သမ္မတအိုဘားမားအစိုးရက မြန်မာနိုင်ငံကို စစ်လက်နက် အရောင်းအဝယ် ပိတ်ဆို့ထားဆဲဖြစ်ပေမယ့် ထိတွေ့ဆက်ဆံရင်း အပြောင်းအလဲတွေဖြစ်ထွန်းအောင် တိုက်တွန်းအားပေးနေကြောင်း၊ Republican တွေကြီးစိုးတဲ့ အောက်လွှတ်တော် ဥပဒေပြုအမတ်တွေက မြန်မာနိုင်ငံကို လုံခြုံရေး အထောက်အပံ့မပေးဖို့ ကျိုးစားတာဟာ ထိရောက်မှုမရှိနိုင်ကြောင်း မြန်မာ့အရေး အနီးကပ်လေ့လာသူ တဦးက ပြောဆိုလိုက်ပါတယ်။ လက်ရှိ မြန်မာ့ပြုပြင်ပြောင်းလဲရေး ရေချိန်ကို အကဲခတ်လေ့လာပြီး သမ္မတအိုဘားမား ရဲ့နိုဝင်ဘာလ မြန်မာနိုင်ငံ ခရီးစဉ်မတိုင်မှီ ထောက်ခံ အကြံပြုချက်စာတမ်းတင်သွင်းနိုင်ရေး အတွက် မြန်မာနိုင်ငံကို ပြီးခဲ့တဲ့သီတင်းပတ်ကရောက်ရှိခဲ့တဲ့ New American Foundation ကိုယ်စားလှယ်အဖွဲ့ဝင် Priscilla Clapp ကို ဒေါ်ခင်စိုးဝင်းက သီးသန့်တွေ့ဆုံမေးမြန်းပြီး သတင်းပေးပို့ထားပါတယ်။
လက်ရှိ မြန်မာ့ပြုပြင်ပြောင်းလဲရေး ရေချိန်ကို အကဲခတ်လေ့လာပြီး သမ္မတ အိုဘားမားရဲ့နိုဝင်ဘာလ မြန်မာနိုင်ငံခရီးစဉ်မတိုင်မှီ မြန်မာ့အရေး ထောက်ခံ အကြံပြုချက် စာတမ်း တင်သွင်းနိုင်ရေး အတွက် မြန်မာနိုင်ငံကို ပြီးခဲ့တဲ့သီတင်းပတ် ကရောက်ရှိခဲ့တဲ့ New American Foundation ကိုယ်စားလှယ် အဖွဲ့ဝင် Priscilla Clapp ကို ဒေါ်ခင်စိုးဝင်းက သီးသန့်တွေ့ဆုံမေးမြန်းထားပါတယ်။
ဒေါ်ခင်စိုးဝင်း။ ။ မင်္ဂလာပါရှင်၊ အခုလိုတွေ့ဆုံမေးမြန်းခွင့်ပြုတဲ့ အတွက်ကျေးဇူးတင်ပါတယ်ရှင်။
Priscilla Clapp။ ။ ကျမကလည်း အခုလို ပြန်လည်တွေ့ဆုံကြရလို့ ဝမ်းသာပါတယ်။
ဒေါ်ခင်စိုးဝင်း။ ။ အခု ဒီခရီးစဉ်က အခြေအနေကို လေ့လာအကဲခတ်ဖို့ပါလား၊ ဘယ်လို ရည်ရွယ်ချက်နဲ့များ လာခဲ့တာပါလဲ သိပါရစေ။
Priscilla Clapp။ ။ New American Foundation လို့ခေါ်တဲ့ အမေရိကန်ပြည်တွင်းနဲ့ နိုင်ငံခြားရေးမူဝါဒတွေကို ဆန်းစစ် သုတေသနလုပ်တဲ့ ရန်ပုံငွေအဖွဲ့ရဲ့ ညွှန်ကြားရေးမှူး Suzanne DiMaggio နဲ့ အတူ ဒီခရီးစဉ်ကိုလာခဲ့တာပါ။ မြန်မာ့ပြုပြင်ပြောင်းရေး လုပ်ငန်းစဉ် ဘယ်အထိခရီးရောက်နေပြီလဲဆိုတာကို လေ့လာအကဲခတ်ဖို့ဖြစ်ပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ မြန်မာ့ပြုပြင်ပြောင်းလဲရေးနဲ့ ပတ်သက်လို့ တိုးတက်မှုမရှိဘူး၊ နောက်ကြောင်းပြန်လှည့်နေပြီ စသဖြင့် အမြင်မကြည်လင်တာတွေရှိနေတယ်လို့ ယူဆပါတယ်။ ဒါတွေဟာ မှန်သလား၊ မှားသလားဆိုတာကိုဆန်းစစ်ဖို့ဖြစ်ပါတယ်။
