သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံတကာအရေး EU နဲ့ တရုတ်ခေါင်းဆောင်တွေ ဘေဂျင်းမှာဆွေးနွေး


တရုတ်နိုင်ငံ ဘေဂျင်းမြို့တော်ရှိ Diaoyutai အစိုးရဧည့်ဂေဟာမှာ တွေ့ဆုံဆွေးနွေးနေတဲ့ ဥရောပသမဂ္ဂနဲ့ တရုတ်ခေါင်းဆောင်များ (ဒီဇင်ဘာ ၇၊ ၂၀၂၃)
တရုတ်နိုင်ငံ ဘေဂျင်းမြို့တော်ရှိ Diaoyutai အစိုးရဧည့်ဂေဟာမှာ တွေ့ဆုံဆွေးနွေးနေတဲ့ ဥရောပသမဂ္ဂနဲ့ တရုတ်ခေါင်းဆောင်များ (ဒီဇင်ဘာ ၇၊ ၂၀၂၃)

EU ဥရောပသမဂ္ဂနဲ့ တရုတ်နိုင်ငံကြား ကုန်သွယ်ရေး မမျှတမှုဖြစ်နေတဲ့ကိစ္စကနေ၊ ယူကရိန်းစစ်ပွဲနဲ့ အရှေ့အလယ်ပိုင်းဒေသ ပြဿနာတွေကို ၂ ဘက် ခေါင်းဆောင်တွေ ဘေဂျင်းမြို့တော်မှာ ဒီနေ့ ဆွေးနွေးခဲ့ကြပါတယ်။ တရုတ်နိုင်ငံမှာရောက်နေတဲ့ EU ကော်မရှင်ဥက္ကဋ္ဌ Ursula von der Leyen, EU ကောင်စီဥက္ကဋ္ဌ Charles Michel, EU နိုင်ငံခြားမူဝါဒရေးရာအကြီးအကဲ Josep Borrell တို့နဲ့ တရုတ်သမ္မတ Xi Jinping တို့ ၄ နှစ်အတွင်း ပထမဆုံးအကြိမ် တွေ့ဆုံပြီး စီးပွားရေးနဲ့ ကမ္ဘာ့ရေးရာတွေကို ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။

တရုတ်နိုင်ငံဟာ EU အတွက် အရေးအကြီးဆုံး ကုန်သွယ်ရေးမိတ်ဘက်ဖြစ်ပေမယ့် ဖြေရှင်းရမယ့် မညီမျှမှုတွေ၊ သဘောထားကွဲပြားမှုတွေရှိနေတာ ထင်ရှားတယ်လို့ EU ကော်မရှင်ဥက္ကဋ္ဌ Ursula von der Leyen ကပြောကြားသွားခဲ့တာပါ။ ၂ ဘက်စီးပွားရေး ခိုင်မာအားကောင်းဖို့နဲ့ အန္တရာယ်ဖြစ်နိုင်တာတွေကို ရှောင်ရှားဖို့ အရေးကြီးတယ်ဆိုတာ ၂ ဘက်လုံးက သိရှိလက်ခံထားကြတယ်လို့လည်း သူကပြောကြားခဲ့ပါတယ်။ ဘုံအကျိုးစီးပွားအတွက် ငြိမ်းချမ်း၊ တည်ငြိမ်ဖို့၊ နိုင်ငံတကာဥပဒေတွေ ထိရောက်ဖို့နဲ့ ကမ္ဘာ့စိန်ခေါ်မှုတွေကို ဖြေရှင်းဖို့လိုအပ်တယ်ဆိုတာကို ထောက်ပြပြီး ယူကရိန်းအပေါ် ရုရှားတို့ရန်လိုနေတာ အဆုံးသတ်ရေးနဲ့ အစ္စရေးနဲ့ ပါလက်စတိုင်း ၂ နိုင်ငံ အတူယှဉ်တွဲနေထိုင်နိုင်ရေးကို မဖြစ်မနေကြိုးပမ်းဖို့ လိုအပ်တယ်လို့လည်း EU အကြီးအကဲက တရုတ်သမ္မတနဲ့တွေ့ဆုံစဉ်မှာ ပြောကြားခဲ့ပါတယ်။

တရုတ်နိုင်ငံ ဘေဂျင်းမြို့တော်ရှိ Diaoyutai အစိုးရဧည့်ဂေဟာမှာ တွေ့ဆုံဆွေးနွေးပွဲ မစခင် အတူတွေ့ရတဲ့ ဥရောပကော်မရှင်ဥက္ကဋ္ဌ Charles Michel, တရုတ်သမ္မတ Xi Jinping (လယ်) နဲ့ ဥရောပကောင်စီဥက္ကဋ္ဌ Ursula von der Leyen (ဒီဇင်ဘာ ၇၊ ၂၀၂၃)
တရုတ်နိုင်ငံ ဘေဂျင်းမြို့တော်ရှိ Diaoyutai အစိုးရဧည့်ဂေဟာမှာ တွေ့ဆုံဆွေးနွေးပွဲ မစခင် အတူတွေ့ရတဲ့ ဥရောပကော်မရှင်ဥက္ကဋ္ဌ Charles Michel, တရုတ်သမ္မတ Xi Jinping (လယ်) နဲ့ ဥရောပကောင်စီဥက္ကဋ္ဌ Ursula von der Leyen (ဒီဇင်ဘာ ၇၊ ၂၀၂၃)

EU အနေနဲ့ တရုတ်တပြည်ထောင်မူကို လက်ခံထားပေမယ့် ထိုင်ဝမ်ရေလက်ကြားနဲ့ တောင်တရုတ်ပင်လယ်မှာ တင်းမာမှုတွေ တိုးနေတဲ့အပေါ် စိုးရိမ်တယ်လို့ EU ကောင်စီဥက္ကဋ္ဌ Charles Michel ကလည်း ပြောကြားခဲ့ပါတယ်။ တရုတ်သမ္မတ Xi ကတော့ အပြန်အလှန် နိုင်ငံရေးယုံကြည်မှု တိုးတက်ဖို့နဲ့ ၂ ဘက်ဆက်ဆံရေးကို ထိခိုက်စေမယ့် အနှောင့်အယှက်အားလုံးကို ရှင်းလင်းဖို့လိုအပ်တယ်လို့ ပြောကြားခဲ့ပါတယ်။ ကမ္ဘာကြီးကြုံတွေ့နေရတဲ့ စိန်ခေါ်မှုတွေကို ပူးပေါင်းဆောင်ရွက်ဖို့လိုတဲ့ တချိန်ထဲမှာ၊ ၂ ဘက်ပြည်သူတွေအကျိုးအတွက် ဆွေးနွေးမှုနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ တိုးတက်အောင်လိုအပ်တယ်လို့လည်း တရုတ်သမ္မတက EU ခေါင်းဆောင်တွေကို ပြောကြားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG