သောကြာနေ့က (ဖေဖော်ဝါရီ ၈ ရက်ကနေ ၁၂ ရက်နေ့အထိ) မြန်မာ-အမေရိကန် လူမှုအသိုင်းအဝန်းအဖွဲ့ (BACI) နဲ့ မြန်မာ့အရေး ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေက စီစဉ် ကျင်းပတဲ့ နွေဦးပန်းများနိုင်ငံတကာ အွန်လိုင်း ညီလာခံမှာ မြန်မာနိုင်ငံအတွက် လူသားချင်းစာနာမှု အကူအညီပေးရေးမှာ အခက်အခဲ တွေ အများအပြား ရှိနေတယ်လို့ အမေရိကန် တာဝန်ရှိသူတွေက ပြောပါတယ်။ အမေရိကန်အစိုးရရဲ့ ဗျူရိုအသီးသီးက တာဝန်ရှိသူတွေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ ဝန်ကြီးတွေပါ တက်ရောက်ခဲ့တဲ့ ဒီဆွေးနွေးပွဲကနေ အမေရိကန်ရဲ့ ပံ့ပိုးမှု နဲ့ မူဝါဒတွေက မြန်မာနိုင်ငံအတွက် အလှည့်အပြောင်း တခု ဖြစ်လာနိုင်မလား ဆိုတာကို ဒီပွဲကို တက်ရောက်ခဲ့တဲ့ ကိုငြိမ်းချမ်းအေးက စုစည်း တင်ပြပေးပါမယ်။
စစ်တပ် အာဏာသိမ်းပြီး နောက်ပိုင်း အစိုးရအပေါ် ပံ့ပိုးနေတဲ့ အစီအစဉ်တွေကို အမေရိကန် အစိုးရဘက်က ချက်ချင်းရပ်ခဲ့ပြီး အဲဒီအစား အရပ်ဘက် အဖွဲ့အစည်းတွေနဲ့ လူထုကို အဓိကထား ကူညီနေတာပါ။ မြန်မာပြည်မှာ လတ်တလော ပဋိပက္ခတွေကြောင့် လူ ၁ သန်းခွဲကျော်ဟာ အိုးအိမ်တွေက စွန့်ခွာ နေရပြီး နိုင်ငံ့လူဦးရေရဲ့ သုံးပုံတပုံ နီးပါး ဖြစ်တဲ့ လူ ၁၇ သန်းဟာ အကူအညီတွေ လိုအပ်နေတယ်လို့ အမေရိကန် နိုင်ငံခြားရေး ဌာနက ဆိုပါတယ်။
ဒေသခံအဖွဲ့အစည်းတွေက တဆင့် လူထုကို တိုက်ရိုက်ပံ့ပိုးနေတဲ့ အမေရိကန် အစိုးရရဲ့ အစီအစဉ် တခု ဖြစ်တဲ့ Local Empowerment And Resilience Network (LEARN) ရဲ့ တာဝန်ရှိသူ တဦး ဖြစ်သူ Andrew Lucas ကတော့ မြန်မာနိုင်ငံရဲ့ အရှေ့တောင်ပိုင်းနဲ့ ရခိုင် ပြည်နယ်တွေတွေမှာ ကျယ်ကျယ်ပြန့်ပြန့် ကူညီနိုင်နေပြီး၊ စစ်ကိုင်း၊ မကွေး ပါဝင်တဲ့ အလယ်ပိုင်းမှာတော့ ကူညီဖို့ ပိုလိုအပ်ကြောင်းနဲ့ ဒီလို အကူအညီ ပေးတဲ့နေရာမှာ အခက်အခဲတွေရှိနေတယ်လို့ ပြောပါတယ်။
“နယ်စပ် ဖြတ်ကျော်ဖို့ ခက်ခဲတာနဲ့ လူထုဆီတိုက်ရိုက်ရောက်ဖို့ ကန့်သတ်ချက်တွေ ရှိနေလို့ ကျွန်တော်တို့ရဲ့ အကူအညီတွေက ပိုက်ဆံ ငွေကြေး ထောက်ပံ့တဲ့ ပုံစံ ဖြစ်လာပါတယ်။ ပံ့ပိုးပေးမှုတွေရဲ့ ၅၀ ရာခိုင်နှုန်းကျော်က တိုက်ရိုက် ပိုက်ဆံ ထောက်ပံ့နေတာပါ”
