သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကျောက်ကပ် ကင်ဆာ


မြန်မာနိုင်ငံမှာ ကျောက်ကပ်ကင်ဆာ အရင်ထက် အဖြစ်များလာကာ၊ အထူးသဖြင့် အမျိုးသားတွေနဲ့ အသက် (၁၅) နှစ်အောက် ငယ်ရွယ်သူတွေ၊ နောက် အသက် (၆၀) နဲ့ (၇၀) အကြား အသက်ကြီးလာသူတွေမှာ ပိုဖြစ်နေတယ်လို့ ကျန်းမာရေးပညာရှင်တွေက ပြောဆိုပါတယ်။

ကျောက်ကပ်ကင်ဆာဖြစ်စေတဲ့ အဓိကအကြောင်းရင်း တခုကတော့ မျိုးရိုးဗီဇကြောင့် ဖြစ်ပါတယ်။ နောက် ဒီ ရောဂါဖြစ်နိုင်တဲ့ အခြေအနေတွေက စားသောက်နေထိုင်ကြီးပြင်းပုံ (Life Style) အရ ဆေးလိပ်သောက်သူတွေ၊ ဆေးရွက်ကြီးဝါးသူတွေ၊ အကိုက်အခဲပျောက်ဆေး ကာလကြာရှည် စားသုံးရသူတွေ၊ သွေးတိုးရောဂါရှိသူတွေ၊ အဝလွန်သူတွေနဲ့ ကျောက်ကပ်ပျက်စီးပြီး ဆေးကြောနေရသူတွေ ဖြစ်ပါတယ်။ ဒါ့အပြင် အလုပ်အကိုင်အရ ဓာတုပစ္စည်းတွေနဲ့ နေ့စဉ်ပုံမှန် ကာလကြာရှည် ထိတွေ့နေရသူတွေဖြစ်ကြတဲ့ ဥပမာ - ဘက်ထရီလုပ်ငန်း၊ အိမ်ဆေးသုတ်လုပ်ငန်း နဲ့ Asbestos ခေါ် အပူခံကျောက်ပြားလုပ်ငန်းတွေနဲ့ ထိတွေ့၊ ဆက်စပ်နေသူတွေမှာ ပိုဖြစ်နိုင်ပါတယ်။

ကာကွယ်ရေးအတွက်တော့ မျိုးရိုးဗီဇ ရှိထားသူဖြစ်တဲ့ မိဘ ညီအကိုမောင်နှမ အရင်းအပြင်၊ မောင်နှမဝမ်းကွဲတွေမှာ ကျောက်ကပ်ကင်ဆာ ရှိထားသူတွေအနေနဲ့ ဒီရောဂါအတွက် ပုံမှန်ဆေးစစ်တာလုပ်ဖို့ အရေးကြီးပါတယ်။ စောစောသိပြီး အခြေအနေ မဆိုးခင်မှာ ကုသနိုင်အောင်ပါ။ နောက် စားသောက်နေထိုင်ကြီးပြင်းပုံ (Life Style) အရ ဆေးလိပ်သောက်သူတွေအနေနဲ့ ဆေးလိပ်ဖြတ်တာ၊ ဆေးရွက်ကြီး သုံးစွဲသူတွေအနေနဲ့ ဆေးရွက်ကြီး မဝါးတော့တာ၊ အကိုက်အခဲပျောက်ဆေးတွေကို လုံးဝမလိုအပ်ဘဲ ကြာရှည်စွဲမသုံးတာ၊ သွေးတိုးရှိသူတွေ သွေးမတိုးအောင် ကုသတာ၊ အဝလွန်သူတွေ ကိုယ်အလေးချိန် လျှော့ချတာတွေ လုပ်ဖို့ အရေးကြီးပါတယ်။

ဒါ့အပြင် အလုပ်အကိုင်နဲ့ ပတ်သက်ပြီး ဓါတုဆေးဝါးပစ္စည်းတွေနဲ့ ထိတွေ့နေရတဲ့ အလုပ်သမားတွေနဲ့ ဒီလုပ်ငန်းမျိုးနဲ့ ဆက်စပ်နေသူတွေအနေနဲ့ ဓါတုဆေးဝါးပစ္စည်းတွေ ကိုယ်ခန္တာနဲ့ တိုက်ရိုက်မထိတွေ့နိုင်အောင် ဂရုပြုသင့်ပါတယ်။ အခုလို ကာကွယ်တဲ့ကြားကဖြစ်ဖြစ်၊ မကာကွယ်မိခဲ့လို့ဖြစ်ဖြစ်၊ ဒီရောဂါဖြစ်လာခဲ့ရင်လဲ စောစောသိ၊ စောစောကုသခြင်းအားဖြင့် အသက်အန္တရာယ် မထိခိုက်အောင်၊ ပိုနာကျင်မှု မခံစားရအောင် ကာကွယ်ကုသနိုင်ပါတယ်။ စောစောသိဖို့ ရောဂါလက္ခဏာတွေဖြစ်တဲ့ ဆီးထဲသွေးပါတာ၊ ခါးနာတာ၊ ဗိုက်အလုံး စမ်းမိတာတွေရှိလာရင် ကျောက်ကပ်ကင်ဆာလား၊ အခြားကျောက်ကပ်နဲ့ ဆီးလမ်းကြောင်းဆိုင်ရာ ရောဂါတွေလားဆိုတာ ကွဲကွဲပြားပြား နဲ့ စောစောစီးစီး သိနိုင်ဖို့ ဓာတ်မှန်ရိုက်စစ်ဆေးဖို့ အထူးအရေးကြီးပါတယ်။ အခြေအနေဆိုးတဲ့ အဆင့်ရောက်လာရင်တော့ အစားအသောက်ပျက်တာ၊ ကိုယ်အလေးချိန်ကျလာတာ၊ ကိုယ်လုံးယောင်ကိုင်းလာတာ၊ ခြေထောက်တွေ ဖောယောင်တာနဲ့ အကြိတ်တွေထွက်လာတာတွေ ဖြစ်လာတတ်ပါတယ်။

ကုသမှုအပိုင်းမှာတော့ စောစောသိရင် ရောဂါမပြန့်သေးတာမို့၊ ခွဲစိပ်ပြီး လုံးဝပျောက်သွားအောင် ကုသနိုင်ပါတယ်။ ဒါပေမဲ့ တခါဖြစ်ပြီးသူတွေမှာ နောက်တခေါက် ပြန်ဖြစ်ဖို့ အနေအထားများသွားတာမို့ ဆေးပုံမှန်ပြန်စစ်ဖို့တော့ အရေးကြီးပါတယ်။ နောက်ကျမှသိရင်တော့ ကင်ဆာက ကျောက်ကပ်အပြင်ကို ပြန့်သွားပြီးမို့၊ ခွဲလို့မရတော့ဘဲ၊ ပြင်းတဲ့ဆေးတွေသွင်းတာနဲ့ ဓာတ်ကင်တာတွေလုပ်ပြီး အခြေအနေကို ပိုမဆိုးအောင်၊ နာကျင်မှုသက်သာအောင် ကုသပေးနိုင်ပါတယ်။

ဒီရောဂါအကြောင်း ပိုမိုသိရှိ နားလည်နိုင်ဖို့ ကိုဝင်းမင်း က ဆီးနဲ့ကျောက်ကပ် ခွဲစိပ်အထူးကု ဆရာဝန်ကြီး ဒေါက်တာကျော်မြင့်ကို ဆက်သွယ်မေးမြန်း ဆွေးနွေးတင်ပြထားပါတယ်။

XS
SM
MD
LG