အိန္ဒိယနိုင်ငံက ကူးစက်မူမြန်၊ ပြင်းထန်လွန်းတဲ့ ကိုဗစ်-19 ဗီဇပြောင်းမျိုးကွဲသစ်အပါအဝင်၊ အခြားမျိုးကွဲသစ်တွေကို မြန်မာနိုင်ငံမှာ စတင်တွေ့ရှိလာတာမို့၊ ပိုကာကွယ်ကြဖို့၊ ကျန်းမာရေးတာဝန်ရှိသူတွေက အလေးအနက် သတိပေးပြောဆိုနေပါတယ်။
တကမ္ဘာလုံးမှာ စိုးရိမ်ထိတ်လန့်နေရတဲ့ ကိုဗစ်ပိုး မျိုးကွဲသစ်တွေ မြန်မာနိုင်ငံထဲစဝင်လာချိန်မှာ၊ ကိုဗစ် ကာကွယ်ထိန်းချုပ်ကုသရေးထဲ ပထမဆုံး အရေးကြီးဆုံးဖြစ်တဲ့ ကာကွယ်ရေးလုပ်ငန်းတွေက ပိုအရေးပါလာနေပါတယ်။ ပုံမှန်ကာကွယ်ရေးနည်းတွေဖြစ်တဲ့ Mask ပါးစပ်နဲ့ နှာခေါင်းစည်းတပ်တာ၊ လက်ဆေးတာနဲ့ လူချင်းခပ်ခွာခွာနေတာတွေကို ပြန်ပြီး ပိုလုပ်ဖို့ လိုလာတာအပြင်၊ ရနိုင်တဲ့ ကိုဗစ်ကာကွယ်ဆေးထိုးဖို့လည်း ပိုလိုလာပါတယ်။ လက်ရှိ မြန်မာနိုင်ငံထဲ လူဦးရေ ၁.၈ သန်းနီးပါးကို၊ အိန္ဒိယထုတ် AstraZeneca ကုမ္ပဏီကာကွယ်ဆေး Covishield ထိုးထားပြီး၊ ထိရောက်မူ (Efficacy) က၊ အိန္ဒိယမျိုးကွဲသစ် Delta ကို ၅၀% အထက်ကာကွယ်နိုင်ကာ၊ ဗြိတိန်မျိုးကွဲသစ် Alpha ကိုလည်း ၇၀% ခန့် ကာကွယ်နိုင်တာကို တွေ့ထားပါတယ်။ ဒါ့အပြင် WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အသိအမှတ်ပြု တရုတ်ကာကွယ်ဆေး Sinopharm ကိုလည်း၊ အိန္ဒိယထုတ် ကာကွယ်ဆေးတွေ ထပ်မပို့နိုင်ခင်၊ စထိုးပေးနေရာမှာ၊ တတ်နိုင်သလောက် ပါဝင်ထိုးနှံသင့်ပါတယ်။
တချိန်ထဲမှာ သိထားပြီးသား ကိုဗစ် ကာကွယ်ရေးနည်းတွေကလည်း၊ အခု ကူးစက်မြန်၊ ပြင်းထန်တဲ့ ပိုးမျိုးကွဲသစ်တွေအပေါ် အများကြီး ထိရောက်မူ ရှိနေပါတယ်။ ပါးစပ်နဲ့ နှာခေါင်းစည်း Mask တွေကို ဒီပိုးမျိုးကွဲသစ်တွေက ဖောင်းထွင်းကူးစက်နိုင်ခြင်း မရှိပါဘူး။ ဒါပေမဲ့ Mask ကိုတော့ (၃) လွှာပါတာကိုသာသုံးပြီး၊ စနစ်တကျလုံအောင်တပ်ဖို့၊ အပြင်ဖက်ကို လက်နဲ့မပွတ်မိဖို့နဲ့၊ မေးမှာချိတ်မထားဖို့ အရေးကြီးပါတယ်။ ဒါ့အပြင် ပိုးဗီဇပြောင်းပေမယ့် မျက်နှာပြင် အဆီလွှာကိုတော့ မပြောင်းတာကြောင့်၊ ဆပ်ပြာနဲ့ စက္ကန့် (၂၀) ကြာ အသေအချာဆေးလျှင် ဒီပိုးတွေကို ပျက်စီးကွာကျ ကင်းစင်သွားစေပါတယ်။ ဒါ့အပြင် ပိုးမျိုးကွဲသစ်ကလည်း၊ ပုံမှန် အသက်ရူချိန် (၅) ပေခွဲလောက်သာ ရောက်နိုင်တာကြောင့်၊ Mask တပ်ထားလျှင် ပိုဝေးဝေး မရောက်နိုင်တော့တာကြောင့်၊ ချောင်းဆိုးနှာချေးလျှင်တောင် အလားတူ ကာကွယ်ထားနိုင်ပါတယ်။ ဒါကြောင့် အပြင်လူတွေနဲ့ (၆) ပေ အကွာ၊ ခပ်ခွာခွာနေနိုင်လျှင် အကောင်းဆုံး ကာကွယ်နိုင်ပါတယ်။ ဒါ့အပြင် လူစုလူဝေးလည်း ရှောင်သင့်ပါတယ်။
