သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလအထူးကိုယ်စားလှယ်နဲ့ မြန်မာစစ်ခေါင်းဆောင်တွေ့ဆုံမှု တုံ့ပြန်ချက်များ


မြန်မာဆိုင်ရာ ကုလအထူးကိုယ်စားလှယ် Julie Bishop
မြန်မာဆိုင်ရာ ကုလအထူးကိုယ်စားလှယ် Julie Bishop

မြန်မာဆိုင်ရာ ကုလအထူးကိုယ်စားလှယ် Julie Bishop ၊ စစ်ကောင်စီခေါင်းဆောင်နဲ့ တွေ့ဆုံခဲ့တာက အစကောင်းလို့ သုံးသပ်ကြပါတယ်။ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးသံ တမန် Bishop က ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ထပ်တွေ့ဖို့လည်းရှိတယ်လို့ ကုလ အထွေထွေ ညီလာခံမှာ မနေ့က ပြောသွားပေမဲ့ လက်တွေ့ဆက်တွေ့နိုင်ဖို့ ပိုအရေးကြီးတယ်လို့လည်း သုံးသပ်ကြပါတယ်။ ဒီမိုကရေစီနဲ့ တိုင်းရင်းသားအင်အားစုတွေနဲ့လည်းတွေ့ဆုံခဲ့တဲ့ Bishop အနေနဲ့ ဘာတွေ ဆွေးနွေးနိုင်ခဲ့ပြီး ရှေ့ဆက် ဘာတွေ မျှော်လင့်နိုင်ပါလဲ။ ကိုဝင်းမင်းက မေးထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ NUG အမျိုးသား ညီညွတ်ရေးအစိုးရ၊NUCC အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီနဲ့ တိုင်းရင်းသားအဖွဲ့ ကိုယ်စားလှယ်တွေနဲ့ပါ အရင်တွေ့ဆုံခဲ့တဲ့ကုလအထူးသံနဲ့ အခု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တွေ့ဆုံမှုထဲ ဆွေးနွေးနိုင်တာကို ISP မြန်မာ မဟာဗျူဟာနဲ့ မူဝါဒလေ့လာရေး အင်စတီကျုအဖွဲ့ ဒါရိုက်တာ ဦးအောင်သူငြိမ်းက အခုလို ထောက်ပြပါတယ်။

“နှစ်ဘက်က ပြောစရာရှိတာတွေ၊ အထူးသဖြင့်တော့ ဒီ ကုလသမဂ္ဂအထူးသံပေါ့နော်၊ ဂျူလီ ဘစ်ရှော့က သူ့ကို ရေရှည်ဆက်ပြီးတွေ့ခွင့်ပေးဖို့ ကုလသမဂ္ဂရဲ့လုပ်ငန်းဆောင်တာတွေ ဆက် ချဲ့ထွင်ခွင့်ပေးဖို့ ဒါတွေ တိုက်တွန်းမယ်လို့ ယူဆရပါတယ်။ တဘက်ကကျတော့လည်း စစ်ကောင်စီ ဘက်ကလည်း ဆက်ပြီးတော့ သူ့ရဲ့လုပ်ငန်းတွေပေါ့ဗျာ၊ အခု လုပ်ဆောင်နေတာ မှန်ကန်တယ်။ နောက်တခါကျတော့လည်း ရွေးကောက်ပွဲကိုလည်း ကျင်းပမယ်၊ ဆိုတော့ ဒီအနေအထားကို ကုလသမဂ္ဂက ပူးပေါင်းဆောင်ရွက်ပါ-လို့ ပြောမယ်လို့ ထင်တာပဲ။”

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ဒီလ အောက်တိုဘာလလယ်မှာတွေ့ခဲ့တယ်လို့ နီးစပ်သူတွေပြောတဲ့ ဒီကုလကိုယ်စားလှယ်အနေနဲ့ NUG နဲ့လည်း တွေ့ခဲ့ပြီးဖြစ်တာကို NUG သမ္မတရုံး ပြောခွင့်ရ ဦးကျော်ဇောက အခုလိုအတည်ပြုပါတယ်။

“ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ရဲ့အထူးကိုယ်စားလှယ်က “stakeholder အကုန်လုံးနဲ့ တွေ့မယ်ဆိုတဲ့အတိုင်း တွေ့တယ်” ဆိုတဲ့သတင်းထုတ်တာပေါ့နော်။ ကျနော်တို့ NUG ရော တွေ့တယ် ဆိုတာကိုလည်း သတင်းထုတ်တဲ့ထဲမှာ တွေ့ရတယ်။”

အခုလို အထူးသံတွေနဲ့ တွေ့ဆုံတာမျိုးမှာ ပြောလေ့ရှိတာကိုလည်း နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က အခုလိုရှင်းပြပါတယ်။

“အဓိက,ကတော့ lobby လုပ်တယ်ဆိုတဲ့နေရာမှာ envoy တွေကတော့ သူတို့ရဲ့လုပ်ငန်းအရရော ၊ တာဝန်အရရော အဖွဲ့ပေါင်းစုံနဲ့တွေ့ကြရတာပေါ့လေ။ ဆိုတော့ ကျမတို့ရဲ့အလုပ်ကလည်း စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုတွေ၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ five points consensus ကော၊ နောက် UN security council resolution ပေါ့နော်၊ ၂၆၆၉ မှာပါတဲ့ အချက်တွေပေါ့။ အဲဒီ အချက်တွေထဲမှာ နှစ်ခု common ဖြစ်နေတာက အရပ်သားပြည်သူလူထုကို အကြမ်းဖက် နေတာတွေ၊ တိုက်ခိုက်မှုတွေရပ်တန့်ဖို့ကိစ္စပါပဲ။ ဆိုတော့ အဲဒီကိစ္စတွေကို အဓိကကျူးလွန်နေတဲ့ လေကြောင်း တိုက်ခိုက်မှုတွေရော၊ ရွာတွေမီးရှို့တာတွေရော ကျူးလွန်နေတဲ့စစ်ကောင်စီကို အရင်ဆုံး အကြမ်းဖက်မှုတွေရပ်တန့်အောင် ဖိအားပေးရမယ်၊ တိုက်တွန်းရမယ်။”

ဒီ ကုလအထူးသံရဲ့ ကြိုးပမ်းမှုကိုကြိုဆိုပေမဲ့ လက်တွေ့ဆွေးနွေးပွဲတွေဖြစ်ဖို့တော့ ခက်လိမ့်မယ်လို့ CDM ဗိုလ်မှူးနောင်ရိုးက အခုလို သုံးသပ်ပြပါတယ်။

“UN special envoy အနေနဲ့ အတတ်နိုင်ဆုံး ညှိနှိုင်းအဖြေရှာဖို့ ကြိုးစားနေပုံ တွေ့ရပါတယ်။ ဒါပေမဲ့လည်း ကျနော်တို့ မြန်မာ့နိုင်ငံရေးပဋိပက္ခမှာ ပါဝင်ပတ်သက်နေသူတွေအနေနဲ့ကတော့ ငြိမ်းချမ်းရေးကိုဦးတည်နိုင်မယ့်အနေအထားကတော့ လက်ရှိမှာ မျှော်လင့်လို့မရနိုင်ဘူးလို့ မြင်ပါတယ်။ စကစအနေနဲ့လည်း ပြီးခဲ့တဲ့လပိုင်းတွေကပဲ မြောက်ပိုင်းအဖွဲ့တွေကို အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာ တဲ့အပြင်ကို နိုင်ငံအနှံ့မှာလည်း လေကြောင်းဗုံးကြဲမှုတွေကို အဆက်မပြတ်လုပ်ဆောင်နေတယ်။ အလားတူ တော်လှန်ရေးအင်အားစုတွေကကျတော့လည်း စစ်တပ်က နိုင်ငံရေးထဲကနေ မထွက်မချင်း ငြိမ်းချမ်းရေးကိုသွားဖို့ ညှိနှိုင်းဆွေးနွေးဖို့ဆိုတာ မရှိနိုင်သေးဘူးလို့ မြင်တယ်။ ပြီးကျတော့ ဒီလောက် အကွဲအဟ ကြီးမားနေတဲ့အချိန်မှာ ငြိမ်းချမ်းရေးလမ်းစပေါက်ဖို့ နိုင်ငံတကာရဲ့ကြိုးပမ်းမှုတွေကတော့ သိပ်အရာရောက်အုံးမယ်လို့ မထင်ဘူး။”

