သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လျှပ်စစ်ကား သွင်းကုန်အခွန်နဲ့ မတ်စ်ရဲ့ အခန်းကဏ္ဍ


ပန်ဆယ်ဗေးနီးယားပြည်နယ် Butler မြို့မှာကျင်းပတဲ့ ရွေးကောက်ခံသမ္မတ ဒေါနယ်ထရမ့်ရဲ့ မဲဆွယ်စည်းရုံးရေးပွဲတခုမှာတွေ့ရတဲ့ Tesla ကုမ္ပဏီအမှုဆောင်အရာရှိချုပ်နဲ့ X ကုမ္ပဏီပိုင်ရှင် အီလွန်မတ်စ် (အောက်တိုဘာ ၅၊ ၂၀၂၄)
ပန်ဆယ်ဗေးနီးယားပြည်နယ် Butler မြို့မှာကျင်းပတဲ့ ရွေးကောက်ခံသမ္မတ ဒေါနယ်ထရမ့်ရဲ့ မဲဆွယ်စည်းရုံးရေးပွဲတခုမှာတွေ့ရတဲ့ Tesla ကုမ္ပဏီအမှုဆောင်အရာရှိချုပ်နဲ့ X ကုမ္ပဏီပိုင်ရှင် အီလွန်မတ်စ် (အောက်တိုဘာ ၅၊ ၂၀၂၄)

တက်စလာ (Tesla) ကုမ္ပဏီ အကြီးအကဲ အီလွန်မတ်စ်ဟာ ရီပတ်ဘလီကန် သမ္မတလောင်း ဒေါ်နယ်ထရမ့်ရဲ့ အနိုင်ရရှိမှုမှာ အရေးပါတဲ့ အခန်းကဏ္ဍက ပါဝင်ခဲ့သူဖြစ်တာကြောင့် လာမယ့် သမ္မတသစ်လက်ထက် လျှပ်စစ်ကား လုပ်ငန်းရဲ့ အနာဂတ်ကို ဘယ်လို လွှမ်းမိုးသွားမလဲဆိုတာကို လျှပ်စစ်ကားလုပ်ငန်းလောကက စိတ်ဝင်တစား စောင့်ကြည့်နေကြပါတယ်။

နောက်တက်လာမယ့် အမေရိကန်အစိုးရသစ်ရဲ့ တရုတ်နိုင်ငံထုတ် လျှပ်စစ်ကားတွေအပေါ် သွင်းကုန်ခွန် သတ်မှတ်ချက်တွေနဲ့ အခွန်လျှော့ပေးမှုတွေ အပါအဝင် ကိစ္စရပ်အတော်များများ လက်ရှိမှာ အပြောင်းအလဲတွေကို ကြုံရနိုင်တာပါ။ တက်စလာအတွက် အကျိုးရှိမယ့် ဆုံးဖြတ်ချက်တွေ ထွက်လာနိုင်တယ်လို့ မျှော်လင့်ချက်တွေကြောင့် ရွေးကောက်ပွဲရလဒ် ကြေညာပြီးနောက် တက်စလာ ရှယ်ယာဈေး ၂၇ ရာခိုင်နှုန်း မြင့်တက်သွားပြီး ကုမ္ပဏီရဲ့ စျေးကွက်တန်ဖိုး ဒေါ်လာ ၁ ထရီလျံအထိ ရောက်ရှိသွားပါတယ်။

ရွေးကောက်ပွဲ ကာလအတွင်း သမ္မတလောင်း ထရမ့်က တရုတ်ကုန်ပစ္စည်းတွေအပေါ် သွင်းကုန်ခွန် တိုးမြှင့်သွားမယ်လို့ ပြောဆိုခဲ့သလို၊ အမေရိကန်နိုင်ငံမှာ လျှပ်စစ်ကား ဝယ်ယူသူတွေအတွက် အခွန်လျှော့ပေးနေတဲ့ မူဝါဒတွေကိုလည်း ပယ်ဖျက်သွားမယ်လို့ ကတိပေးခဲ့ပါတယ်။ လျှပ်စစ်ကား လုပ်ငန်းကို အထောက်အကူပြုနေတဲ့ ပတ်ဝန်းကျင် ကာကွယ်ရေး အေဂျင်စီ (EPA) ရဲ့ မော်တော်ယာဉ် ဓါတ်ငွေ့ထုတ်လွှတ်မှု စံချိန်စံညွှန်းတွေကိုလည်း လျှော့ချ ဖျက်သိမ်းသွားမယ်လို့ ကတိပေးခဲ့ပါတယ်။

