(Zawgyi / Unicode)
သဘာဝရင်းမြစ်တွေဖြစ်တဲ့ လေနဲ့ ရေပြီးရင် လူသားတွေ အများဆုံး အသုံးပြုနေကြတာက သဲမြေတွေဖြစ်ပါတယ်။ လမ်းတွေ၊ တံတားတွေ၊ လူနေအဆောက်အအုံတွေနဲ့ ကားမှန်တွေကနေ မိုဘိုင်းတယ်လီဖုန်း ထုတ်လုပ်မှုတွေထိ လူသုံးကုန်ပစ္စည်းမျိုးစုံမှာ သဲတွေကို မဖြစ်မနေ ထည့်သွင်း အသုံးပြုနေကြရတာပါ။ မြို့ရွာဖွံ့ဖြိုးတိုးတက်ရေးနဲ့ အခြေခံအဆောက်အအုံတွေ တည်ဆောက်တဲ့ နေရာမှာလည်း သဲတွေကို မရှိမဖြစ် အသုံးပြုနေကြတာ ဖြစ်ပါတယ်။ ကမ္ဘာ့လူဦးရေ တိုးတက်လာပြီး မြို့ပြတွေ ချဲ့ထွင်လာတာနဲ့အမျှ ဝယ်လိုအားများလှတဲ့ သဘာဝရင်းမြစ်ဖြစ်တဲ့ သဲတွေကို မဆင်မခြင် ထုတ်ယူနေတဲ့အတွက် သဘာဝပတ်ဝန်းကျင်နဲ့ လူမှုဘဝတွေအပေါ် ဘယ်လို အကျိုးသက်ရောက်မှုတွေ ရှိနေပါသလဲ။ အပြည့်အစုံကို နန်းလောင်ဝ်က တင်ပြထားပါတယ်။
ဥတုရာသီ ပြောင်းလဲမှု ဖြစ်စေတဲ့ ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုကြောင့် ကမ္ဘာ့ဝင်ရိုးစွန်းက ရေခဲတောင်တွေ အရည်ပျော်ပြီး ပင်လယ်ရေတွေ မြင့်တက်လာတာကြောင့် ကမ္ဘာတဝှမ်းက သဲသောင်တွေ တဖြည်းဖြည်း ပျောက်ကွယ်လာနေပါတယ်။ ဒီနှုန်းအတိုင်း ဆက်သွားနေမယ်ဆိုရင်တော့ ဒီရာစုနှစ်အကုန်မှာ ကမ္ဘာပေါ်က သဲသောင်ပြင်တဝက်လောက် ပျောက်ကွယ်သွားလိမ့်မယ်လို့ Nature Climate Change ရဲ့ နောက်ဆုံးလေ့လာမှုမှာ ဖော်ပြထားပါတယ်။ ကမ္ဘာ့ကမ်းရိုးတန်းတွေရဲ့ ၃ ပုံ ၁ ပုံဟာ သဲသောင်ကမ်းစပ်တွေဖြစ်ပြီး အဲဒီနေရာ အတော်များများကိုတော့ ကမ္ဘာလှည့် ခရီးသည်တွေအတွက် အပန်းဖြေစခန်းတွေ၊ ဟိုတယ်တွေ၊ စက်ရုံအလုပ်ရုံတွေ၊ မြို့ရွာတွေနဲ့ စိုက်ပျိုးမြေတွေ နေရာယူထားတာ ဖြစ်ပါတယ်။ ပင်လယ်ရေမြင့်တက်ပြီး ရေတိုက်စားမှုဒဏ်ကို လက်တွေ့ရင်ဆိုင်နေရတဲ့ မြန်မာနိုင်ငံ မွန်ပြည်နယ်၊ သံလွင်မြစ်ကမ်းဘေးက လယ်မြေ ၂၄ ဧက ပိုင်ခဲ့ဖူးတဲ့ ဦးသန်းဇော်ဦးကတော့ သူပိုင်လယ်မြေနေရာဟောင်းတွေကို စက်လှေစီးပြီး လိုက်ပြပါတယ်။
“ဒီနေရာတွေမှာလည်း လယ်မြေတွေပဲပေါ့။ မြေစပြိုတော့ ဒီလိုမျိုး နည်းနည်းချင်းစီ လှီးပြီး ပြိုသွားတာ။ နောက်တော့ အရင်းကနေ အကွင်းလိုက်ပြတ်ပြီး ပြိုကျသွားတာ။”
ဒေသခံ တခြားလယ်သမားတဦးကလည်း သူပိုင်မြေဧက ၁၅ ဧကစလုံး ရေတိုက်စားတဲ့အထဲ ပါသွားတယ်လု့ိ ပြောပါတယ်။ တောင်သူတွေရဲ့ ပြောဆိုချက်ကို မြန်မာအစိုးရရဲ့ တရားဝင်မှတ်တမ်းမှတ်ရာတွေနဲ့ အတည်မပြုနိုင်ပေမယ့် သူတု့ိပြောဆိုချက်တွေကို ဒေသခံတွေက အတည်ပြုကြပါတယ်။ သဲတွေ ထုတ်ယူသုံးစွဲတာကြောင့်လည်း ကမ္ဘာတဝှမ်းက နုနယ်တဲ့ ဇီဝဂေဟစနစ်တွေ ပြောင်းလဲလာရသလို ရေတိုက်စားပြီး မြစ်ကမ်းအနီးက ကမ်းပါးပြိုတာတွေ၊ ရေကြီးရေလျှံတာတွေနဲ့ ရေခန်းတာတွေ အဖြစ်များလာတယ်လို့လည်း ကုလသမဂ္ဂ သဘာဝပတ်ဝန်းကျင်အေဂျင်စီ (UNEP) ရဲ့ ၂၀၁၉ ခုနှစ်ထုတ် အစီရင်ခံစာမှာ ဖော်ပြထားတာပါ။
ခုလို သဲတွေဆုံးရှုံးနေရတဲ့ ဖြစ်ရပ်ဟာ သဘာဝပတ်ဝန်းကျင်နဲ့ ပတ်သက်လို့ ၂၁ ရာစုမှာ ရင်ဆိုင်နေရတဲ့ အဓိက စိန်ခေါ်ချက်ကြီးတခု ဖြစ်တယ်လို့ိလည်း UNEP က ပြောပါတယ်။
သြစတြေးလျလို ရေပတ်လည်ဝိုင်းနေတဲ့ နိုင်ငံမှာတော့ ရေတိုက်စားလို့ ပါသွားတဲ့ ကမ်းခြေက သဲတွေအတွက် စွန့်ပစ်ဖန်ပုလင်းတွေ၊ ဖန်ထည်တွေကို အမှုန့်ကြိတ်ပြီး အစားထိုးနေရသလို အမေရိကန်ပြည်ထောင်စုမှာဆိုရင်လည်း ဆောက်လုပ်ရေး လုပ်ငန်းတွေမှာ သဲအစားထိုးအဖြစ် စွန့်ပစ် ဖန်ထည်တွေကို ကြိတ်ပြီး ရောနှောအသုံးပြုနေကြပါတယ်။
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်ထဲက ဒေသခံ တောင်သူတွေကတော့ မြစ်ရေတိုက်စားလို့ ကမ်းပါးတွေ ပြိုလာရတာဟာ မြစ်ထဲကသဲတွေကို စုပ်ယူနေကြလို့ ဖြစ်တယ်လို့ ပြောကြပါတယ်။ စင်ကာပူနိုင်ငံက ဆောက်လုပ်ရေး လုပ်ငန်းတွေမှာ သုံးဖို့ ချောင်းဆုံအနီး မြစ်ကြမ်းပြင်ကသဲတွေ လာပြီး စုပ်ယူနေတာကြောင့် မြစ်ကမ်းပါးတွေ ပြိုလာတယ်လို့လည်း ဒေသခံတွေက ပြောကြပါတယ်။ မြန်မာအစိုးရနဲ့ သဲထုတ်ယူတဲ့ ကုမ္ပဏီတွေကတော့ ဒီပြောဆိုချက်တွေကို ငြင်းဆိုထားတာပါ။ ဒေသခံတောင်သူ ဦးမြင့်စံကလည်း ခုလိုပြောပါတယ်။
“ဟိုးမှာ မြင်နေရတာက သဲတွေစုပ်တဲ့ သင်္ဘောပေါ့။ အနားသွားရင်တော့ အကြီးကြီးပဲ။ သူက ကျနော်တို့နဲ့ တော်တော်လေးတော့ လှမ်းသေးတာပေါ့။ နေ့ဘက်ကျရင် သူက ဘာမှမလုပ်ဘူး၊ ကျောက်ပေါက်ပြီးတော့ (ကျောက်ချပြီးတော့) သူနေတယ်။ မိုးချုပ်လို့ရှိရင်တော့ အဲဒီလယ်မြေတွေနားက မြစ်ကြောင်းတွေမှာ သူက သဲလာစုပ်တယ်။ ကျနော်တို့လယ်တွေက ဟိုးရေပြင်ထဲမှာ မြင်နေရတဲ့ လှေတွေ အဝေးလောက်ထိ ရှိတယ်။ သဲသင်္ဘောလာပြီးတဲ့နောက်ပိုင်း တဖြည်းဖြည်းနဲ့ ပြိုကျသွားတာ။ သဲသင်္ဘောလာပြီးတဲ့နောက်ပိုင်း ကမ်းပါးတွေ တဖြည်းဖြည်းနဲ့ ပြိုကျရင်း ကုန်သွားတာ ခုဆိုရင် ရေပြင်ပဲကျန်တော့တာပေါ့။”
ဆောက်လုပ်ရေးမှာ အများဆုံး အသုံးပြုကြတဲ့ မြစ်ကြမ်းပြင်ကနေ သဲမြေတွေ ထုတ်ယူမှုကြောင့် သဘာဝပတ်ဝန်းကျင်အပေါ် ထိခိုက်တယ်ဆိုပြီး မလေးရှားနဲ့ အင်ဒိုနီးရှားနိုင်ငံတို့က စင်ကာပူနိုင်ငံနဲ့ သဲအရောင်းအဝယ်ကိစ္စကို ရပ်ပစ်ခဲ့ကြပါတယ်။ အင်ဒိုနီးရှားကတော့ သဲတင်ပို့မှုကို ၂၀၀၇ ခုနှစ်မှာ ရပ်ဆိုင်းပစ်ခဲ့တဲ့အတွက် စင်ကာပူရဲ့ ဆောက်လုပ်ရေးတွေ ရပ်လုနီး ဖြစ်ခဲ့ရပါတယ်။ ကမ္ဘောဒီးယားကလည်း ၂၀၁၇ ခုနှစ်မှာပဲ သဲအရောင်းအဝယ် ရပ်ပစ်လိုက်တာပါ။ ဒါကြောင့်လည်း မြန်မာနိုင်ငံက သဲတွေဝယ်ယူဖို့ စင်ကာပူက မျက်စိကျလာတာလို့လည်း သုံးသပ်မှုတွေ ရှိနေပါတယ်။
ကမ္ဘာတဝှမ်း လူဦးရေတိုးလာနေပြီး လူနေမှုပုံစံ ပြောင်းလဲလာတဲ့အတွက် လာမယ့်ဆယ်စုနှစ်အတွင်း သဲဝယ်လိုအားတွေ နှစ်ဆလောက် တက်လာလိမ့်မယ်လို့လည်း OCED လို့ခေါ်တဲ့ အမေရိကန်အခြေစိုက် စီးပွားရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့က ပြောဆိုထားပါတယ်။ ကျောက်တွေ၊ သဲတွေနေရာမှာ ပလတ်စတစ်တွေနဲ့ အစားထိုးပြီး ဆောက်လုပ်ရေးလုပ်လို့ မရဘူးလို့လည်း OCED က ထောက်ပြပါတယ်။ ပင်လယ်ရေမြင့်တက်မှုကြောင့် ကမ်းပါးတွေပြိုပြီး လယ်မြေဆုံးရှုံးခဲ့ရသလို ရေငံတွေဝင်ပြီး မြေယာဆုံးရှုံးနေရတဲ့ မြန်မာလယ်သမားတွေကတော့ အသက်မွေးဝမ်းကြောင်း လုပ်ငန်းအတွက် အစိုးရဘက်က အကူအညီပေးဖို့ လိုလားနေပါတယ်။ ဒေသခံ လယ်သမားကြီး ဦးသန်းဇော်ဦးကလည်း ခုလိုပြောပါတယ်။
“အဲဒီတော့ ကျနော်တို့အနာဂတ်က မရေရာဘူး၊ ဒါကို အစိုးရအနေနဲ့ ဆိုပါစို့၊ ကျနော်တို့ ငါးကန်တူးနိုင်အောင် ခွင့်ပြုချက်တွေ၊ ငါးကန်တူးဖို့ ရင်းနှီးမြှုပ်နှံဖို့အတွက် အရင်းအနှီးတွေ အဲဒီလိုမျိုး ရမယ်ဆိုရင်တော့ အဲဒါလေးတွေကိုတော့ ကျနော်တို့ မျှော်လင့်တာပေါ့။ အဲဒါဆိုရင်တော့ ကျနော်တို့ အနာဂတ်လေးတွေ ဆက်သွားလို့ ရဦးမှာပေါ့။”
ကုလသမဂ္ဂရဲ့ ကိန်းဂဏန်းတွေအရ ၂၀၁၈ ခုနှစ်မှာ မြန်မာနိုင်ငံကနေ စင်ကာပူကို ဒေါ်လာ ၆ သန်းကျော် တန်ဖိုးရှိတဲ့ သဲတန်ချိန် ၁ သန်းနီးပါး တင်ပို့ခဲ့တာပါ။ မလေးရှားက စင်ကာပူနိုင်ငံကို သဲတင်ပို့မှု တားမြစ်လိုက်တဲ့အတွက် မြန်မာ့သဲ ဝယ်လိုအား တက်လာလိမ့်မယ်လို့လည်း မြန်မာ့ဆိပ်ကမ်း တာဝန်ရှိသူတွေက ခန့်မှန်းနေတာပါ။ စင်ကာပူနိုင်ငံမှာ မှတ်ပုံတင်ထားတဲ့ Starhigh Asia Pacific Pte Ltd ပိုင် သင်္ဘောတွေ ချောင်းဆုံမှာ ၂၀၁၃ ခုနှစ်ကတည်းက သဲတွေစုပ်ယူလာတာလို့ ချောင်းဆုံလွှတ်တော်အမတ် ဒေါ်ကြည်ကြည်မြက ပြောပါတယ်။ ဒေသခံလယ်သမားတွေ မြေယာဆုံးရှုံးနေရတဲ့ အပေါ်မှာလည်း သူက စိုးရိမ်နေတာပါ။
“သူတို့အတွက်တော့ အစားထိုးတဲ့ ပုံစံမျိုးလေးတွေ လုပ်ပေးမှပဲ အဆင်ပြေမယ်လို့ ထင်ပါတယ်။ ဒါပေမယ့် ကျမတို့ကလည်း ကိုယ်စားလှယ်ဆိုတော့ ကျမတို့မှာက ဘောပင်နဲ့ စာရွက်ပဲ ရှိတာလေ။ ကျမတို့က ပြည်သူ့အသံကို အော်ပေးရုံပဲရမှာ။ လုပ်ပေးရမှာက အစိုးရတာဝန်ဆိုတော့ လယ်သမားတွေအတွက်တော့ ကျမ တော်တော်လေးကို ရင်လေးမိပါတယ်။”
၂၀၁၈-၂၀၁၉ ခုနှစ်ထဲမှာ ချောင်းဆုံကနေ သဲတန်ချိန် ၁ သိန်းခွဲလောက် ထုတ်ယူခဲ့တယ်လို့ ဒေါ်ကြည်ကြည်မြက ခန့်မှန်းပါတယ်။ Starhigh ကုမ္ပဏီဟာ ဒေသန္တရအစိုးရ လိုင်စင်နဲ့ သဲတွေစုပ်ယူနေတာပါ။ ဒါပေမယ့်လည်း အဲဒီလိုင်စင်မှာ ဘယ်လောက်အတိုင်းအတာပဲ ထုတ်ယူရမယ် ဆိုတာမျိုးတော့ ကန့်သတ်မထားပါဘူး။ မြန်မာအစိုးရကတော့ သောင်တူးစက်တွေနဲ့ သဲတွေထုတ်ယူနေတာဟာ သဘာဝပတ်ဝန်းကျင်အပေါ် ထိခိုက်မှု သိပ်မရှိသလိုဘဲ သောင်ထွန်းပြီး မြစ်တွေ တိမ်ကောလာတဲ့အတွက် ရေလမ်းရှင်းပေးဖို့တောင် လိုအပ်နေတယ်ဆိုပြီး ပြောဆိုထားတာပါ။
ကမ္ဘာတဝှမ်း နှစ်စဉ်ထုတ်ယူနေတဲ့ သဲတန်ချိန် ၂၈ ဘီလီယံဝန်းကျင် ရှိတယ်လို့ OECD က ခန့်မှန်းထားတာပါ။ ဒါပေမယ့်လည်း တကယ်တမ်း သဲထုတ်ယူမှုက ဒီထက်မက များနိုင်ပါသေးတယ်။ ကွန်ကရစ်ဆောက်လုပ်ရေးအတွက် ဘိလပ်မြေ ၁ တန်မှာ သဲ ၁၀ တန် အသုံးပြုရတယ်လို့ ကုလသမဂ္ဂက လေ့လာတွေ့ရှိထားပါတယ်။ အမေရိကန် ဘူမိဗေဒ စစ်တမ်းအရ တကမ္ဘာလုံး အတိုင်းအတာနဲ့ဆိုရင် နှစ်စဉ် ဘိလပ်မြေတန်ချိန် ၄.၁ ဘီလီယံထိ ထုတ်လုပ်နေတာ ဖြစ်တဲ့အတွက် ဒီနှုန်းနဲ့ဆိုရင်တော့ ကမ္ဘာတဝှမ်း နှစ်စဉ် သဲတန်ချိန် ၄၀ ဘီလီယံထက်မနည်း ဆောက်လုပ်ရေးလုပ်ငန်းတွေမှာ အသုံးပြုနေကြတဲ့ သဘောလည်း ဖြစ်ပါတယ်။
---------------------------------
(Unicode)