ဒါ့ကြောင့် ဒီခရီးစဉ် အတွင်းမှာ ခေါင်းဆောင်ပိုင်းက အစ အောက်ခြေလူထု အထိ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ တွေ့ရှိတဲ့ အချက်အလက်တွေကို အခြေခံပြီး သမ္မတအိုဘာမားရဲ့ နိုဝင်ဘာလခရီးစဉ်မတိုင်မှီ ထောက်ခံအကြံပြုချက်တွေ တင်ပြသွားမှာဖြစ်ပါတယ်။ ဒီခရီးစဉ်ကအပြန် မှာအမေရိကန် တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးပြီး ထောက်ခံအကြံပြုချက်တွေကို အိမ်ဖြူတော်ကို တင်ပြဖို့ဖြစ်ပါတယ်။
ဒေါ်ခင်စိုးဝင်း။ ။ မကြာသေးခင်တုံးက အမေရိကန်အောက် လွှတ်တော်မှာ မြန်မာနိုင်ငံကို လုံခြုံရေး အတွက် ဘဏ္ဍာငွေကြေး မထောက်ပံ့ဖို့ အဆိုကြမ်းတရပ် တင်သွင်းတာရှိပါတယ်။ အဲဒါ အမေရိကန် အစိုးရရဲ့ မြန်မာနိုင်ငံ အပေါ် ထိတွေ့ဆက်ဆံရေးမူအရ ဘယ်လိုများ အကျိုးသက်ရောက်မှုရှိနိုင်ပါသလဲ။
Priscilla Clapp။ ။ သိပ်အကျိုးသက်ရောက်မှု မရှိလှပါဘူး။ ပထမအချက်အနေနဲ့ ဒါဟာ ဥပဒေတရပ် မဟုတ်သေးပါဘူး။ အောက်လွှတ်တော်မှာလုပ်တဲ့ မူကြမ်းပါဘဲ။ အထက်လွှတ်တော်မှာလည်း အလားတူမူကြမ်းတရပ်ရှိရပါမယ်။ အဲဒီမူကြမ်း ၂ ရပ်အတူညှိနှိုင်း မဲခွဲပြီး အတည်ဖြစ်တဲ့အခါကျမှ ဥပဒေရယ်လို့ဖြစ်လာမှာပါ။ ဥပဒေကို အိမ်ဖြူတော်ကို ပို့ပြီး သမ္မတလက်မှတ်ထိုးမှ အတည်ပြုလို့ရပေမဲ့ အမေရိကန်စံနစ်မှာ သမ္မတက ဗီတိုအာဏာနဲ့ ပယ်ချခွင့်ရှိပါတယ်။
ဒီကိစ္စမှာတော့ ဒီအထိဖြစ်လာလိမ့်လို့ မထင်ပါဘူး။ ဥပဒေတရပ် ပြဌာန်းဖို့အတွက် လုပ်ငန်းစဉ်တွေက အဆင့်ဆင့် ရှုတ်ထွေးပါတယ်။ ဒုတိယအချက်ကတော့ ဒီမူကြမ်းကိုသေသေချာချာ ဖတ်ကြည့်ရင် ဘာကို မလုပ်ရဘူးလို့ တားမြစ်တာလဲ ဆိုတာကို သိဖို့ အတော်လေးကို ရှာယူရမှာပါ။ ကျမတို့ဆီမှာ Leahy Law လို့ခေါ်တဲ့ မြန်မာအပေါ် ပိတ်ပင်ထားတဲ့ နှစ်ရှည်လများ ပြဌာန်းထားတဲ့ ဥပဒေကရှိပြီးသားဖြစ်ပါတယ်။ အဲဒီဥပဒေအရ အမေရိကန်အနေနဲ့ လူ့အခွင့်အရေးချိုးဖေါက်ခဲ့တဲ့ မြန်မာစစ်တပ်ကို စစ်လက်နက်၊ စစ်သင်တန်းစတဲ့ ဘယ်လို စစ်ရေးအကူအညီကိုမှပေးခွင့်မရှိပါဘူး။