အရေးကြီးတာတစ်ခုက၊ ကိုဗစ် ကာကွယ်ဆေး ထိုးပြီးသူတွေအနေနဲ့လည်း၊ အထက်ပါ ကာကွယ်ရေးနည်းလမ်းတွေကို ဆက်ကျင့်သုံးဖို့ လိုပါတယ်။ အကြောင်းက ကာကွယ်ဆေး ထိုးပြီးသားသူတွေမှာ ၁၀၀% အပြည့်မကာကွယ်နိုင်ချိန်မှာ၊ တစုံတရာ ကာကွယ်နိုင်တာမို့၊ ပိုးဝင်လာခဲ့လျှင်တောင် အသက်အန္တရာယ် ထိခိုက်လောက်အောင် ပြင်းထန်ဖို့ အခွင့်အလမ်းနည်းပေမယ့်၊ သူကတဆင့် အခြား ကာကွယ်ဆေး မထိုးထားသူတွေကိုတော့ လွယ်လွယ်ကူးစက်နိုင်သေးလို့ပါ။ ဒီနည်းနဲ့ မိသားစုဝင်တွေ၊ နီးစပ်သူတွေနဲ့ လုပ်ဖော်ကိုင်ဖက်တွေကို၊ ကြားခံပိုး သယ်ဆောင်သူအဖြစ် (Carrier) ကူးစက်သွားစေနိုင်ပါသေးတယ်။
ဒါ့အပြင် အခု အိန္ဒိယမျိုးကွဲသစ် Delta က၊ နဂိုကူးစက်မူမြန်တဲ့ ဗြိတိန်မျိုးကွဲသစ် Alpha (မူရင်းပိုးထက် ၃၀-၅၀% ပိုမြန်) ထက်ပါ၊ ၂ ဆ ထပ် ပိုမြန်နေတာကြောင့်၊ ပိုပြီးအထူးသတိပြုကာကွယ်ဖို့ အထူးအရေးကြီးလာနေပါတယ်။ အထူးသဖြင့် ကူးစက်မူအန္တရာယ်များလွန်းတဲ့ အလုံပိတ်အခန်း (Indoor)၊ လေဝင်လေထွက်မကောင်းတဲ့ အခန်းတွေကို တတ်နိုင်လျှင် ပိုရှောင်ကျဉ်ဖို့၊ မတတ်နိုင်လျှင်တော့ ဒီလိုနေရာမျိုးတွေမှာ Mask တပ်ဖို့၊ မကြာခဏလက်ဆေးဖို့နဲ့ ခပ်ခွာခွာပါနေဖို့တွေကို ပိုအပြည့်အဝ လုပ်ပေးဖို့ လိုလာပါတယ်။ ဖြစ်နိုင်လျှင်တော့ လေဝင်လေထွက်ကောင်းတဲ့နေရာတွေမှာ အဓိက နေထိုင်လုပ်ကိုင်သင့်ပါတယ်။
နောက်အရေးကြီးတာတစ်ခုက ပိုးမျိုးကွဲသစ် ကူးစက်ခံရလျှင် ပိုအန္တရာယ်ကြီး အသက်ဆုံးရှုံးတဲ့အထိ ဖြစ်သွားနိုင်တဲ့၊ သက်ကြီးနဲ့ ရောဂါအခံရှိသူတွေအတွက် ကာကွယ်ရေးကို ပိုသတိပြုလုပ်ပေးဖို့ပါ။ အကြောင်းက အိန္ဒိယမျိုးကွဲသစ်က ဗြိတန်မျိုးကွဲသစ်အပါအဝင် အခြားမျိုးကွဲသစ်တွေထက် အများကြီးပြင်းထန်တာကို၊ အိန္ဒိယမှာ ဝမ်းနည်းဖွယ် ဖြစ်ရပ်တွေက သက်သေအခိုင်အမာပြထားပြီးသားမို့ပါ။ အိမ်မှာသာ အဓိကနေလေ့ရှိပြီး ကာကွယ်ပြီးတဲ့သဘောဖြစ်နေတဲ့ အိမ်က သက်ကြီးနဲ့ ရောဂါအခံရှိသူတွေနဲ့ မျက်နှာချင်းဆိုင် အနီးကပ် အတူစားသောက်တာမျိုးကို၊ အမြဲအပြင်ထွက် အလုပ်လုပ်ရသူတွေအနေနဲ့ ရှောင်ကျဉ်ပေးသင့်ပါတယ်။ ဒါ့အပြင် အပြင်ကပြန်လာချိန် တပ်ထားခဲ့တဲ့ Mask ကို စနစ်တကျ ကြိုတင်စွန့်ပစ်ပြီး၊ လက်ကိုလည်း စနစ်တကျစင်အောင် ဆေးကြောပြီးမှသာ၊ အိမ်ထဲက အခြားအရာတွေကို ကိုင်တွယ်သင့်ပါတယ်။ သို့မဟုတ်ပါက အိမ်သားတွေကို ထိမိကိုင်မိရာတွေကနေ၊ လေဝင်လေထွက်မကောင်းတဲ့ အခန်းမျိုးတွေကနေ အလွယ်တကူ ကူးစက်သွားစေနိုင်ပါတယ်။
ဒီအကြောင်း ပိုမိုသိရှိနားလည်နိုင်ဖို့ ကိုဝင်းမင်းက ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ပြောခွင့်ရနဲ့၊ အမေရိကန် CDC ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးဌာနမှာ သင်ယူခဲ့တဲ့၊ ကူးစက်ရောဂါဗေဒကျွမ်းကျင်သူ ဒေါက်တာသန်းနိုင်စိုး ကို ဆက်သွယ်မေးမြန်းထားပါတယ်။
==Unicode==