၂၀၂၁ ခုနှစ်ကတည်းကဆိုရင် မြန်မာ့ ဒီမိုကရေစီအရေးအတွက် ဒေါ်လာ သန်း ၂၅၀ ကျော် အမေရိကန်က ကူညီထားသလို ပြည်တွင်းနဲ့ အိမ်နီးချင်းနိုင်ငံတွေမှာ ခိုလှုံနေကြသူတွေ အတွက် လူသားချင်း စာနာမှု ဆိုင်ရာ အကူအညီ ဒေါ်လာ သန်း ၄၀၀ ကျော် ရှိတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ဒါဟာ မလုံလောက်သေးဘူးလို့ အမေရိကန် နိုင်ငံခြားရေးဌာနက ဝန်ခံပါတယ်။
မြေပြင်မှာ လက်တွေ့ အကူအညီပေးနိုင်တဲ့ အနေအထားမှာတော့ အရင်ကထက်စာရင် နယ်မြေထိန်းချုပ် စိုးမိုးနိုင်မှု များလာတဲ့ အတွက် သယ်ယူပို့ဆောင်ရေး လမ်းကြောင်းက ပိုလွယ်ကူ ထိရောက်လာတယ်လို့ ကြားကာလ အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ရဲ့ ပညာရေးနဲ့ ကျန်းမာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ပြောပါတယ်။ ဒီကိစ္စတွေတွေမှာ တိုင်းရင်းသား အဖွဲ့အစည်းပေါင်းစုံနဲ့ NUG က လက်တွဲ လုပ်ဆောင်နေတယ် ဆိုပါတယ်။
ဆွေးနွေးပွဲမှာ ဒေါက်တာဇော်ဝေစိုးက စစ်တပ်ရဲ့ အရပ်သားတွေကို ပစ်မှတ်ထားတဲ့ တိုက်ခိုက်မှုတွေကို ထောက်ပြပါတယ်။ ဆရာဝန်တွေ ဗုံးခိုကျင်းထဲမှာ ခွဲစိတ်မှုတွေလုပ်ပေးနေရပြီး လူနာတွေရဲ့ အသက်ကို ကယ်တင်နေရတာတွေ၊ အမြောက်သံ၊ ကျည်ဆံ ကြားမှာ ကလေးသူငယ်တွေ ကြောက်လန့်တကြား စာသင်နေရတာတွေကို ဥပမာပေးပြီး လူ့အသက်တွေကို ကာကွယ်ပေးဖို့ ပထမဦးစားပေး တောင်းဆိုခဲ့ပါတယ်။ ဒုတိယ အနေနဲ့ အစားအစာနဲ့ ဆေးဝါး အကူအညီတွေ အကြောင်း ပြောပါတယ်။
အမေရိကန် နိုင်ငံခြားရေးဌာနက အာရှဒေသ ဒုက္ခသည်နဲ့ ရွှေ့ပြောင်းအခြေချမှုဆိုင်ရာ အကြီးအကဲ ဒေါက်တာဟွာသီထရမ်ကလည်း မြန်မာပြည်မှာ လူ့အသက်တွေ အကာအကွယ်ပေးရေးက အရေးတကြီး အခြေအနေ ဖြစ်နေဆဲဆိုတာကို နားလည်ကြောင်း ပြန်လည် ဆွေးနွေးခဲ့ပါတယ်။
တကယ့် လက်တွေ့ အခြေအနေနမှာလည်း လေကြောင်းတိုက်ခိုက်မှုတွေ၊ တိုက်ပွဲတွေ၊ ဖမ်းဆီးမှုတွေကြောင့် လူထုဆီ အကူအညီရောက်ဖို့ အကန့်အသတ်တွေက အများကြီးရှိနေတာပါ။
တခါ စစ်တပ် အာဏာသက်ရောက်မှုနည်းတဲ့ ကချင်ပြည်နယ်လို ဒေသတွေမှာဆိုရင် CDM လှုပ်ရှားမှုကြောင့် ခိုလှုံဖို့ ရောက်လာတဲ့သူတွေက ပိုများလာခဲ့လို့ ဆေးရုံတွေ၊ ကျောင်းတွေမှာ လိုအပ်ချက်တွေက ပိုတိုးလာတယ်လို့ အဲဒီဘက်မှာ အကူအညီပေးနေတဲ့သူတွေက ဗွီအိုအေကို ပြောပါတယ်။
နေ့စဉ်လိုလို တိုက်ပွဲတွေ ဖြစ်နေတဲ့ ချင်းပြည်နယ်မှာဆိုရင်လည်း လုံခြုံရေး အခြေအနေကြောင့် နိုင်ငံတကာက အကူအညီပေးရေး လက်လှမ်းမမှီ ဖြစ်နေတယ်လို့ ဒေသခံအဖွဲ့အစည်းတွေက ပြောပါတယ်။ ချင်းလူမှုအဖွဲ့အစည်းတွေ၊ ဘာသာရေး အဖွဲ့အစည်းတွေရဲ့ အကူအညီနဲ့ပဲ ချင်းပြည်နယ်က လူထုဟာ အသက်ဆက်နေရပါတယ်။
မှတ်တမ်းတွေအရ ချင်းပြည်နယ်မှာ နေရပ်စွန့်ခွာရသူ အရေအတွက်က ပြည်တွင်းမှာ ခြောက်သောင်းနဲ့ ရှစ်သောင်းကြားရှိနေပြီး နယ်စပ်ဖြတ်ကျော်ပြီး အိန္ဒိယဘက်ကို ထွက်ပြေးရသူကလည်း ငါးသောင်းလောက် ရှိနေပြီလို့ ချင်းလူ့အခွင့်အရေးအဖွဲ့ က ဗွီအိုအေကို ပြောပါတယ်။
ချင်းလူထုကို ထိထိရောက်ရောက် ပံ့ပိုးနိုင်အောင် နည်းလမ်းရှာဖို့ လိုအပ်တယ်လို့ ချင်းလူ့အခွင့်ရေးအဖွဲ့က ဆလိုင်းမန်ဟရဲလျန် က အခုလို ထောက်ပြပါတယ်။
“မြန်မာစစ်တပ် အနေနဲ့ ဆေးပစ္စည်းနဲ့ စားကုန်တွေကို လက်နက်သဖွယ်မြင်ပြီးတော့ တတ်နိုင်သမျှ ပိတ်ပင်ဖို့ ကြိုးစားနေတယ်။ အဲဒီအတွက်ကြောင့် တဖက်တလမ်းကနေ ငွေကြေးပိုင်းကနေ ဒေသမှာ နေတဲ့ အဖွဲ့အစည်းအသီးသီးနဲ့ IDP (ပြည်တွင်း အိုးအိမ် စွန့်ခွာထွက်ပြေးရသူ) တွေကို ပံ့ပိုးမှုနည်းလမ်းကို လိုအပ်လာတယ်။”
ချင်းပြည်နယ်က အိန္ဒိယနဲ့ နယ်စပ်တလျှောက် ထိစပ်နေတာဖြစ်လို့ တရားဝင် နယ်စပ်ဖြတ်ကျော် ကူညီခွင့်ရဖို့ မူဝါဒပိုင်းအရ နိုင်ငံတကာ အစိုးရတွေအနေနဲ့ အိန္ဒိယအစိုးရအပေါ် တိုက်တွန်းပေးဖို့လိုတယ်လို့ ဆလိုင်းမန်ဟရဲလျန်က ဆိုပါတယ်။
လက်ရှိမှာ အိန္ဒိယနယ်စပ်က စစ်ရှောင်စခန်းတွေကို ဗဟိုအစိုးရရဲ့ တရားဝင်ခွင့်ပြုချက်နဲ့ လက်ခံထားမျိုး မဟုတ်ပါဘူး။ မီဇိုရမ်ပြည်နယ်အစိုးရနဲ့ ဒေသခံတွေရဲ့ နားလည်ပံ့ပိုးမှုနဲ့ ချင်းပြည်နယ်က နေရပ်စွန့်ခွာသူတွေကို တနိုင်တပိုင် အကူအညီပေးနေရတာပါ။
