မိုခါမုန်တိုင်းဒဏ် ဆိုးဆိုးဝါးဝါးခံထားရတဲ့ ရခိုင်မြောက်ပိုင်းက စစ်တွေအပါအဝင် မြို့နယ် ၈ ခုလောက်မှာ ဒီကနေ့အထိ လျှပ်စစ်မီးတွေ ပြန်မရသေးတာကြောင့် ဒေသခံတွေ အတော်လေး အခက်ကြုံနေကြပါတယ်။ လျှပ်စစ်မီး ပြန်လည်ရရှိရေး ဆောင်ရွက်နေပါတယ်လို့ စစ်ကောင်စီဘက်က ပြောပါတယ်။ ဒီအကြောင်း သတင်းပေးပို့ချက်ကို အခြေခံပြီး ကိုရန်နိုင်တင်ပြပေးပါမယ်။
မေလ ၁၄ ရက်က တိုက်ခတ်ခဲ့တဲ့ မိုခါမုန်တိုင်းကြောင့် ရခိုင်မြောက်ပိုင်းမှာ နေအိမ်အဆောက်အဦး ၂၄၀၀၀၀ ကျော်ပျက်စီးခဲ့သလို လူပေါင်း သန်းနဲ့ချီ မုန်တိုင်းဒဏ် ခံခဲ့ကြရပါတယ်။ မုန်တိုင်းကြောင့် ရခိုင်မြောက်ပိုင်းက ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင် ဘူးသီးတောင် မောင်တောနဲ့ စစ်တွေမြို့နယ်တွေမှာ ဒီနေ့အထိ ၂၄ နာရီပါတ်လုံး လျှပ်စစ်မီးတွေ ပြတ်တောက်နေပါတယ်။ မင်းပြားဒေသခံ ရုံးဝန်ထမ်း မငုဝါချေက လျှပ်စစ်မီးမရတာကြောင့် အခက်အခဲတွေဖြစ်နေတာကို ခုလိုပြောပြပါတယ်။
“လောလောဆယ်တော့ မီးမရသေးဘူးပေါ့နော်။ မီးမရတဲ့အတွက် မီးစက်ရှိတဲ့ အိမ်တွေမှာ သွားပြီးတော့ အခကြေးငွေပေးပြီးတော့ သွားဖြည့်ရတယ်။ ဈေးနှုန်းကတော့ ဖုန်းတလုံးအားဖြည့်ရင် ၇၀၀ ပေးရတယ်၊ Power bank တလုံးဆိုရင် ၁၀၀၀ ပေးရတယ်၊ ဖြည့်တဲ့နေရာမှာလည်း ပိုက်ဆံပေးဖြည့်တယ်ဆိုပေမယ့် အခက်အခဲတွေတော့ရှိတယ်။ ကိုယ်လိုချင်တဲ့အချိန် ဖြည့်လို့မရဘူး သူတို့ မီးစက်နှိုးတဲ့အချိန်မှသွားဖြည့်ရတာဆိုတော့ အလုအယက်ဖြည့်ရတာတွေရှိတယ်၊ လုပ်ငန်းပိုင်ဆိုင်ရာတွေမှာလည်း မီးမရတဲ့အတွက် အခက်အခဲတွေတော့ ရှိပါတယ်။”
ရခိုင်ပြည်နယ်ရဲ့ မြို့တော်ဖြစ်တဲ့ စစ်တွေမြို့မှာလည်း ဒီကနေ့ အထိ လျှပ်စစ် မီးမရသေးတာကြောင့် မြို့ပေါ်နေ ဒေသခံတွေအတွက် တော်တော်လေး အခက်ကြုံနေ ရတယ်လို့ စစ်တွေဒေသခံတဦးဖြစ်တဲ့ ကိုအောင်ထိန်ကပြောပါတယ်။
“ မုန်တိုင်းတိုက်ပြီးတဲ့ နောက်ပိုင်းက စလို့ လျပ်စစ်မီး မရတော့ဘူး၊ အခုခေတ်မှာ လျှပ်စစ်မီးက လူတယောက်ရဲ့ နေ့စဉ်ဘဝမှာ အဓိကအရေးပါတဲ့ အပိုင်းမှာရှိတယ်။ အဲလို အခြေအနေမှာ လျှပ်စစ်မီးကမရတော့ လုပ်ငန်းခွင်တွေမှာ တော်တော်လေးအခက်ကြုံရတယ်၊ ပုံမှန်လုပ်မယ့်ဟာကို ပုံမှန်မလုပ်နိုင်ဘူး၊အချိန်ကြန့်ကြာတယ်။ လုပ်ရတာကလည်း အဆင်မပြေဘူး။ တော်တော်လေးအခက်ကြုံနေရပါတယ်။ရေတို့ဘာတို့ဆိုရင်လည်း တော်တော်လေး အခက်အခဲဖြစ်ရတယ်၊ မီးမရတော့ ရေလည်းမရဘူးလေ၊ မရတဲ့ အခါကျတော့ ရေချိုးမယ်ဆိုရင်တောင် ရေရမယ့်နေရာကိုသွားပြီးတော့ အဲမှာတောင် လွယ်လွယ်နဲ့မရဘူး တွင်းထဲက ညှစ်ယူပြီးတော့ သုံးရတယ်။”
ရခိုင်မြောက်ပိုင်း လျှပ်စ်မီးပြတ်တောက်နေတာ ဒီနေ့ သောကြာနေ့အထိ ၁၀ ရက်ကျော်နေပါပြီ။ လျှပ်စစ်မီးဟာ ပြည်သူတွေရဲ့ နေ့စဉ်ဘဝအတွက် အရေးကြီးတာမို့ သက်ဆိုင်ရာတာဝန်ရှိသူတွေအနေနဲ့ လျှပ်စစ်မီးတွေ အမြန်ဆုံးရအောင် ဆောင်ရွက်ပေးစေချင်တယ်လို့လည်း မင်းပြားဒေသခံ မငုဝါချေ ကပြောပါတယ်။
“ မီးပြန်ရမယ့် အနေအထားကတော့ မကြားသေးဘူးပေါ့နော်၊ အုပ်ချုပ်ရေးမှူး ကပြောတာလည်းမရှိသေးဘူး။ ဘယ်လိုပြောရမလဲ မုန်တိုင်းတိုက်တော့ အပျက်အစီးတွေတော့ ရှိကြတယ်ပေါ့နော်၊ လျှပ်စစ်မီးက လူတယောက်ရဲ့ နေ့စဉ်ဘဝအတွက် မရှိမဖြစ်လိုအပ်တာဆိုတော့ လျှပ်စစ်မီးရရှိရေးနဲ့ ပတ်သတ်ပြီးတော့ အမြန်ဆုံး ပြန်ရအောင် လုပ်ပေးစေ ချင်ပါတယ်။”
ရခိုင်ပြည်နယ်စစ်ကောင်စီပြောခွင့်ရ ဦးလှသိန်းကတော့ ရခိုင်ပြည်နယ်မှာ လျှပ်စစ်မီးတွေ အမြန်ဆုံးရရှိနိုင်အောင် ဆောင်ရွက်နေပြီး ပျက်စီးသွားတဲ့ ပုဏ္ဏားကျွန်းမြို့နယ်က ပင်မလျှပ်စစ်ဓာတ်အားခွဲရုံ ပြုပြင်မှုကလည်း ၉၀ ရာခိုင်နှုန်းပြီးစီးနေပြီလို့ သူ့ရဲ့ လူမှုကွန်ယက် စာမျက်နှာပေါ်မှာ တင်ထားပါတယ်။ စစ်တွေမြို့ထဲက လမ်းမီးတချို့ကိုလည်း ဒီဇယ်ဆီသုံးပြီး မီးပေးထားတယ်လို့ ဖော်ပြထားပါတယ်။