ဒါ့ကြောင့် အခုအောက်လွှတ်တော်ရဲ့ အဆိုမူကြမ်း အတည်ဖြစ်ဖြစ် မဖြစ်ဖြစ် မြန်မာ့တပ်မတော်အနေနဲ့ အမေရိကန်ရဲ့ ဘယ်လိုစစ်ရေးအကူအညီကိုမှ ရစရာအကြောင်း မရှိပါဘူး။ ဒါပေမဲ့ ၂ ဘက် စစ်တပ်အကြား ဆွေးနွေးပြောဆိုတာကိုတော့ တားမြစ်ထားတာမရှိပါဘူး။
အမေရိကန်အစိုးရရဲ့ ထိတွေ့ဆက်ဆံရေးမူအရ အခုဆိုရင် ၂ နိုင်ငံစစ်တပ်အကြား ခေါင်းဆောင်ပိုင်းကအစ အောက်ခြေအဆင့်အထိ ဆက်ဆံရေး ပြန်လည်စတင်နေပါပြီ။ အမေရိကန်အနေနဲ့ မြန်မာစစ်တပ်ကို အရပ်သားအစိုးရရဲ့ အုပ်ချုပ်မှုအောက်မှာ ရှိစေချင်တဲ့ ဆန္ဒရှိတဲ့အလျောက် အမေရိကန်က ထိတွေ့ဆက်ဆံပြီး တိုက်တွန်းနေတာဖြစ်ပါတယ်။
ဒေါ်ခင်စိုးဝင်း။ ။ မြန်မာသမ္မတရုံးအကြီးတန်းတာဝန်ရှိသူတယောက်ကတော့ သမ္မတအိုဘားမားအစိုးရနဲ့ ဥပဒေပြုလွှတ်တော်အမတ်တွေအကြား မြန်မာ့အရေး သဘောထားကွဲလွဲနေတဲ့အပေါ် အတော်လေး ဘဝင်မကျဖြစ်နေတာတွေ့ရလို့ စိတ်ပျက်တယ်လို့ပြောပါတယ်။
သမ္မတအိုဘားမားက မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးကို အမေရိကန်နိုင်ငံခြားရေးမူဝါဒရဲ့ အောင်မြင်တဲ့နမူနာအဖြစ်နဲ့တောင်တင်စားခဲ့တာရှိတယ်ဆိုတော့ ဘယ်လိုများသုံးသပ်လို့ရပါသလဲ။
Priscilla Clapp။ ။သမ္မတအိုဘားမားအနေနဲ့လည်း အောက်လွှတ်တော်ရဲ့ အဲဒီအဆိုမူကြမ်းအပေါ်မှာ စိတ်ပျက်မှာဘဲလို့ ယူဆပါတယ်။ အားလုံးသိတဲ့ အတိုင်းပါဘဲ ကွန်ကရက်က သမ္မတအိုဘားမားနဲ့ သိပ်အဆင်ပြေတာမဟုတ်ပါဘူး။ အထူးသဖြင့် အောက်လွှတ်တော်ဆိုတာ သမ္မတအိုဘားမားကို ဒုက္ခရောက်အောင် ဆွဲချချင်တဲ့ Republican အမတ်တွေအများစု ထိန်းချုပ်ထား တာဖြစ်ပါတယ်။ ပြည်တွင်းနိုင်ငံရေးအရ ကစားတဲ့ လှည့်ကွက် လို့လည်းပြောနိုင်ပါတယ်။
အခုချိန်မှာ အမေရိကန် လွှတ်တော်ရွေးကောက်ပွဲကာလနဲ့လည်း တိုက်ဆိုင်နေတာကြောင့် နိုင်ငံခြားရေးမူဝါဒ ကိုဝေဖန်လို့ရအောင် မြန်မာ့ အရေးကိုပါ ဆွဲထည့်တဲ့ သဘောလို့လည်း ယူဆပါတယ်။ လာမယ့် ၂၀၁၆ အမေရိကန် သမ္မတရွေးကောက်ပွဲမတိုင်မှီ သမ္မတ အိုဘားမားနဲ့ နိုင်ငံခြားရေးဝန်ကြီးဟောင်း Hillary Clinton တို့ ကမကထ လုပ်ခဲ့တဲ့ မြန်မာနိုင်ငံနဲ့ ထိတွေ့ဆက်ဆံရေးမူ မအောင်မြင်ဘူးလို့ ဝေဖန်နေကြတာလည်း ပါနိုင်ပါတယ်။
ဒေါ်ခင်စိုးဝင်း။ ။ အမေရိကန်အပါအဝင် အနောက်နိုင်ငံ တချို့က မြန်မာ့ပြုပြင်ပြောင်းလဲရေးဟာ နောက်ကြောင်းပြန်လှည့်နေပြီလို့ သုံးသပ်တာတွေတွေ့နေရပါတယ်။ မြန်မာ့အရေးကို အနီးကပ်စောင့်ကြည့်သူ တယောက်အနေနဲ့ကော အခုချိန်မှာ ဘယ်လိုများသုံးသပ်လို့ရပါသလဲ။
Priscilla Clapp။ ။ ကျမကတော့ နောက်ကြောင်းပြန်လှည့်နေတယ်လို့ မယူဆပါဘူး။ အခုအနေအထားက အားလုံးကို ပြန်လည် စုစည်းနေတဲ့ သဘောဖြစ်ပါတယ်။ ပြုပြင်ပြောင်းရေး ပထမ ၂ နှစ်တာကာလအတွင်းမှာ အတော်လေး သိသိသာသာပြောင်းလဲခဲ့တာတွေရှိပါတယ်။ လက်တွေ့ဘဝကို ထင်ဟပ်စေတဲ့ ကိစ္စတွေအတွက် အတော်လေးလည်း ကိုင်တွယ် လုံးပမ်းခဲ့ရတာတွေတွေ့ရပါတယ်။ ဥပဒေအသစ်တွေ၊ မူဝါဒအသစ်တွေ ရေးဆွဲနိုင်ပေမဲ့ တကယ့်လက်တွေ့မှာ အကောင်အထည်ဖေါ်ဖို့ အခက်အခဲတွေ အများကြီးရှိတဲ့အတွက် ဘာမှလည်း မပြောင်းလဲဘူးဆိုပြီး မျှော်လင့်နေတဲ့ လူထုက အားမလို အားမရဖြစ်တာတွေ လည်းရှိပါတယ်။
ဒီအဖြစ်မှန်တွေကို သိရှိပြီး သူ့နေရာသူ ဖြစ်အောင် လက်တွေ့ဘဝနဲ့ အံဝင်အောင် အခုကျိုးစားနေတာတွေ့ရပါတယ်။ မူဝါဒတွေရှိပေမဲ့ အကောင်အထည်ဖေါ်မယ့် ယန္တယားလိုနေပါတယ်။ ကျမတို့ နေပြည်တော်က တာဝန်ရှိသူတွေနဲ့ တွေ့တဲ့အခါ အကောင်အထည်ဖေါ်ရေး နည်းလမ်းတွေကို အင်တိုက်အားတိုက် လုပ်နေတာတွေ့ရလို့ အားတက်မိပါတယ်။
မြေယာအငြင်းပွားမှုတွေ၊ မြေလွတ်မြေရိုင်းအသုံးချရေးစတာတွေမှာ အောက်ခြေရပ်ကွက်ကျေးရွာအဆင့်က ဆန္ဒရှိတဲ့ပုံစံအတိုင်း ဆုံးဖြတ်ပြီး အကောင်အထည်ဖေါ်မယ့် ကိစ္စတွေကို လေ့လာခွင့်ရခဲ့ပါတယ်။ မြို့နယ်အဆင့်ကနေလည်း ဖွံ့ဖြိုးရေးကို ဘယ်လိုအကောင်အထည်ဖေါ်မလဲ ဆိုတာကို နေပြည်တော်အစိုးရကို တင်ပြခွင့်ရှိမယ့် အစီအစဉ်တွေ ရှိတယ်လို့သိရပါတယ်။ ဒါဟာမှန်ကန်တဲ့ ဒီမိုကရေစီ ချဉ်းကပ်မှုဖြစ်ပါတယ်။
တကယ့်စစ်မှန်တဲ့ ဒီမိုကရေစီဖေါ်ဆောင်နိုင်ဖို့အတွက် အောက်ခြေမှာ အစိုးရအသီးသီးဖွဲ့စည်းထားရှိရပါမယ်။ အပေါ်ကချပေးလိုက်တဲ့ အုပ်ချုပ်ရေးမှူးတွေမလိုပါဘူး။ ဒါဟာရေရှည် လုပ်ငန်းစဉ်ဖြစ်တဲ့ အတွက် နေ့ချင်းညချင်း အကောင်အထည်ဖေါ်ဖို့မဖြစ်နိုင်ပေမယ့် မှန်ကန်တဲ့ ချဉ်းကပ်မှုလို့ ကျမသုံးသပ်မိပါတယ်။
ဒေါ်ခင်စိုးဝင်း။ ။ ဗဟိုချုပ်ကိုင်မှုစံနစ်ကို ဖြေလျှော့မယ်သဘောမျိုးပါလား။
Priscilla Clapp။ ။ ဟုတ်ပါတယ်။ တိုင်းနဲ့ ပြည်နယ်တွေကို လုပ်ပိုင်ခွင့်တွေ တိုးပေးမယ့်သဘောရှိပါတယ်။ အခုလည်း တိုင်းနဲ့ ပြည်နယ်တွေမှာ လွှတ်တော်လည်းဖွဲ့စည်းထားပြီးဖြစ်ပါတယ်။ မြို့နယ်အဆင့်မှာလည်း အလားတူပါဘဲ။ ဒါ့အပြင် ဒေသခံ NGO တွေ၊ CSO လူထုအခြေပြု အဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဍကိုလည်း တိုးချဲ့ အသိအမှတ်ပြုပြီး တာဝန်ရှိသူတွေရဲ့ အပြောကို နားထောင်ဖို့မဟုတ်ဘဲ လူထုအသံကို တိုက်ရိုက်နားထောင်ဖို့ဖြစ်ပါတယ်။ ဒီနိုင်ငံမှာက ဒီလိုမျိး အလေ့အကျင့်မရှိသေးတော့ အချိန်ယူဖို့တော့လိုပါတယ်။
ဒေါ်ခင်စိုးဝင်း။ ။ ဒီခရီးစဉ်မှာ CSO တွေ၊ နိုင်ငံရေး ပါတီတွေနဲ့ တွေ့ဆုံခဲ့ တယ်ဆိုတော့ သူတို့အနေနဲ့ရော မြန်မာ့ပြုပြင်ပြောင်းလဲရေးကို ဘယ်လိုများ သုံးသပ်တာတွေ့ရပါသလဲ။
Priscilla Clapp။ ။သူတို့တတွေကတော့ အစိုးရခေါင်းဆောင်ပိုင်းအပေါ် အတော်လေးကို မယုံကြည်တာတွေ့ရပါတယ်။ အရင်စစ်အစိုးရက ထုတ်လုပ်လိုက်တဲ့ ခေါင်းဆောင်တွေဘဲလို့ ယူဆနေကြဆဲပါ။ ယေဘူယျအနေနဲ့ ကတော့ အပြောင်းအလဲကို မျှော်လင့်နေကြပါတယ်။ တကယ်ပြုပြင်ပြောင်းလဲနေပြီလို့ ဖြစ်စေချင်ကြတော့ အားမလို အားမရဖြစ်နေကြတာတွေ့ရပါတယ်။
အခုပြုပြင်ပြောင်းလဲရေးက နှေးကွေးလွန်းတယ်၊ ဖွဲ့စည်းပုံကို လည်း ပြင်မှာ မဟုတ်ဘူး၊ မပြင်ရင် ဘယ်လိုနည်းနဲ့မှ ဒီမိုကရေစီ ရမှာမဟုတ်ဘူး၊ ရွေးကောက်ပွဲ ကိုလည်း တရားမျှတစွာကျင်းပမှာမဟုတ်ဘူး စသဖြင့် စိုးရိမ်စိတ်ပူနေကြသလို မယုံကြည်တဲ့သူတွေလည်းရှိပါတယ်။ ဒါပေမဲ့ အရင်ကနဲ့မတူဘဲ။ အစိုးရပိုင်းနဲ့ လူထုအခြေပြုအဖွဲ့အစည်းတွေကြား ပိုပြီး ဆက်ဆံရေးကောင်းလာတာတွေ့ရသလို အထူးသဖြင့်ရန်ကုန်မှာဆိုရင် လူငယ်တွေပူးပေါင်းပါဝင်လာတာကိုလည်း တွေ့ရလို့ အားတက်မိပါတယ်။
