သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တရုတ်နိုင်ငံကိုသွားမယ်


ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ တရုတ်သမ္မတ ရှီကျင်းပင်တို့ နေပြည်တော်မှာ တွေ့ဆုံကြစဉ်။ ဇန်နဝါရီ ၁၈၊၂၀၂၀။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ တရုတ်သမ္မတ ရှီကျင်းပင်တို့ နေပြည်တော်မှာ တွေ့ဆုံကြစဉ်။ ဇန်နဝါရီ ၁၈၊၂၀၂၀။

စစ်ကောင်စီအကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တရုတ်နိုင်ငံက ဖိတ်ကြားလို့ တရုတ်နိုင်ငံ ကူမင်းမြို့ကိုမကြာမီရက်ပိုင်းမှာပဲ သွားရောက်မယ်လို့ စစ်ကောင်စီဘက်က ဒီကနေ့ နိုဝင်ဘာလ ၄ရက်နေ့ တနင်္လာနေ့ရက်စွဲနဲ့ တရားဝင်သတင်းထုတ်ပြန်လိုက်ပါတယ်။ မြန်မာနိုင်ငံမှာ အရပ်သားအစိုးရလက်ကနေ ရွေးကောက်ပွဲ မဲမသမာမှုအကြောင်းပြ စစ်အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ်နောက်ပိုင်း စစ်အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ရဲ့ ပထမဆုံးအကြိမ် တရုတ်ပြည်ခရီးစဉ်အဖြစ် သွားရောက်မယ့် ခရီးစဉ်အတွင်းမှာ တရုတ်အစိုးရအဖွဲ့ တာဝန်ရှိသူတွေနဲ့တွေ့ဆုံဆွေးနွေးမှာဖြစ်သလို တရုတ်နိုင်ငံမှာ ကျင်းပပြုလုပ်မယ့် မဲခေါင်ထိပ်သီးအစည်းအဝေးတွေကိုလည်း တက်ရောက်မယ်လို့လည်း သတင်းထုတ်ပြန်ထားတာပါ။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သွားမယ့် တရုတ်ပြည်ခရီးစဉ်အတွင်း နိုဝင်ဘာလ ၆ရက်နေ့ကနေ နိုဝင်ဘာလ (၇)ရက်နေ့အထိ တရုတ်နိုင်ငံ ကူမင်းမြို့မှာကျင်းပမယ့် အဌမအကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲ ထိပ်သီးအစည်းအဝေး ၊ နောက် ၁၀ကြိမ်မြောက် ဧရာဝတီ- ကျောက်ဖရား-မဲခေါင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာထိပ်သီးအစည်းအဝေး၊ (၁၁) ကြိမ်မြောက် ကမ္ဘောဒီးယား-လာအို-မြန်မာ- ဗီယက်နမ် ပူးပေါင်းဆောင်ရွက်မှုထိပ်သီးအစည်းအဝေးမှာ ပါဝင်တက်ရောက်မယ်လို့လည်း စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားပါတယ်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တရုတ်နိုင်ငံကို သွားရောက်မယ့်ခရီးစဉ်ထဲမှာ တရုတ်-မြန်မာ နှစ်နိုင်ငံကြား ချစ်ကြည်ရေး စီးပွားရေး ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်ရေးတွေကိုပိုပြီးတော့မှ တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်သွားမှာဖြစ်တဲ့အကြောင်း စစ်ကောင်စီသတင်းမှန်ပြန်ကြားရေးအဖွဲ့ က ဒီနေ့ သတင်း ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

အခုလို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တရုတ်နိုင်ငံကို အာဏာသိမ်းနောက်ပိုင်း ပထမဆုံးအကြိမ်သွားရောက်မယ့်ခရီးစဉ်နဲ့တပြိုင်နက်တည်းမှာပဲ နိုင်ငံရေးပါတီအချို့ရဲ့ ထိပ်ပိုင်းခေါင်းဆောင်တချို့ကိုလည်း တရုတ်ဘက်က ဖိတ်ကြားထားတဲ့အတွက် တရုတ်ခရီးစဉ်တွေသွားရောက်ဖို့ ရှိတယ်လို့လည်း သတင်းရရှိပါတယ်။

တရုတ်အစိုးရအာဏာပိုင်တွေဘက်က− တရုတ်-မြန်မာနယ်စပ်မှာ စစ်ကောင်စီတပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ကာကွယ်ရေးပူးပေါင်းတပ်တွေနဲ့ တိုက်ပွဲတွေပြင်းထန်လာနေသလို စစ်ကောင်စီစခန်းတချို့နဲ့ နယ်စပ်မြို့တချို့ကို တော်လှန်ရေးတပ်တွေဘက်က သိမ်းပိုက်နေချိန်မှာပဲ တရုတ်-မြန်မာနယ်စပ်ဂိတ်တွေ ပိတ်ပစ်လိုက်ပြီး မြန်မာဘက် ပို့မယ့် တရုတ်ကုန်ပစ္စည်းတွေကို ကန့်သတ်လိုက်ပါတယ်။

တချိန်တည်းမှာပဲ စစ်ကောင်စီနဲ့ တိုက်ပွဲအပြင်းအထန်ဖြစ်နေတဲ့ ကချင်အပါအဝင် ထိပ်ပိုင်းတိုင်းရင်းသားခေါင်းဆောင်တချို့ကို တရုတ်အာဏာပိုင်တွေက ခေါ်ယူတွေ့ဆုံဆွေးနွေးပြီး တရုတ်-မြန်မာနယ်စပ် လုံခြုံရေး စီးပွားရေးကိစ္စတွေ မထိခိုက်အောင် ထိန်းထိန်းသိမ်းသိမ်းဆောင်ရွက်ကြဖို့ သတိပေးပြောကြားခဲ့တာတွေရှိနေချိန်မှာပဲ အခုလို အာဏာသိမ်းစစ်ခေါင်းဆောင်
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ရဲ့ တရုတ်ပြည်ခရီးစဉ် စတင်လိုက်တာလည်းဖြစ်ပါတယ်။

Forum

XS
SM
MD
LG