ဒါ့အပြင် ရှေ့ဆက် ပိုအရေးကြီးတာကိုလည်း ဦးအောင်သူငြိမ်းက အခုလို ဆက်ထောက်ပြပါတယ်။

“ကုလသမဂ္ဂရဲ့အခန်းကဏ္ဍက အရေးကြီးပါတယ်။ အဲဒီတော့ ကုလသမဂ္ဂရဲ့ အခုလက်ရှိ ကိုယ်စားလှယ် ပေါ့နော်၊ အထူးသံ ဘစ်ရှော့ကနေပြီးတော့ စစ်ကောင်စီနဲ့ရေရှည်ဆက်ပြီးတော့ တွေ့နိုင်မလားပေါ့၊ ပြီးခဲ့တဲ့ ကုလသမဂ္ဂရဲ့အထူးသံ နိုလင်း ဟေဇယ်က သူ့ရဲ့ခရီးစဥ်က နောက်ပိုင်းမှာ ဆက်ပြီး အလုပ်မဖြစ်တဲ့အနေအထားမျိုးဖြစ်သွားတယ်ဗျ။“

ဒီနေရာမှာ NUG ဘက်က အလေးအနက်ထား ထောက်ပြလေ့ရှိတာကိုလည်း ဒေါ်ဇင်မာအောင်က အခုလို ဆက်ရှင်းပြပါတယ်။

“နိုင်ငံရေးအဖြေရှာတယ်ဆိုတဲ့နေရာမှာ Myanmar Own, Myanmar Led ဖြစ်ဖို့လိုတယ်၊ မြန်မာပြည်သူ လူထုရဲ့ inspiration လိုလားနေတဲ့ စစ်တပ်နိုင်ငံရေးထဲကနေထွက်ဖို့၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးအတွက် ပြည်သူလူထုရဲ့အသံကို ထင်ဟပ်ဖို့လိုတယ်ပေါ့နော်။”

ဒီ ခရီးစဉ်ကနေ ရှေ့ဆက်ဘာမျှော်လင့်နိုင်တာနဲ့ ပိုအရေးပါနိုင်တာကို မေးတာမှာလည်း ဦးအောင်သူငြိမ်းက အခုလိုဆက်ထောက်ပြပါတယ်။

“သိပ်တော့ မျှော်လင့်ချက်များများမထားနိုင်ဘူးထင်ပါတယ်။ ဒါ ပထမဆုံး တွေ့ဆုံမှုဖြစ်တယ်။ ဒီအနေအထားမှာပဲဆက်ပြီးတော့ နောက်ပိုင်းမှာရေရှည်ဆက်တွေ့ပြီးတော့ ချဲ့ထွင်မှုရသွားဖို့၊ လုပ်နိုင်ဖို့လိုအပ်တယ်လို့ ထင်ပါတယ်။ ဆိုတော့ ဒီအနေအထားမှာ အရေးကြီးတာတချက်က တရုတ်နိုင်ငံရဲ့ပါဝင်ပတ်သက်မှုပေါ့၊ သူ့ရဲ့အခန်းကဏ္ဍက အရေးကြီးပါတယ်။ နောက်တခုကကျတော့ ကုလသမဂ္ဂအနေနဲ့လည်း ပစ်ပယ်လို့မရနိုင်ဘူးလို့ ထင်တာပေါ့နော်။ ဆိုတော့ ဒီအနေအထားကို ဆက်ပြီးတော့ ဘယ်လိုကိုင်တွယ်သွားမလဲဆိုတာတော့ အရေးကြီးတဲ့ကိစ္စလို့ ယူဆပါတယ်။

စစ်ကောင်စီဘက်ကတော့ ဒီခရီးစဉ်ကို သတင်းဖော်ပြတာမရှိခဲ့ပါဘူး။ စစ်ကောင်စီ ပြောခွင့်ရကို ဆက်သွယ်ဖို့ ကြိုးစားခဲ့ပေမဲ့ အချိန်မီ မရခဲ့ပါဘူး။ ဒါပေမဲ့ ဒီအရေးပါသူအားလုံးနီးပါးနဲ့ တွေ့ဆုံ အပြီးမှာတော့ Julie Bishop က မြန်မာပြဿနာမှာ တဖက်ဘက်ကို အပြတ်ရှင်းရေး ဦးတည်နေကြ တာတွေကို စွန့်လွှတ်ပြီး လူထုအကျိုးကိုသာ ဦးတည်အဖြေရှာဖို့ ကုလညီလာခံမှာ တိုက်တွန်းသွားခဲ့ပါတယ်ခင်ဗျာ။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG