သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကျန်းမာရေးဝန်ကြီးရဲ့ ကိုဗစ်ဆိုင်ရာမှာကြားချက်


Ministry of Health and Sports, Myanmar Dr myint htwe
Ministry of Health and Sports, Myanmar Dr myint htwe
တိုက်ရိုက် လင့်ခ်

ရန်ကုန်တိုင်းအတွင်းမှာ ကိုဗစ်ဖြစ်နှုန်း သောင်းကျော်အဆင့်ရောက်ရှိလာပြီး၊ သေဆုံးနှုန်းလည်း သုံးရာကျော်အထိ ရှိလာတာကို၊ ပြန်လျှော့ချနိုင်ဖို့ အရေးကြီးနေပြီလို့ ကျန်းမာရေးဝန်ကြီးက မှာကြားပြောဆိုပါတယ်။

တဟုန်းထိုးမြင့်မားလာတဲ့ ကိုဗစ် ဖြစ်နှုန်း လျှော့ချနိုင်ဖို့အတွက် ပြည်သူတွေက အဓိကဖြစ်ပြီး၊ အထိရောက်ဆုံး နည်းဗျူဟာကတော့ အိမ်အပြင်ကို မထွက်ကြဘဲနေပေးကာ၊ မဖြစ်မနေထွက်ရလျှင်လဲ ပါးစပ်နဲ့နှာခေါင်းစည်းတပ်တာ၊ လက်တွေကို စနစ်တကျဆေးကြောတာနဲ့ ခပ်ခွာခွာနေတာ (Social Distancing) တွေကို ဆက်လက်လုပ်ပေးဖို့ပါ။ အများဆုံး အပြင်ထွက်ရတာကလည်း ဈေးဝယ်သွားရတာဖြစ်ပြီး၊ အဲဒီနေရာတွေမှာ အများဆုံး ကူးစက်လေ့ရှိတာမို့၊ ဈေးဝယ်ချိန် မကြာရအောင် ဝယ်မယ့်ပစ္စည်းနဲ့ ဆိုင်ကို ကြိုစဉ်းစားသတ်မှတ်ထားပြီး၊ အမြန်ဆုံး တစ်ခုစီ အစဉ်လိုက်ဝင်ဝယ်ကာ အမြန်ပြန်ထွက်သင့်ပါတယ်။ အကြောင်းက ဟိုရှာ၊ ဒီရှာဖြစ်ကာ အချိန်ကြာလေ၊ ကူးစက်ခံရဖို့ များလေမို့ပါ။ ဒါ့အပြင် ဈေးသူဈေးသားတွေကလည်း အထူးအရေးကြီးပါတယ်။ ဈေးသည်တစ်ဦးမှာ ပိုးရှိနေလျှင် အခြားလူအများကြီးကို ကူးသွားစေနိုင်ပါတယ်။ ဒါကြောင့် ဈေးသည်တွေအနေနဲ့ ပါးစပ်နဲ့နှာခေါင်းစည်းကို အချိန်ပြည့်တပ်ထားတာအပြင်၊ မျက်နှာအကာ (Face Shield) ပါ တွဲတပ်သင့်ပါတယ်။

အခြားကူးစက်မူ များစေနိုင်တာတွေကတော့ လူစုလူဝေးရှိတဲ့ နေရာတွေနဲ့ လူစုလူဝေး သွားလာတဲ့ အချိန်တွေမှာပါ။ အဓိကကနေရာကတွေတာ့ ဆေးရုံတွေ၊ အလုပ်ရုံ၊ စက်ရုံတွေ၊ ကျောင်းတွေ၊ ဘုန်းကြီးကျောင်းနဲ့ မယ်သီလရှင်ကျောင်းတွေပါ။ ဒီနေရာတွေမှာ အရေးကြီးဆုံးအချိန်ကတော့၊ ထမင်းအတူစားချိန်မှာ ကူးစက်လေ့ရှိတာပါ။ အကြောင်းက ဘုန်းကြီးတွေ ဆွမ်းဘုန်းပေးချိန်၊ လူတွေစားသောက်ချိန်မှာ ပါးစပ်နဲ့နှာခေါင်းစည်း မတပ်ထားတာကြောင့်၊ စကားပြောတာ၊ ပါးစပ်ဟတာ၊ ချောင်းဆိုးတာတွေကတစ်ဆင့် အလွယ်တကူ ကူးသွားနိုင်လို့ပါ။ ဒါကြောင့် ဖြစ်နိုင်လျှင် တစ်ဦးနဲ့တစ်ဦး (၆) ပေခွာပြီး ဆွမ်းဘုန်းပေးသင့်၊ စားသင့်ပါတယ်။ အကောင်းဆုံးကတော့ ကိုယ့်ဟာကိုယ်တစ်ပါးထဲ ဆွမ်းဘုန်းပေးတာ၊ တစ်ဦးတည်း သီးခြားစားတာပါ။

နောက်လူစုနေတဲ့ လူအိုရုံနဲ့ ထောင်တွေမှာလည်း အထူးသတိထား ကာကွယ်သင့်ပါတယ်။ အထူးသဖြင့်တော့ လူအိုရုံတွေမှာ အလုပ်လာလုပ်သူတွေက အပြင်ကနေ့စဉ်လာရတာကြောင်၊့ သူတို့မှာ ပိုးပါလာလျှင်၊ သက်ကြီးတွေကိုကူးပြီး သေဆုံးမူပါ များသွားနိုင်ပါတယ်။ ဒါကြောင့် ဒီလူစုနေတဲ့နေရာတွေမှာ အဝင်အထွက်တွေကိုလည်း ကြီးကြပ်သင့်ပါတယ်။ နောက်ပိုင်း အမြန်စစ်နိုင်တဲ့ Antigen Test တွေရလာလျှင်၊ ဒီ အဝင်အထွက် လုပ်နေရသူတွေကို၊ အထူးသဖြင့် လူအိုရုံတွေမှာ၊ စစ်ဆေးပေးနိုင်ဖို့ မျှော်မှန်းထားပါတယ်။

သေဆုံးနှုန်း စမြင့်တက်လာတာကို လျှော့ချနိုင်ဖို့ကတော့၊ ဆေးရုံအချိန်မီ ရောက်ဖို့နဲ့ သေဆုံးဖို့များတဲ့ ရောဂါအခံရှိသူနဲ့ သက်ကြီးတွေကို အစထဲက မကူးအောင်ကာကွယ်ဖို့ပါ။ ဒါကြောင့် ပြည်သူတွေအနေနဲ့ ကိုဗစ်ရဲ့ အဓိက သံသယလက္ခဏာဖြစ်တဲ့ အနံ့ပျောက်တာဖြစ်တာနဲ့ စောစော ဆေးရုံပြသင့်ပါတယ်။ Comorbid (ခေါ်) ရောဂါအခံရှိထားသူ (အထူးသဖြင့် ဆီးချိုရှိသူ) တွေနဲ့ သက်ကြီးတွေအနေနဲ့လည်း၊ အိမ်ထဲမှာနေတာအပြင်၊ အပြင်ထွက်တဲ့ အခြားအိမ်သူအိမ်သားတွေနဲ့လည်း၊ သီးခြားခွဲနေထိုင်၊ စားသောက်တာ (Self-Isolation/ Self-Quarantine) လုပ်သင့်ပါတယ်။ ဒါ့အပြင် ရောဂါအခံရှိသူတွေအနေနဲ့ ပုံမှန်သောက်နေရတဲ့ဆေးတွေ လုံးဝမပြတ်အောင်လည်း ကြိုတယ်ဝယ်ယူ စုဆောင်းပြီး၊ အမြဲလက်ဝယ်ဆောင်ထားသင့်ပါတယ်။

အလားတူ သေဆုံးမူလျှော့ချနိုင်ရေးအတွက် ကုသမူပေးရာမှာလည်း၊ ကျန်းမာရေးဝန်ကြီးဌာနဘက်ကတော့ နိုင်ငံတကာစံချိန်မီ အကောင်းဆုံး နောက်ဆုံးပေါ်ဆေးတွေ (ဥပမာ၊ Cytokine Storm အတွက် Interleukin ၊ Remdesivir ၊ ဂျပန်က Avigan၊ မြန်မာပြည်မှာ ရှိထားတဲ့ Dexamethasone စတာ) တွေကို သုံးနေပါတယ်။ ဒါ့အပြင် ပါမောက္ခဌာနမူးတွေ ဦးဆောင်ကာ အမေရိကန်အပါအဝင် နိုင်ငံတကာမိတ်တွေများနဲ့ Webinar (အင်တာနက်ဆွေးနွေးပွဲ) တွေလုပ်ပြီး၊ နောက်ဆုံးပေါ် ထိရောက်တဲ့ ကုထုံးတွေကို သုံးနေပါတယ်။ နောက်အရေးကြီးတဲ့ စိန်ခေါ်မူဖြစ်တဲ့ ဗြုန်းကနဲများလာတဲ့ လူနာတွေကို ထားဖို့နေရာရှာတာကိုလည်း၊ ရန်ကုန်တိုင်းအစိုးရက အကောင်းဆုံး ကြိုးပမ်းပေးနေပါတယ်။ ဒါ့အပြင် ပြည်တွင်းအလူရှင်တွေအနေနဲ့ ဟိုတယ်နေရာပေးတာ၊ အဆောက်အဦးတွေ ပေးသုံးတာအပြင်၊ ယာယီဆေးရုံတဲ (Tent Hospital) ထိုးပေးတာတွေကို အချိန်တိုအတွင်း အလုံးအရင်းနဲ့ ကူညီနေပါတယ်။ နိုင်ငံတကာအလူရှင်အဖွဲ့တွေကလည်း၊ ICU (အထူးကြပ်မတ်ကုသဆောင်) တွေ၊ အသက်ရူစက် (Ventilator) တွေနဲ့ အခြားဆေးရုံသုံးပစ္စည်း ကရိယာတွေကို အများအပြား ပံ့ပိုးပေးနေကာ၊ အစိုးရဘဏ္ဍာများစွာလည်း စိုက်ထုတ်ပြီး လိုအပ်တဲ့ဆေးတွေ ဝယ်ကာ၊ ဆေးရုံအဆင့်အတန်းကို မြှင့်တင်ထားပါတယ်။ ဒါကြောင့် ဒီသေဆုံးနှုန်းတွေ မကြာခင် ပြန်ကျလာဖို့ မျှော်မှန်းထားပါတယ်။ ဒါပေမဲ့ လောလောဆယ်မှာတော့ ပိုးတွေ့နှုန်းက ဆက်တက်နေနိုင်ပြီး၊ စက်ရုံအလုပ်ရုံစပိတ်တဲ့ စက်တင်ဘာ (၂၄) ရက် နောက်ပိုင်း (၂) ပတ်လောက်မှာ၊ သက်ရောက်မူကို စတွေ့နိုင်ဖို့ မျှော်မှန်းထားပါတယ်။

ဒါ့အပြင် သေဆုံးနှုန်းတွေ တက်မလာဖို့ နောက်အရေးကြီးတာတစ်ခုက၊ မရှိမဖြစ် ကုသပေးနေရတဲ့ ဆေးရုံဝန်ထမ်းတွေ အများကြီး မကူးစက်ခံရဖို့ပါ။ လက်ရှိမှာ ကူးစက်ခံရတဲ့ ဆေးရုံဝန်ထမ်းအများစုက၊ အရေးပေါ်ခွဲစိပ်လူနာတွေမှာ ပိုးရှိနေမှန်း မသိဘဲ၊ ခွဲပေးခဲ့ရတာကနေ ဖြစ်ခဲ့တာပါ။ အခုတော့ အမြန်စစ်နိုင်တဲ့ Antigen Test Kit တွေ (၄) သိန်းကျော် ရောက်ရှိလာတာကြောင့်၊ မခွဲခင်လူနာတွေ ပိုးရှိ၊ မရှိ နာရီဝက်အတွင်း စစ်နိုင်တော့မှာမို့၊ ဒီကူးစက်မူကို ကာကွယ်ဖို့ လမ်းစပေါ်လာပါပြီ။ ဒါ့အပြင် Test Kit တွေနဲ့ အမြန်စစ်နိုင်တာကြောင့်၊ အခြားပိုးရှိသူတွေကိုလည်း စောစီးစွာသိနိုင်ပြီး၊ ထိတွေ့မူကွင်းဆက် (Contact Tracing) တွေကို အမြန်ဆက်လိုက်ကာ၊ ခွဲထုတ်ထားပြီး၊ ကူးစက်မူကွင်းဆက်ကို လျှော့ချနိုင်ဖို့ အလားအလာလည်း ရှိနေပါပြီ။ ဒါ့အပြင် ဆေးရုံမှာ ဆေးပစ္စည်းတွေ (PPE တကိုယ်ရေအကာအကွယ်ဝတ်စုံ၊ N95 နှာခေါင်းစည်း၊ စတာ) နဲ့ ဆေးတွေ မပြတ်လပ်ရအောင်၊ ကွန်ပြူတာ Dashboard စနစ်နဲ့ စီစဉ်ထားပြီး၊ ဒီထောက်ပံ့ရေးစနစ် တွက်ချေကိုက်မူ (Logistic System Efficiency) တက်လာအောင် အလေးထားလုပ်ဆောင်နေပါတယ်။

ဒီရောဂါနဲ့ စီမံလုပ်ဆောင်မှုတွေကို ပိုမိုသိရှိနိုင်ဖို့ ကိုဝင်းမင်း က ကျန်းမာရေးနဲ့အားကစားဝန်ကြီး ဒေါက်တာမြင့်ထွေးကို ဆက်သွယ်မေးမြန်းထားပါတယ်။

==Unicode==









XS
SM
MD
LG