဲ့တာပါ။ အဲဒီနောက်ပိုင်း ရက်တွေမှာလည်း ဆန္ဒပြသူတွေက အမေရိကန်၊ အီးယူ၊ ကုလသမဂ္ဂ၊ ဂျပန်၊ ရုရှား၊ တရုတ်၊ အင်ဒိုနီးရှား၊ ထိုင်း စတဲ့ နိုင်ငံတကာသံရုံးတွေရှေ့မှာ ဆက်ပြီးဆန္ဒပြကြပေမဲ့ ရဲအင်အား အမြောက်အများနဲ့ တားဆီးပိတ်ဆို့တာတွေ လုပ်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]













XS
SM
MD
LG