အမေရိကန် အစိုးရ တာဝန်ရှိသူတွေကတော့ ဒေသတွင်းက တရုတ်၊ အိန္ဒိယနဲ့ အာဆီယံ နိုင်ငံတွေနဲ့ မြန်မာ့အရေး ဆွေးနွေးမှုတွေ ပုံမှန်ပြုလုပ်နေတယ်လို့ ညီလာခံမှာ ပြောသွားပါတယ်။
တဖက်မှာလည်း သိပ်မကြာခင်က အမေရိကန် လွှတ်တော်မှာ အတည်ပြုထားတဲ့ ဘားမားအက် ဥပဒေ (၂၀၂၂) ရဲ့ ထိရောက်နိုင်မှုအပေါ် မြန်မာ့အရေး အနီးကပ် စောင့်ကြည့် လေ့လာနေသူတွေက မေးခွန်းထုတ်ကြတာတွေ ရှိပါတယ်။ အမေရိကန် နိုင်ငံခြားရေးဌာန Burma Desk က တာဝန်ရှိသူ တဦးဖြစ်တဲ့ Jackson Dart ကတော့ ဘားမားအက်ဟာ ဥပဒေအရ သတ်သတ်မှတ်မှတ်နဲ့ နာမည်တပ်ပြီး လုပ်ပိုင်ခွင့် အသစ်ပေးထားတာဖြစ်လို့ “ကစားပွဲကို ပြောင်းလဲစေနိုင်တဲ့အထိ အလားအလာရှိတဲ့ မြန်မာ့အရေး လက်နက်တခု” ဖြစ်လာမယ်လို့ ပြောသွားပါတယ်။
အမေရိကန်လွှတ်တော်က ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလအတွင်း အတည်ပြုပေးခဲ့တဲ့ - ၂၀၂၃ ခုနှစ်၊ အမေရိကန် အမျိုးသားကာကွယ်ရေး လုပ်ပိုင်ခွင့် အက်ဥပဒေ NDAA ထဲမှာ Burma Act လို့ လူသိများကြတဲ့ မြန်မာ့ဒီမိုကရေစီရေးအတွက် အထောက်အပံ့ပေးဖို့ ပြဌာန်းချက်တွေလည်း ပါဝင်ပါ။ အဲဒီ ဥပဒေအရ - မြန်မာနိုင်ငံမှာ စစ်အုပ်ချုပ်ရေး အဆုံးသတ်အောင် ကြိုးပမ်း ဆောင်ရွက်နေကြတဲ့ တိုင်းရင်းသား အဖွဲ့အစည်းတွေ၊ အရပ်ဖက် လူမှုအဖွဲ့အစည်းတွေအတွက် ဘာသာရေး၊ လူ့အခွင့်အရေးနဲ့ တိုင်းရင်းသားအရေး ကိစ္စတွေအပြင် လူသားချင်းစာနာမှု အကူအညီတွေ ပေးသွားဖို့အတွက် ဒေါ်လာ သန်း ၁၃၀ ကျော် ကူညီဖို့ အမေရိကန် ဖက်ဒရယ်အစိုးရ အသုံးစရိတ်မှာ ထည့်သွင်းထားတာပါ။
(မှတ်ချက်) = ဒီဆောင်းပါးကို အခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာ ဖော်ပြခဲ့ပေမယ့် ဆောင်းပါးအတွင်းမှာ ပါဝင်တဲ့ အချက်အလက်တချို့ကို အသေးစိတ် ထပ်မံ စုံစမ်းဖို့ လိုအပ်နေတဲ့အတွက် ပြန်ဖြုတ်ချခဲ့ပါတယ်။ အဲဒီနောက်ပိုင်း စုံစမ်း တွေ့ရှိမှုတွေအရ ဆောင်းပါးအတွင်း ပါဝင်တဲ့ အချက်အလက်တွေဟာ ယုံကြည် စိတ်ချရတယ်ဆိုတာ တွေ့ရှိရတာကြောင့် အချက်အလက်တချို့ကို ဖြည့်စွက်ပြီး ပြန်လည် တင်ပြပေးလိုက်ပါတယ်။ (အယ်ဒီတာအဖွဲ့)