မကြာသေးခင်က တိုက်ခတ်ခဲ့တဲ့ အင်အားပြင်း ဆိုင်ကလုန်းမုန်တိုင်း မိုခါကြောင့် ရခိုင်ပြည်နယ်အတွင်း မုန်တိုင်းဒဏ်သင့်ပြည်သူတွေရဲ့ နေအိမ်တွေ အကြီးအကျယ်ပျက်ဆီးခဲ့ပြီး နေရာထိုင်ခင်းတွေ အများအပြားလိုအပ်နေတဲ့အကြောင်း ကိုယ်တိုင် သွားရောက်ကြည့်ရှုခဲ့တဲ့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနိုင်းရေးရုံး UNOCHA မြန်မာနိုင်ငံဆိုင်ရာ အကြီးအကဲ Danielle Parry (ဒါညန်လ် ပယ်ရီ) က တွစ်တာလူမှုကွန်ယက်ကနေ ပြောဆိုပါတယ်။
ရခိုင်ပြည်နယ် စစ်တွေမြို့နယ်အတွင်း ဒုက္ခသည်စခန်းတွေကို သွားရောက်ခဲ့တဲ့အကြောင်းနဲ့ မုန်တိုင်းဒဏ် လွတ်တဲ့အိမ် မရှိလောက် ပျက်ဆီးခဲ့ပြီး၊ ယာယီအမိုးအကာတွေနဲ့ ဖြစ်သလို နေနေရတာကြောင့် နေရာထိုင်ခင်း အရေးပေါ် အကူအညီတွေပေးဖို့ လိုအပ်နေတဲ့အကြောင်း Danielle Parry (ဒါညန်လ် ပယ်ရီ) ပြောဆိုသွားတာပါ။
မိုခါမုန်တိုင်းကြောင့် ရခိုင်ပြည်နယ်အတွင်း ရသေ့တောင်၊ စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ ပေါက်တောနဲ့ မြောက်ဦးမြို့နယ် တွေဟာ မုန်တိုင်းဒဏ် အဓိကခံခဲ့ကြရပြီး ရသေ့တောင်မြို့နယ်ဟာ ထိခိုက်ပျက်စီးမှုအများဆုံးဖြစ်ပြီးတော့ နေအိမ် အဆောက်အဦး ၉၀ ရာခိုင်နှုန်းလောက် ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ ဒေသခံတွေက VOA ကိုပြောဆိုပါတယ်။ နိုင်ငံတကာ အကူအညီတွေ အားနည်းပြီး အရေးပေါ် အကူအညီတွေ လိုအပ်နေတာကြောင့် ဝိုင်းဝန်းပံ့ပိုးဖို့ ဒေသခံ လူထုအခြေပြု အဖွဲ့အစည်းတွေနဲ့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေကလည်း တိုက်တွန်းနေပါတယ်။
UNOCHA ရုံး မြန်မာနိုင်ငံဆိုင်ရာ အကြီးအကဲ Danielle Parry (ဒါညန်လ် ပယ်ရီ) ဟာ မုန်တိုင်းဒဏ် အကြီးအကျယ်ခံခဲ့ရတဲ့ ရိုဟင်ဂျာ ဒုက္ခသည်စခန်းကိုလည်း မကြာခင်က သွားရောက်ခဲ့ပြီး WFP ကုလသမဂ္ဂ စားနပ်ရိက္ခာ အစီအစဉ်ရဲ့ ထောက်ပံ့ကူညီမှုတွေ ပေးနေတဲ့အခြေအနေနဲ့ ဒုက္ခသည်တွေရဲ့ လိုအပ်ချက်တွေကို သွားရောက်လေ့လာခဲ့ပါတယ်။
မိုးရာသီ ကျရောက်တော့မယ့်အချိန် သိပ်နီးကပ်နေတဲ့အတွက် ဒုက္ခသည်တွေအတွက် အချိန်မှီ အမိုးအကာတွေ ကူညီပေးနိုင်ရေးလိုအပ်နေတဲ့အကြောင်း တွစ်တာ လူမှုကွန်ယက်မှာ ပြောဆိုထားပါတယ်။ မိုခါမုန်တိုင်းကြောင့် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ လူနေအိမ် တသိန်းရှစ်သောင်းကျော်၊ သာသနိကအဆောက်အအုံနဲ့ ဘုန်းကြီးကျောင်း ၁၇၀၀ ကျော်နဲ့ စာသင်ကျောင်း ၁၄၀၀ နီးပါး ပျက်ဆီးခဲ့တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ခဲ့ပါတယ်။