တရုတ်နိုင်ငံထုတ် လျှပ်စစ်ကားများအပေါ် အခွန်ကြီးကြီး ကောက်ခံတာက တက်စလာအတွက် အကျိုးရှိမှာလား၊ အကျိုးယုတ်စေမှာလားဆိုတာနဲ့ ပတ်သက်ပြီး စက်မှုလုပ်ငန်း လေ့လာသုံးသပ်သူတွေကြား သဘောထားကွဲလွဲနေကြပါတယ်။ အချို့ လေ့လာသုံးသပ်သူတွေကတော့ မတ်စ်က ထရမ့်အစိုးရကို တရုတ်နိုင်ငံထုတ် လျှပ်စစ်ကားတွေအပေါ် အခွန်လျှော့ချဖို့ တိုက်တွန်းနိုင်သလို တရုတ်ကုန်ပစ္စည်းတွေအပေါ် အခွန်စနစ်တခုလုံးကိုပါ လျှော့ပေါ့ပေးနိုင်မယ်လို့ သုံးသပ်ကြပါတယ်။

ဒါပေမယ့် အမေရိကန်နိုင်ငံမှာ လျှပ်စစ်ကား ဝယ်ယူသူတွေအတွက် ဒေါ်လာ ၇,၅၀၀ လျှော့ပေးနေတဲ့ အခွန်မူဝါဒကိုတော့ မတ်စ်က ဖျက်သိမ်းသွားစေချင်နိုင်ပါတယ်။ ဒီအခွန်လျှော့ပေးမှု မရှိတော့ရင် ကားထုတ်လုပ်သူ ကုမ္ပဏီကြီးတွေအနေနဲ့ တက်စလာကို ယှဉ်ပြိုင်နိုင်မယ့် လျှပ်စစ်ကားတွေ ဈေးကွက်ထဲဝင်နိုင်ဖို့ ခက်ခဲသွားမှာ ဖြစ်ပါတယ်။

ယခင်မှတ်တမ်းရုပ်ပုံ | တရုတ်နိုင်ငံ ပေကျင်းမြို့တော်မှာ တရုတ်နိုင်ငံခြားရေးဝန်ကြီး(ဟောင်း) Qing Gang နဲ့ တွေ့ဆုံနေတဲ့ Telsa အမှုဆောင်အရာရှိချုပ် Elon Musk (မေ ၃၀၊ ၂၀၂၃)
ယခင်မှတ်တမ်းရုပ်ပုံ | တရုတ်နိုင်ငံ ပေကျင်းမြို့တော်မှာ တရုတ်နိုင်ငံခြားရေးဝန်ကြီး(ဟောင်း) Qing Gang နဲ့ တွေ့ဆုံနေတဲ့ Telsa အမှုဆောင်အရာရှိချုပ် Elon Musk (မေ ၃၀၊ ၂၀၂၃)

ရှန်ဟိုင်းအခြေစိုက် Automobility Limited ရဲ့ တည်ထောင်သူနဲ့ အမှုဆောင်အရာရှိချုပ် ဘေလ်ရူဆိုက ဗွီအိုအေကို ပြောကြားရာမှာ "အီလွန်မတ်စ်ဟာ ထရမ့်ရဲ့ မဲဆွယ်စည်းရုံးရေးမှာ အရေးပါတဲ့ အခန်းကဏ္ဍက ပါဝင်ခဲ့တာကြောင့် အမေရိကန် သမ္မတရဲ့ အာရုံစိုက်မှုကို ရရှိပြီး တက်စလာနဲ့ သူ့ရဲ့ အခြားစီးပွားရေး လုပ်ငန်းတွေအတွက် အကျိုးရှိစေမယ့် မူဝါဒတွေ ချမှတ်ရာမှာ အရေးပါတဲ့ အခန်းကဏ္ဍက ပါဝင်မှာ အသေအချာပါပဲ" လို့ ပြောကြားခဲ့ပါတယ်။

မတ်စ်အနေနဲ့ ပြီးခဲ့တဲ့ မေလက တရုတ်နိုင်ငံထုတ် လျှပ်စစ်ကားတွေအပေါ် အမေရိကန်ရဲ့ အခွန်ကောက်ခံမှုကို ကန့်ကွက်ခဲ့တာ မှန်ပါတယ်။ ဘိုင်ဒန်အစိုးရက တရုတ်လျှပ်စစ်ကားတွေအပေါ် အခွန်တိုးမြှင့်ပြီးနောက် မတ်စ်က "တက်စလာကရော ကျွန်တော်ကရော ဒီအခွန်တွေကို တောင်းဆိုခဲ့တာ မဟုတ်ပါဘူး။ အမှန်တော့ အခွန်တွေ ကြေညာလာတော့ ကျွန်တော် အံ့အားသင့်သွားခဲ့ပါတယ်။ ကုန်သွယ်မှု လွတ်လပ်ခွင့်ကို ထိခိုက်စေတာ၊ စျေးကွက်ကို ပုံပျက်သွားစေတာတွေဟာ မကောင်းပါဘူး" လို့ ပြောကြားခဲ့ပါတယ်။

တရုတ်နိုင်ငံဟာ တက်စလာရဲ့ ရောင်းအားသုံးပုံတစ်ပုံ ရှိနေတာကြောင့် ထရမ့် အိမ်ဖြူတော်ကို ရောက်လာပြီးနောက်မှာလည်း တရုတ်လျှပ်စစ်ကားတွေအပေါ် အခွန်ကောက်ခံမှုကို မတ်စ်အနေနဲ့ ဆက်လက်ကန့်ကွက်သွားမလားဆိုတာကတော့ မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။

"အီလွန်မတ်စ်အနေနဲ့ တက်စလာကို ကမ္ဘာ့စျေးကွက်မှာ ယှဉ်ပြိုင်နိုင်အောင် တရုတ်နိုင်ငံရဲ့ ကုန်ထုတ်လုပ်မှုကွင်းဆက်က ပေးနိုင်တဲ့ အရွယ်အစားနဲ့ ကုန်ကျစရိတ် စီမံခန့်ခွဲမှု အားသာချက်တွေ လိုအပ်နေတဲ့အတွက် တက်စလာဟာ တရုတ်နိုင်ငံမှာ ရှိနေရတာပါ" လို့ ရူဆိုက ဆိုပါတယ်။

တရုတ်ဟာ ကမ္ဘာ့လျှပ်စစ်ကား ဘက်ထရီထုတ်လုပ်မှုရဲ့ ၇၀ ရာခိုင်နှုန်းနဲ့ လျှပ်စစ်ကားနဲ့ လျှပ်စစ်ကားနဲ့ ဆက်စပ်တဲ့ အစိတ်အပိုင်းတွေရဲ့ သုံးပုံနှစ်ပုံနီးပါးကို ထုတ်လုပ်နေပါတယ်။ "အခွန်တိုးကောက်မယ်ဆိုရင် ဒီထုတ်လုပ်မှုကွင်းဆက်အတွက် ပိုကုန်ကျစရိတ်များသွားမှာဖြစ်ပြီး ဒါက တက်စလာအတွက် အကျိုးမရှိပါဘူး" လို့ ရူဆိုက ဆက်ပြောပါတယ်။

အခုနှစ် ဇန်နဝါရီလကနေ မေလအတွင်း တက်စလာကားတွေဟာ အမေရိကန်မှာရောင်းရတဲ့ အစီးရေးနီးပါး တရုတ်မှာ ရောင်းချခဲ့ရပါတယ်။ တရုတ်စားသုံးသူတွေဟာ တက်စလာကား အမျိုးအစားအားလုံးရဲ့ သုံးပုံတစ်ပုံဖြစ်တဲ့ စီးရေ ၅၁၃,၆၄၄ စီးကို ဝယ်ယူခဲ့ပြီး အမေရိကန်မှာတော့ စီးရေ ၅၂၂,၄၄၄ စီး ရောင်းချခဲ့ရတာပါ။

Wedbush Securities က လေ့လာသုံးသပ်သူ ဒန်အိုက်ဗ်စ် (Dan Ives)က အခွန်တိုးကောက်တာဟာ အမေရိကန်စျေးကွက်မှာ တရုတ်လျှပ်စစ်ကားတွေနဲ့ ယှဉ်ပြိုင်ရာမှာ တက်စလာအတွက် ပိုမိုအကျိုးရှိစေမယ်လို့ ဆိုပါတယ်။

"လျှပ်စစ်ကားလုပ်ငန်းထဲ ဘယ်သူမှ မမီနိုင်တဲ့ ထုတ်လုပ်နိုင်မှု အတိုင်းအတာနဲ့ လုပ်ငန်းနယ်ပယ် ကျယ်ပြန့်မှု တက်စလာမှာ ရှိနေပါတယ်။ ဒီအားသာချက်က လျှပ်စစ်ကား ဝယ်ယူမှုအတွက် အစိုးရက အခွန်လျှော့ပေးတဲ့ မူဝါဒတွေ မရှိတော့တဲ့ အခြေအနေမှာ မတ်စ်နဲ့ တက်စလာကို ထင်ရှားတဲ့ ယှဉ်ပြိုင်နိုင်မှု အားသာချက်တွေ ပေးနိုင်ပါတယ်။ အထူးသဖြင့် တရုတ်နိုင်ငံအပေါ် အခွန်တိုးမြှင့်ကောက်ခံမှုတွေကြောင့် BYD, Nio စတဲ့ စျေးသက်သာတဲ့ တရုတ်လျှပ်စစ်ကား ထုတ်ကုမ္ပဏီတွေ လာမယ့်နှစ်တွေမှာ အမေရိကန်စျေးကွက်ထဲ ဝင်ရောက်လာနိုင်မှုကို ဆက်လက် တားဆီးထားနိုင်မှာ ဖြစ်ပါတယ်" လို့ အိုက်ဗ်စ်က ဒီတပတ်ထုတ်ပြန်တဲ့ သူရဲ့ အမှာစာမှာ ဖော်ပြထားပါတယ်။

ဂျာမနီအခြေစိုက် Centre Automotive Research ရဲ့ ဒါရိုက်တာ ဘေထရစ်စီကိုင်းမ် (Beatrix C. Keim)ကတော့ " တရုတ်လျှပ်စစ်ကားတွေအတွက် အခွန်တိုးမြှင့်ဖို့က ၁၀၀% သေချာနေပါတယ်။ နောက်တက်လာမယ့် သမ္မတဟာ တရုတ်လျှပ်စစ်ကားတွေအပေါ် အခွန်လျှော့ချဖို့ အဆိုပြုချက်တွေကို နားထောင်မှာ မဟုတ်ဘူး" လို့ သုံးသပ်ပါတယ်။ တက်စလာဟာ ရှန်ဟိုင်းစက်ရုံက ကားတွေကို အမေရိကန်စျေးကွက်အတွက် တင်ပို့ခြင်းမရှိဘဲ အမေရိကန်မှာပဲ ထုတ်လုပ်နေတာကြောင့် အခွန်မြင့်မားခြင်းက တက်စလာကို မထိခိုက်ဘူးလို့လည်း သူက ဆိုပါတယ်။

တရုတ်နိုင်ငံမှာ တက်စလာ စီးပွားရေး အကျိုးအမြတ်ရှိစေမယ့် ဘာပဲလုပ်လုပ် မတ်စ်က လုပ်ဆောင်သွားမယ်လို့ ကိုင်းမ်က သုံးသပ်ပါတယ်။ "တရုတ်နိုင်ငံရဲ့ အကျိုးစီးပွားကို ဆန့်ကျင်တယ်လို့ ယူဆခံရရင် တရုတ်ပြည်သူတွေက စိတ်ခံစားချက်နဲ့ တုန့်ပြန်လာနိုင်ပါတယ်" လို့ သူက ပြောပါတယ်။ "တရုတ်စားသုံးသူတွေဟာ တချိန်က တက်စလာကားတွေ ရောင်းချမှုကို ဆန့်ကျင်ခဲ့ဖူးပြီး အခုလည်း ထပ်ဖြစ်လာနိုင်ပါတယ်" ဟု သူက ထပ်လောင်း ပြောကြားခဲ့ပါတယ်။

မတ်စ်က ပြီးခဲ့တဲ့ ဧပြီလအတွင်း တရုတ်ပြည်သူတွေကို ချစ်ခင်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

တရုတ်လူမှုကွန်ရက်တွေမှာ "တရုတ်နိုင်ငံရဲ့ မိတ်ဆွေ" အဖြစ် လူသိများတဲ့ မတ်စ်က "ကျွန်တော်ဟာ တရုတ်နိုင်ငံအပေါ် အကြီးအကျယ် သဘောကျသူ တစ်ဦးပါ။ တရုတ်နိုင်ငံမှာလည်း ကျွန်တော့်ကို အားပေးတဲ့ ပရိသတ်တွေ အများကြီး ရှိပါတယ်။ အပြန်အလှန် ချစ်ခင်နှစ်သက်မှုတွေ ရှိနေကြတာပါ" လို့ ဧပြီလအတွင်း ပြောကြားခဲ့ပါတယ်။

တရုတ်ပြည် ပေကျင်းမြို့တော်မှာ ကျင်းပတဲ့ တရုတ်နိုင်ငံတကာကုန်စည်ပြပွဲ (CIFTIS) အတွင်းတွေ့ရတဲ့ Tesla ကုမ္ပဏီထုတ် လျှပ်စစ်ကားများ (ဇန်နဝါရီ ၅၊ ၂၀၂၄)
တရုတ်ပြည် ပေကျင်းမြို့တော်မှာ ကျင်းပတဲ့ တရုတ်နိုင်ငံတကာကုန်စည်ပြပွဲ (CIFTIS) အတွင်းတွေ့ရတဲ့ Tesla ကုမ္ပဏီထုတ် လျှပ်စစ်ကားများ (ဇန်နဝါရီ ၅၊ ၂၀၂၄)

လာမယ့်လတွေမှာ တက်စလာက မောင်သူမဲ့စနစ် FSD (Supervised) ပါဝင်တဲ့ ကားအသစ်ကို မိတ်ဆက်ဖို့ရှိပေမယ့် အဲဒီကားရဲ့ လုံခြုံရေးကို ဆက်လက်စိစစ်နေဆဲ ဖြစ်ပါတယ်။ ဒီကားကို ရောင်းချနိုင်ဖို့အတွက် အစိုးရစည်းမျဉ်းဥပဒေတွေရဲ့ ခွင့်ပြုချက်ရဖို့ ဝါရှင်တန်နဲ့ ပေကျင်း နှစ်ဖက်စလုံးမှာ ထိရောက်တဲ့ လွှမ်းမိုးမှုရှိဖို့ လိုအပ်နေပါတယ်။

"နိုင်ငံခြားနည်းပညာအပေါ် လက်ခံကြိုဆိုကြောင်း ပြသတဲ့အနေနဲ့ တရုတ်နိုင်ငံက FSD ကို အတည်ပြုပေးဖို့ များပါတယ်" လို့ ရူဆိုက ပြောပါတယ်။ ဒါပေမယ့် ပြည်တွင်းကားကုမ္ပဏီတွေ ကြီးစိုးနေတဲ့ တရုတ်စျေးကွက်မှာတော့ တက်စလာရဲ့ FSD စနစ်ဟာ အကန့်အသတ်နဲ့သာ ရှိနိုင်ပါတယ်။

ကိုင်းမ်ရဲ့ အဆိုအရ တက်စလာရဲ့ FSD ဟာ ဥရောပမှာ စည်းမျဉ်းပိုင်းဆိုင်ရာ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ရနိုင်ချေ မရှိပေမယ့် နိုင်ငံတွင်း ယှဉ်ပြိုင်မှုတွေကြားမှာ ဝယ်ယူသူလုံလုံလောက်လောက် ရှာဖွေရရှိဖို့ ခက်ခဲနိုင်ပါတယ်။

တရုတ်နိုင်ငံက တုန့်ပြန်တဲ့အနေနဲ့ တက်စလာ အပါအဝင် အမေရိကန်ထုတ်ကုန်တွေအပေါ် အခွန်တိုးမြှင့်လာနိုင်လားဆိုတဲ့ မေးခွန်းကလည်း မကြာခဏ လူတွေသိချင်ကြတာပါ။

"ဒါဟာ ဖြစ်နိုင်ချေ အလွန်နည်းပါတယ်။ တက်စလာက တရုတ်နိုင်ငံမှာ ရင်းနှီးမြှုပ်နှံထားပြီး နိုင်ငံခြားကုမ္ပဏီတွေကို တရုတ်နိုင်ငံမှာ ကြိုဆိုနေဆဲပဲဆိုတာရဲ့ ဥပမာတခုလည်း ဖြစ်နေပါတယ်။ တရုတ်ကုမ္ပဏီတွေအတွက် စံထားရမယ့် နမူနာတစ်ခုအဖြစ်လည်း တက်စလာကရှိနေပါတယ်။" လို့ ရူဆိုက ဆက်လက် သုံးသပ်ပါတယ်။

"ယှဉ်ပြိုင်မှုတွေကို ဖျက်ဆီးပစ်တာဟာ တရုတ်ကားထုတ်လုပ်သူတွေရဲ့ ရှေ့ဆက်ဖွံ့ဖြိုးတိုးတက်မှုအတွက် ကောင်းမွန်တယ်လို့ မရှုမြင်ပါဘူး။ အမေရိကန်ရဲ့ လက်ရှိဆောင်ရွက်နေပုံနဲ့ လုံးဝ ကွာခြားနေပါတယ်" လို့ ရူဆိုက ပြောကြားခဲ့ပါတယ်။

Forum

ဆက်စပ်သတင်းများ ...

XS
SM
MD
LG