ကလေးမိခင်တွေ အထူးသိချင်ကြတဲ့ ကလေးငယ်ဖြည့်စွက်စာ ကျွေးပုံကျွေးနည်းကို နိုင်ငံတကာစံတွေနဲ့ညီပြီး၊ မှတ်ရလည်းလွယ်ကူအောင်၊ ကဗျာလေးတပုဒ် ရေးစပ်ထားတာ ရှိပါတယ်။
အချက် (၁၀) ချက်ပါတဲ့ ဖြည့်စွက်စာ ကျွေးပုံကျွေးနည်ကဗျာထဲက ...
ပထမ (၁) ချက်ကတော့ “မွေးစမှကွယ် (၆) လရွယ် နို့တစ်မျိုးတည်း တိုက်ပါမယ်။ ဖြည့်စွက်စာဟူသမျှ၊ (၆) လ ရောက်မှ၊ ဖြည်းဖြည်းစ” ဖြစ်ပါတယ်။ ဆိုလိုတာက (၆) လ အရွယ်ထိ မိခင်နို့က အကောင်းဆုံး အာဟာရဖြစ်ပြီး တခြားအစာတွေ ကျွေးမိလျှင် မိခင်နို့ထက်အားနည်းတဲ့ အဟာရတွေ နေရာဝင်ယူသွားပြီး၊ နို့စို့နည်းသွားတာကြောင့်၊ အာဟာရကို အမြင့်မားဆုံး မရနိုင်တော့တာမို့၊ မိခင်နို့တစ်မျိုးတည်း တိုက်သင့်တာပါ။ ဒီနေရာမှာ ကလေးကို ရေလည်း မတိုက်သင့်ပါဘူး၊ ဘာလို့လဲဆိုတော့ မိခင်နို့မှာ ရေ ပါပြီးသားဖြစ်နေလို့ပါ။
အချက် (၂) ကတော့ “ဖြည့်စွက်စာကျွေးသည့်အခါ၊ စိတ်လက်ရှည်စွာ ချော့မြှူပါ။ အရသာစုံမှ ပျော်တယ်ဗျ၊ အတင်းအကြပ်မကျွးရ” ဖြစ်ပါတယ်။ ဆိုလိုတာက ကလေးမစားချင်လျှင် အတင်းအကြပ် မကျွေးသင့်ဘဲ၊ ကလေးစားနိုင်သလောက်သာ စကျွေးဖို့ပါ။ ဘာလို့လဲဆိုတော့ မိခင်နို့က (၆) ကနေ (၈) လအထိကို ကလေးမှာလိုအပ်တာအားလုံးဖြည့်ဆည်းပေးသားဖြစ်နေပြီး၊ (၆) လပြည့်ချိန်မှာ ကလေး စားတတ်လာအောင် လေ့ကျင့်ပေးတာသာဖြစ်တာမို့၊ နည်းနည်းနဲ့ စလို့ရနေတာပါ။ ဒီအစပိုင်းမှာ လောဘတကြီးနဲ့ အများကြီး (၂) ကြိမ် (၃) ကြိမ် အတင်း ကျွေးစာရာမလိုသေးပါဘူး။ ဒီနေရာမှာ ကလေးမစားချင်လျှင် အတင်းကျွေးမဲ့အစား၊ ကလေး စားချင်လာအောင် အရသာမျိုးစုံဖြစ်မယ့် အစာမျိုးစုံ (ဥပမာ၊ ဆန်ပြုတ်နဲ့စပြီး နောက်ပိုင်း ငါးဆန်ပြုတ်၊ နောက် ပဲဟင်းချို၊ နောက် ဌက်ပျောသီး စတာတွေ) ကို ပြင်ဆင်ပေးပြီး စိတ်ရှည်ရှည် ချော့မြှူကျွေးလျှင် ပိုသင့်တော်ပါတယ်။
အချက် (၃) က “ပန်းကန်ခွက်ယောက်၊ လက်ဆေးမယ်၊ သန့်ရှင်းဖို့က၊ အရေးကြီးတယ်၊ ပူပူနွေးနွေး ချက်ချင်းကျွေး၊ နောက်တစ်ကြိမ်တွင်၊ ပြန်၍နွှေး” ဖြစ်ပါတယ်။ ဆိုလိုတာက ဖြည့်စွက်စာကျွေးရာမှာ ပတ်သက်တဲ့ အသုံးအဆောင်တွေပါ အားလုံးက သန့်ရှင်း၊ ပူနွေးဖို့ပါ၊ ဘာကြောင့်လဲဆိုတော့ သန့်ရှင်း၊ ပူနွေးမူမရှိလျှင် ရောဂါပိုးတွေ ဝင်လာပြီး ကလေး ဝမ်းပျက်ဝမ်းလျော ဖြစ်နိုင်လို့ပါ။ ဒါကြောင့်မို့ ချက်ပြုတ်ပြင်ဆင်ပြီးချိန်မှာ ချက်ချင်းကျွေးသင့်ကာ၊ နောက်မှ တစ်ခါထပ်ကျွေးလျှင်လည်း နွေးအောင် ပြန်နွှေးဖို့ပါ၊ ဒါပေမဲ့ အရမ်း ပူလွန်းတာတော့ မဖြစ်သင့်ပါဘူး။
အချက် (၄) ကတော့ “(၆) လအစ၊ ကျွေးစဉ်မှာ၊ ပမာဏက၊ နည်းနည်းသာ” ဖြစ်ပါတယ်။ ဆိုလိုတာက (၆) လစရောက်တာနဲ့ မိခင်တွေဖက်က အများကြီးစကျွေးချင်ကြပေမဲ့၊ အထက်မှာပြောခဲ့သလို အစပိုင်းမှာ မိခင်နို့နဲ့လုံလောက်နေတာကြောင့် ကျွေးကျင့်စလုပ်တာသာဖြစ်ပြီး၊ အများကြီးသွားကျွေးမိလျှင်လည်း ကလေးက မစားနိုင်သေးတာမို့၊ နည်းနည်းနဲ့ဖြည်းဖြည်းချင်းသာ စ ကျွေးသင့်ပါတယ်။
အချက် (၅) က “နှစ်ခြိုက်သလို၊ ပို၍ကျွေး၊ မိခင်နို့လည်း၊ မဖြတ်သေး” ဖြစ်ပါတယ်။ ဆိုလိုတာက ကလေး ပိုကြိုက်တာ ပိုစားလာတာနဲ့ အမျှ တဖြည်းဖြည်း အလိုက်သင့် ပိုတိုးကျွေးသွားနိုင်တာပါ။ အခုလို အပြင်စာ ပိုစားလာနိုင်ပေမဲ့၊ မိခင်နို့ကိုတော့ မဖြတ်သင့်သေးဘဲ၊ အနည်းဆုံး ကလေး (၂) နှစ်အထိ ဆက်တိုက်သင့်ပါတယ်။ အာဟာရ အပြည့်အဝကို ရနိုင်အောင်လို့ပါ။
အချက် (၆) ကတော့ “ပျော့ပျောင်းစာမှ၊ စတင်ပါ၊ “ဝါး” သည့်ပညာ တတ်လွယ်တာ။ ၈ လ အရွယ်မှာ အထိုင်ကျ၊ ကိုယ်တိုင်ကိုင်၍၊ စားနိုင်ကြ။ (၁) နှစ်သားလေး၊ ကိုယ်လူလည်၊ ထမင်းဝိုင်းမှာ၊ သူပါမယ်။ ပျော့ပျော့သေးသေး၊ တုံး၍ကျွေး၊ အကောင်းဆုံးကို၊ သူ့အတွက်ရွေး” ဖြစ်ပါတယ်။ ဆိုလိုတာက မိခင်တချို.ထင်သလို ကလေးစာကို မှုန့်နေအောင် ကြိတ်ဖို့မလိုဘဲ၊ ပျော့ပျောင်းနေလျှင် ရပါတယ်၊ ဥပမာ ဆန်ပြုတ်ကို ဇွန်းနဲ့ချေပေးပြီး ကျွေးနိုင်ပါတယ်။ ကလေးက ဝါးတာကို တတ်လွယ်လို့ပါ။ ဒါ့အပြင် (၈) လအရွယ်မှာ သူ့လက်နဲ့သူကိုင်၊ ထိုင်ပြီး ကိုယ်တိုင် စားတတ်ပြီမို့၊ သူ့ကို ကိုယ်တိုင် ပေးစားနိုင်ပါတယ်။ ဒီအချိန်မှာ သွားလည်းစပေါက်လေ့ရှိပြီး၊ မပေါက်လျှင်တောင် သွားဖုံးအောက်မှာ သွားရှိနေပြီမို့၊ သူကိုယ်တိုင် စ ဝါးစားနိုင်ပါပြီ။ နောက် (၁) နှစ် အရွယ်ရောက်လာလျှင်တော့ သူ့ကို သီးသန့်မထားဘဲ၊ လူကြီးတွေနဲ့ တူတူပေးစားနိုင်ပါတယ်၊ ဒါပေမဲ့ အပူအစပ်တွေတော့ သူမစားသင့်သေးပါဘူး။ ဒါ့အပြင် ထမင်းးချည်းပိုကျွေးတာမျိုးမဟုတ်ဘဲ၊ တန်ဖိုးးရှိတဲ့ အသား၊ငါး၊ အသီးအရွက်တွေပါ အတုံးငယ်လေးတွေ၊ စဉ်းကောမျိုးတွေ လုပ်ပေးတာတွေနဲ့ အကောင်းဆုံး ဟင်းတွေပါ ဦးစားပေးပြီး ပိုများများထည့်ကျွေးဖို့ အရေးကြီးပါတယ်။
ဒီကဗျာစပ်ထားတဲ့ ကလေးအထူးကုနဲ့ ဆေးတက္ကသိုလ် (၁) ကလေးကျန်းမာ၊ပညာဌာန အငြိမ်းစား ဌာနမှူး ပါမောက္ခ ဒေါက်တာစောဝင်း ကို ကိုဝင်းမင်းက မေးမြန်းတင်ပြထားပါတယ်။
ကဗျာအပြည့်အစုံ ...