စစ်တပ်အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံမှာ လက်နက်ကိုင်တိုက်ပွဲနဲ့ နယ်မြေမတည်ငြိမ်လို့ အခုချိန်ထိ ထွက်ပြေးတိမ်းရှောင် နေရသူတွေထဲ ကလေးငယ်တွေလည်း အတော်များများ ပါဝင်ပါတယ်။ ကလေးငယ်တွေဟာ သူတို့ရဲ့ ပညာသင်ကြားခွင့် အပါအဝင် အခြေခံရပိုင်ခွင့်တွေ အားလုံးနီးပါး ဆုံးရှုံးနေရပြီး အရွယ်ရောက်ပြီးသူတွေထက် အကူအညီတွေလည်း ပိုလိုအပ်နေတာပါ။ စစ်ဘေးအတွင်းက ကလေးငယ်တွေအကြောင်း သတင်းပေးပို့ထားပါတယ်။
မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပွားနေတဲ့ အကျပ်အတည်းကာလ နှစ်နှစ်နီးပါး ကြာမြင့်ချိန်မှာ လူသားချင်းစာနာ ထောက်ထားရေး အကူအညီတွေ ရရှိနိုင်ဖို့ အရေးတကြီး လိုအပ်လာပြီး အကူအညီ လိုအပ်နေကြတဲ့ ကလေးငယ်ပေါင်း ၅ သန်းကျော် ရှိနေတယ်လို့ ကုလသမဂ္ဂ ကလေးများ ရံပုံငွေအဖွဲ့ UNICEF က ထုတ်ပြန်ထားပါတယ်။ ဒေသတွင်း မတည်ငြိမ်မှုတွေကြားမှာ နေအိမ်စွန့်ပြီး ကြုံရာကျပန်း ထွက်ပြေးနေရတဲ့ အထဲမှာ ကလေးငယ်တွေလည်း ပါဝင်နေတာပါ။ စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်မှာလည်း ရွာတွေထဲ စစ်ကြောင်းထိုးလာရင် စစ်ရှောင်သူဦးရေက ၅ ထောင်ဝန်းကျင်မှာ ရှိနေပြီး အဲဒီထဲမှာ မွေးကင်းစနဲ့ လသားအရွယ် ကလေးငယ်တွေပါ ပါဝင်နေတယ်လို့ ယင်းမာပင်က စစ်ဘေးရှောင်တွေကို ကူညီပေးနေတဲ့ ဆရာတော်တစ်ပါးက မိန့်ပါတယ်။
"ကလေးတွေရဲ့ အခြေအနေကလည်း တခါတလေဆို ၄၊ ၅ လသားလေးတွေ စစ်ရှောင်ထဲပါတယ်။ မွေးကာစ ကလေးငယ်တွေလည်း တွေ့နေရတယ်။ ကျန်းမာရေးတွေ ဘာတွေအတွက် သူတို့အတတ်နိုင်ဆုံး နီးစပ်ရာ ဆရာ၊ ဆရာမလေးတွေနဲ့ ကုသရင်းနဲ့ပဲ စစ်ဘေးရှောင်နေရတာပါ။ စစ်ကြောင်းတွေကတော့ လာလိုက်၊ ထွက်လိုက်ပေါ့နော်။ အဓိက ပြည်သူ့ကျန်းမာရေး ဆိုတော့ ဆေးရုံ၊ ဆေးခန်းတွေဖွင့်ဖို့ ကြိုးစားချင်တယ်။ နောက်ပြီးတော့ ဒီဆေးရုံ၊ ဆေးခန်းတွေမှာ လိုအပ်တဲ့ ဆေးဝါးတွေကို လှူဒါန်းပေးကြဖို့၊ အကူအညီတွေရဖို့ လိုတယ်ပေါ့။"
ကလေးငယ်တွေ အပါအဝင် စစ်ရှောင်သူတွေအတွက် ကျန်းမာရေးကဏ္ဍက အဓိက အရေးကြီးနေပြီး သူတို့ကို အခြေခံ ကျန်းမာရေး စောင့်ရှောက်နိုင်ဖို့ကို ကြိုးပမ်းနေရတုန်းပါ။ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့အနီးမှာလည်း ဇန်နဝါရီလ ၂၀ ကနေ ၂၆ ရက်နေ့အထိ စစ်ကောင်စီနဲ့ ဒေသခံတော်လှန်ရေး အင်အားစုတွေကြား တိုက်ပွဲဖြစ်ခဲ့ပါတယ်။ အဲဒီ ၆ ရက်တာ တိုက်ပွဲအတွင်းမှာ ဒေသခံ ၂ သောင်းနီးပါးလည်း ဘေးလွတ်ရာ ထွက်ပြေးခဲ့ရပြီး တချို့ကတော့ သူတို့ရဲ့ နေအိမ်တွေဆီ ပြန်နိုင်တာလည်း ရှိနေပြီလို့ ကူညီပေးသူတွေက ပြောပါတယ်။
စစ်ရှောင်လာသူတွေ အရေးပေါ် စားသောက်နေထိုင်ဖို့ အတွက် ဘုန်းကြီးကျောင်းတွေမှာ နေရာထိုင်ခင်း ပြင်ဆင်ပေးထားပြီး ကျောက်တောင်နဲ့ ကော့ပလိုင်ဆီ ရောက်လာတဲ့ စစ်ရှောင်တွေထဲမှာတော့ ကလေးငယ်တွေ အတော်များများ ပါဝင်တယ်လို့ ကူညီပေးနေသူတဦးက ပြောပါတယ်။
"ကလေးတွေကတော့ ကျောက်တောင်မှာ ၂၀၀ ဝန်းကျင်၊ ဘုန်းကြီးကျောင်းမှာက အယောက် ၁၀၀ ကျော်၊ ကော့ပလိုင်မှာ အယောက် ၁၀၀ ကျော်။ စစ်ရှောင်ကလေးတွေထဲမှာ မိန်းကလေးတွေ များတယ်။ ယောကျ်ားလေးတွေတော့ သိပ်မရှိဘူး။ ဒီစစ်ရှောင်တွေက ထိသွားတဲ့အိမ်တွေ၊ မီးလောင်သွားတဲ့ အိမ်တွေကိုတော့ ဒီ ၁ရက်၊ ၂ ရက်အတွင်းမှာ ထောက်ပံ့ပေးမယ်ပေါ့။"
ကမ်းနီရွာကနေ ရောက်လာသူ တချို့ကတော့ နေအိမ်ဆီ ပြန်နေကြပြီး၊ ကော့ဘိန်းရွာ ပတ်လည်မှာတော့ ပစ်ခတ်သံတွေ ကြားနေရတုန်းပဲလို့ ပြောပါတယ်။ မြန်မာနိုင်ငံတွင်း ကြုံနေရတဲ့ ပြည်တွင်းပဋိပက္ခတွေကြောင့် ကလေးငယ်တွေနဲ့ သူတို့မိသားစုတွေ ထိခိုက်နစ်နာမှု ရှိနေပြီး၊ မြန်မာကလေးငယ် ၅ ဒဿမ ၆ သန်းလောက်ဟာ လူသားချင်းစာနာမှု အကူအညီတွေ လိုအပ်နေတယ်လို့ UNICEF က ပြောထားပါတယ်။ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံး UNOCHA ကလည်း စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံတဝှမ်း အိုးအိမ်စွန့်ခွာ တိမ်းရှောင်ကြသူပေါင်း ၁ ဒဿမ ၁ သန်းကျော် ရှိတယ်လို့ ပြောပါတယ်။
{Unicode}