ဒေါ်ခင်စိုးဝင်း။ ။ အမေရိကန်ကမြန်မာနိုင်ငံအပေါ်ပိတ်ဆို့ထားဆဲဖြစ်တဲ့ လက်ကျန်စာရင်းကိုကော ရုပ်သိမ်းမယ့်အလားအလာဘယ်လိုများရှိပါသလဲ။
Priscilla Clapp။ ။ အခုကျန်နေသေးတဲ့ ပိတ်ဆို့မှုတွေဟာ သီးခြားပစ်မှတ်ထားတဲ့ ကုမ္မဏီတွေနဲ့ ပုဂ္ဂိုလ်တဦးချင်းစီအပေါ်မှာဘဲ အကျိုးသက်ရောက်မှုရှိတာပါ။ သူတို့အနေနဲ့ အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနကို ပိတ်ဆို့မှုဖြေလျှော့ပေးရေးလျှောက် ထားနိုင်ပါတယ်။ ဥပဒေကြောင်းအရ အင်မတန်မှ ရှုတ်ထွေးတဲ့ နည်းလမ်းဖြစ်ပါတယ်။ လူနည်းစုကိုဘဲ နစ်နာစေတဲ့ ပိတ်ဆို့မှုဖြစ်ပါတယ်။ ဒါပေမဲ့ ပိတ်ဆို့မှုတွေကြောင့် ဘဏ်လုပ်ငန်းနဲ့ပတ်သက်ပြီး ကသိကအောက်ဖြစ်ရတာတွေရှိပါတယ်။
အမေရိကန်လုပ်ငန်းရှင်တွေ အနေနဲ့ မြန်မာပြည်ကိုငွေလွှဲတဲ့နေရာမှာ အခက်အခဲတွေနဲ့ကြုံနေကြရတာကြောင့် ပိတ်ဆို့မှုဖြေလျှော့ရေး စဉ်းစားနေရတဲ့ အခြေအနေဖြစ်ပါတယ်။ မြန်မာ့ဘဏ်လုပ်ငန်းကိုခေတ်မှီအောင်လုပ်ဖို့လိုသလို
နိုင်ငံခြားဘဏ်တွေနဲ့ ဖက်စပ်လုပ်နိုင်မှသာ နိုင်ငံတကာနဲ့ စီးပွားရေးလုပ်ရာမှာ အဆင်ပြေမယ်လို့ယူဆပါတယ်။ အခုဆိုရင် တယ်လီဖုန်း ဆက်သွယ်ရေးစံနစ်ပြုပြင်ပြောင်းလဲလိုက်တော့ အတော်လေးအဆင်ပြေလာတာကို အသိအမှတ်ပြုရမှဖြစ်ပါတယ်။
ဒေါ်ခင်စိုးဝင်း။ ။ ပိတ်ဆို့မှုတွေ ရုပ်သိမ်းပေးနိုင်အောင် အပိတ်ဆို့ခံတွေဘက်က ဘာတွေလုပ်ပေးရင် ကောင်းမယ်ဆိုတာကို ဘယ်လိုများအကြံပေးချင်ပါသလဲ။
Priscilla Clapp။ ။ အကောင်းဆုံးကတော့ သူတို့ လုပ်နေတဲ့ စီးပွားရေးလုပ်ငန်းတွေအတွက် ငွေကြေးတွေဘယ်ကရသလဲဆိုတာကို ပွင့်ပွင့်လင်းလင်းထုတ်ပြောနိုင်ဖို့ဘဲဖြစ်ပါတယ်။ တကယ်လို့ မသမာတဲ့နည်းနဲ့ ရခဲ့တဲ့ငွေတွေနဲ့လည်ပတ်ခဲ့တာဖြစ်ပေမဲ့ အခု အဲဒီငွေတွေနဲ့ လုပ်ငန်းတွေ မလုပ်တော့ပါဘူးဆိုတာကို သက်သေပြ အစမ်းသပ်ခံနိုင်ရပါမယ်။ ဒီစမ်းသပ်မှုက ကော်ပိုရေးရှင်းတွေရဲ့ လုပ်ငန်းအောင်မြင်တာနဲ့ လူမှုရေး တာဝန်သိမှုမဟုတ်ပါဘူး။ ရင်နှီးမြှုပ်နှံလည်ပတ်နေတဲ့ငွေဘယ်ကရ သလဲဆိုတာကို ပွင့်လင်းမြင်သာမှုရှိဖို့ပါဘဲ။
ဒေါ်ခင်စိုးဝင်း။ ။ ကျေးဇူးတင်ပါတယ်ရှင်။