စစ်ကောင်စီဖိနှိပ်မှုကို ရင်ဆိုင်နေရတဲ့ မြန်မာပြည်သူတွေရဲ့ ဆင်းရဲဒုက္ခတွေကို အမြန်ဆုံး အဆုံးသတ်နိုင်ရေး နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ ငွေကြေးရန်ပုံငွေသာမက စစ်ဘက်ဆိုင်ရာ လက်နက်ပစ္စည်းတွေကိုပါ ပံ့ပိုးကူညီပေးကြဖို့ NUG ယာယီသမ္မတ ဒူဝါ လရှီးလ က တောင်းဆိုလိုက်ပါတယ်။ စစ်ကောင်စီအကြမ်းဖက်လုပ်ရပ်တွေကြောင့် ဒီမိုကရေစီလမ်းကြောင်းပေါ်ပြန်ရောက်ရေး တွေ့ဆုံဆွေးနွေးရေး နည်းလမ်းနဲ့ မဖြစ်နိုင်ကြောင်း NUG အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတက ဗွီအိုအေနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ပြောကြားခဲ့ပါတယ်။ အာဏာသိမ်း ၂ နှစ်ပြည့် ဗွီအိုအေရဲ့ အထူးအစီအစဉ်အဖြစ် မအင်ကြင်းနိုင်က လွတ်မြောက်နယ်မြေမှာ ရှိနေတဲ့ ယာယီသမ္မတ ဒူဝါလရှီးလကို Zoom ကနေ ဆက်သွယ်မေးမြန်းထားပါတယ်။
ဗွီအိုအေ။ ။ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ ပတ်သက်လို့ လေယာဉ်ပစ် လက်နက်တွေ အကူအညီပေးဖို့ သမ္မတကြီးကိုယ်တိုင်နိုင်ငံတကာကို မကြာခင်က တောင်းဆိုထားပါတယ်။ ဒါနဲ့ ပတ်သက်လို့ တုံ့ပြန်ချက်တွေ ရှိပါသလား။
ယာယီသမ္မတကြီး ဒူးဝါ လာရှီးလ။ ။ အခုချိန်ထိ နိုင်ငံတကာက တုံ့ပြန်မှုတွေ မရှိသေးပါဘူး။ ဘာကြောင့်လည်းဆိုရင် recogniction နဲ့လည်းဆိုင်ပါတယ်။ NUG ရဲ့ တရားဝင်ရပ်တည်မှုအပိုင်းနဲ့ပတ်သက်လို့ တရားဝင်အစိုးရအဖြစ်နဲ့ သူတို့ဘက်က ပေးဖို့ အခက်အခဲရှိမှာပါ။ သူတို့အနေနဲ့ မပေးချင်လို့ မဟုတ်ဘူးလို့ ကျနော်ယူဆပါတယ်။ နောက်တချက်ကလည်း ပထဝီဝင်အနေအထားအရ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေ ရဲ့ ချိန်ခွင်လျှာညှိဖို့ စဉ်းစားရမယ့်အချက်တွေရှိမယ်လို့ ထင်ပါတယ်။ ဒါကြောင့် အခုချိန်ထိတော့ ကျနော်တောင်းဆိုထားတဲ့အတိုင်း ဘာမှ ရလာတာမရှိသေးပါဘူး။ နိုင်ငံတကာအနေနဲ့ စပြီး စဉ်းစားမယ်ဆိုရင် ကျနော်တို့ ကျေးဇူးတင်ပါတယ်။
ဗွီအိုအေ။ ။ အမေရိကန်အစိုးရဘက်က NUG ကို ထောက်ခံကူညီပေးနေတဲ့ အပိုင်းတွေရှိသလို ထိတွေ့ဆက်ဆံမှုတွေလည်းရှိနေပါတယ်။ ဒါပေမယ့် အစိုးရအဖြစ် တရားဝင်အသိမှတ်ပြုတဲ့ အခြေအနေတော့ မရှိသေးပါဘူး။ ဒါကြောင့် အမေရိကန်ရဲ့ပံ့ပိုးကူညီမှုအပိုင်းတွေက ထိရောက်မှုရှိပါသလား။
ယာယီသမ္မတကြီး ဒူးဝါလရှီးလ။ ။ အမေရိကန်ဘက်က Burma Act ဥပဒေအရဆိုရင် လက်နက်ကူညီပေးမယ့်အစီအစဉ်ပါဝင်ခြင်းမရှိပါဘူး။ ကျနော်တို့ကလည်း လက်နက်ထောက်ပံ့ဖို့ အကူအညီတောင်းထားတာဆိုတော့ ဒါကို ပေးဖို့က အမေရိကန်ဘက်က အခက်အခဲရှိမှာဖြစ်ပါတယ်။ ဒါပေမယ့် တခြား နည်းပညာပိုင်းဆိုင်ရာ အကူအညီတွေ၊ ဆေးဝါးဆိုင်ရာအကူအညီတွေ၊ လူသားချင်းစာနာမှုအကူအညီတွေ၊ ရုံးလုပ်ငန်းဆိုင်ရာအပိုင်းတွေမှာ အကူအညီပေးတာကတော့ ကျနော်တို့ တော်လှန်ရေးမှာ အကျိုးမရှိတာတော့မဟုတ်ပါဘူး။ အကျိုးရှိပါတယ်။ ဒါပေမယ့် ဖြစ်နိုင်ရင်တော့ လေယာဉ်ပစ် လက်နက်တွေ ပေးနိုင်ရင်တော့ ပြည်သူလူထုခံစားနေရတဲ့ အခြေအနေတွေကို အမြန်ဆုံးကျော်လွှားနိုင်လိမ့်မယ်လို့ ယုံကြည်ထားပါတယ်။ ဒါကြောင့် အမေရိကန်နဲ့ ဆွေးနွေးနိုင်မယ့် နည်းလမ်းကို ကျနော်တို့ရှာနေပါတယ်။
ဗွီအိုအေ။ ။ လုံခြုံရေးကောင်စီက ပထမဆုံးချမှတ်ခဲ့တဲ့ မြန်မာ့အရေးဆုံးဖြတ်ချက် အရဆိုရင် လာမယ့် မတ်၊ ဧပြီလလောက်မှာ စစ်ကောင်စီဘက်က လိုက်နာခြင်းရှိမရှိဆိုတာ သုံးသပ်ဖို့ရှိနေပါတယ်။ မြန်မာ့အရေးဆုံးဖြတ်ချက် လက်တွေ့မှာ တကယ်ထိရောက်မှုတွေရှိမယ်ထင်ပါသလား။
ယာယီသမ္မတကြီး ဒူးဝါလရှီးလ။ ။ ကျနော်တို့က အင်မတန်ကြိုဆိုပါတယ်။ လွန်ခဲ့တဲ့ ဒီဇင်ဘာလမှာ လုံခြုံရေးကောင်စီဘက်က မြန်မာ့အရေး ဆုံးဖြတ်ချက်ကို ချမှတ်လိုက်နိုင်တာဟာ မြန်မာ့အရေးကို လေးလေးနက်နက် စဉ်းစားပေးတယ်လို့ ကျနော်တို့ ခံစားရပါတယ်။ ကျနော်တို့နိုင်ငံနဲ့ ပတ်သက်လို့ ကုလသမဂ္ဂဘက်က ပထမဆုံး အရေးတယူ ဆုံးဖြတ်လိုက်တာလည်း ဖြစ်ပါတယ်။ အဲဒီမှာ ကန့်ကွက်မဲမရှိပဲ ဆုံးဖြတ်နိုင်တာတွေ့ရတော့ အရမ်းကို အားရပါတယ်။ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ကို စစ်ကောင်စီက လုံးဝလိုက်နာခြင်းမရှိပါဘူး။ ဒါက သူ့အကျင့်ပါ။ ကမ္ဘာက ဘယ်လိုပဲပြောပြော သူလုပ်ချင်ရာလုပ်မယ်ဆိုတဲ့ အကျင့်ရှိနေပါတယ်။
ဒါကြောင့် ဆုံးဖြတ်ချက်တွေကို လိုက်နာရမယ်ဆိုတဲ့ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတနိုင်ငံအနေနဲ့ လိုက်နာရမယ့် တာဝန်ရှိနေတာကို စစ်တပ်က ပျက်ကွက်တဲ့အပေါ်မှာတော့ နောက်တကြိမ် ပြုလုပ်မယ့် မြန်မာ့အရေး ဆွေးနွေးပွဲမှာ ပိုပြီး ဖိအားပေးမှုတွေ လုပ်လာလိမ့်မယ်လို့ ကျနော်မျှော်လင့်ပါတယ်။
ဗွီအိုအေ။ ။ လုံခြုံရေးကောင်စီမှာ ဗီတိုအာဏာသုံးနိုင်တဲ့ တရုတ်က မြန်မာ့အရေးဆုံးဖြတ်ချက်ကိစ္စမှာ ဒီအချက်ကို မသုံးခဲ့တဲ့အပိုင်းကို ကြည့်ရင် အိမ်နီးချင်း တရုတ်နိုင်ငံက လက်ရှိ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီးတော့ သူတို့ရပ်တည်နေတဲ့ အခြေအနေရော၊ NUG နဲ့ တရုတ်အစိုးရ ဆက်ဆံရေးအပိုင်းမှာရောဘယ်လို ရှိနေပါသလဲ။
ယာယီသမ္မတကြီး ဒူးဝါလရှီးလ။ ။ ကျနော်တို့လည်း အဲဒါကို သုံးသပ်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ သူက မဲမပေး ဘူးဆိုတဲ့ ပုံစံနဲ့ပဲ လုပ်သွားတဲ့အတွက်ကြောင့်သာ လုံခြုံရေးကောင်စီရဲ့ မြန်မာ့အရေး ဆုံးဖြတ်ချက် ကို လျောလျောလျူလျူနဲ့ ဆုံးဖြတ်နိုင်တဲ့ အနေအထားရှိပါတယ်။ ဒါကိုကြည့်ရင် ကျနော်တို့အပေါ်မှာ သဘောထားကောင်းမွန်တယ်လို့ မြင်ပါတယ်။ ကျနော်တို့ ခံယူထားတာကလည်း အိမ်နီးချင်း တရုတ်၊ အိန္ဒိယ၊ ထိုင်းနိုင်ငံတွေနဲ့ အဆင်ပြေအောင်ဆက်ဆံမယ်ဆိုတဲ့ မူဝါဒကျနော်တို့မှာ ရှိပြီးသာဖြစ်ပါတယ်။ ဒါကြောင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံနဲ့ အတတ်နိုင်ဆုံး အဆင်ပြေအောင် ချောမောအောင် ဆက်ဆံဖို့ရှိပါတယ်။ ကျနော်တို့ တရားဝင် သံတမန်ခြင်း ဖလှယ်တာမျိုး မဟုတ်တာတောင်မှ ကျနော်တို့ အခြားနည်းလမ်းတွေနဲ့ ဆက်သွယ်ပြီးတော့ တရုတ်နိုင်ငံနဲ့ သတင်းဖလှယ်နေတာတွေရှိပါတယ်။ သူ့အနေနဲ့ အင်အားကြီးနိုင်ငံလည်းဖြစ်တယ်။ စီးပွားရေးလည်း တောင့်တင်းတဲ့ နိုင်ငံလည်းဖြစ်တယ်။ ဒါကြောင့် တရုတ်နိုင်ငံ စိတ်ဝင်တစားနဲ့ မြန်မာပြည်သူတွေ ဆန္ဒအတိုင်း၊ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ဆုံးဖြတ်ချက်အတိုင်း တရုတ်နိုင်ငံအနေနဲ့ လုပ်ဆောင်လာနိုင်မယ်ဆိုရင် NUG နဲ့ ပူးပေါင်းပြီးတော့ လုပ်လာလိမ့်မယ်လို့ ကျနော် ယူဆပါတယ်။ တဖက်မှာလည်း တရုတ်က စစ်ကောင်စီကို ဖိအားပေးမယ်ဆိုရင် ပြည်သူလူထုလိုချင်တဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ်ကို မြန်မြန်လျှောက်လှမ်းနိုင်မယ်လို့ ကျနော်အနေနဲ့ ယုံကြည်ပါတယ်။
ဗွီအိုအေ။ ။ လက်ရှိ အာဆီယံဥက္ကဌအဖြစ်တာဝန်ယူထားတဲ့ အင်ဒိုနီးရှားနိုင်ငံက သူတို့ စပြီး တာဝန်ယူတဲ့ ဒီဇန်နဝါရီလ အစောပိုင်းမှာ မြန်မာ့အရေးဆောင်ရွက်သွားမယ့် ကိစ္စ ကြေညာချက် ထုတ်ထားပါတယ်။ အဲဒီမှာ သက်ဆိုင်သူအားလုံးနဲ့ ထိတွေ့ဆက်ဆံသွားမယ်လို့ ပြောထားပါတယ်။ အာဆီယံက NUG နဲ့ တရားဝင်ဆက်ဆံလာမယ့် အလားအလာကရော ဘယ်လိုရှိပါလဲ။
ယာယီသမ္မတကြီး ဒူးဝါလရှီးလ။ ။ အာဆီယံကတော့ ကျနော်တို့ တောက်လျောက် ထိတွေ့ဆက်ဆံထားတာရှိပါတယ်။ တရားဝင်မဟုတ်တာတောင် ကျနော်တို့ အမြဲထိတွေ့ဆွေးနွေးတာတွေရှိပါတယ်။ မလေးရှားလို နိုင်ငံကတော့ တရားဝင်ထုတ်ပြန်ကြေညာတာတွေရှိပါတယ်။ ကျနော်တို့ဘက်ကတော့ ပိုပြီး အားကောင်းလာမယ်လို့ မျှော်လင့်ပါတယ်။ ဘာကြောင့်လည်း ဆိုတော့ အင်ဒိုနီးရှားက ကျနော်တို့နိုင်ငံနဲ့ ပုံစံတူပြီးတော့ ဒီမိုကရေစီကိုပြောင်းသွားတဲ့ နိုင်ငံဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ကိုယ်ချင်းစာနာစိတ်ရှိမယ်။ ကျနော်တို့ နိုင်ငံပြောင်းလဲရေးမှာ အားသွန်ခွန်စိုက်လုပ်လိမ့်မယ်လို့ ကျနော် မျှော်မှန်းပါတယ်။ ဒါကြောင့်တနှစ်တာအတွင်း အာဆီယံ ဥက္ကဖြစ်လာတဲ့ အင်ဒိုနီးရှားနဲ့ ဘယ်လို အကောင်းဆုံး ပူးပေါင်းဆောင်ရွက်နိုင်မလဲဆိုတာကို ကျနော်တို့ဘက်က စဉ်းစားထားပြီးတော့ NUG နိုင်ငံခြားရေးဌာနဘက်ကလည်း ဒီအတွက် အသင့်ပြင်ထားပြီတော့ တောက်လျှောက်လုပ်နေပါတယ်။ အင်ဒိုနီးရှား ဆောင်ရွက်မယ့် အပိုင်းကို ကြည့်ရင် လူသားချင်းစာနာမှုအကူအညီကိစ္စ လက်တွေ့ လုပ်ဆောင်နိုင်ဖို့ပါတယ်။ နောက် သူ့အနေနဲ့ မြန်မာနိုင်ငံကို လာရောက်ပြီးတော့ အားလုံးနဲ့ ထိတွေ့ဖို့ဆိုတာတွေက အင်မတန်ကောင်းတဲ့ အရာဖြစ်ပါတယ်။ ဒါတွေကို အကောင်အထည်ဖေါ်နိုင်ရေး စစ်ကောင်စီကိုရော အာဆီယံအဖွဲ့ဝင်နိုင်ငံတွေကိုပါ တွန်းအားပေးသွားမယ်လို့ ကျနော်မျှော်မှန်းပါတယ်။