သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဧရာဝတီ မြစ်ကြောင်း သွားလာရေး


ကူးသန်း သွားလာရေးအတွက် အရေးပါတဲ့ ဧရာဝတီ မြစ်ကြောင်း
ကူးသန်း သွားလာရေးအတွက် အရေးပါတဲ့ ဧရာဝတီ မြစ်ကြောင်း

မြန်မာနိုင်ငံမှာ မြောက်ဖျားကနေ တောင်ဘက် မြစ်ဝကျွန်းပေါ်အထိ စီးဆင်းနေတဲ့ ဧရာဝတီမြစ်ကြီးဟာ မြန်မာနိုင်ငံရဲ့ ကူးသန်းသွားလာရေးမှာ အဓိက လမ်းမကြီဖြစ်ပါတယ်။ ဒီမြစ်ကြောင်းမှာ ရာသီမရွေး သွားလာနိုင်ဖို့ လိုအပ်နေတာ တွေကို မြစ်ကြောင်းထိမ်းသိမ်းရေး လုပ်ငန်းလုပ်နေတဲ့ သင်္ဘော ကက်ပတိန် ဦးစိုးမင်းအောင်ကို မေးမြန်းပြီး တင်ပြပေးမှာပါ။

ဧရာဝတီ မြစ်ကြောင်း သွားလာရေး
please wait

No media source currently available

0:00 0:07:10 0:00
တိုက်ရိုက် လင့်ခ်

လောလောဆယ်တော့ ဧရာဝတီမြစ်ကြောင်းက ရာသီမရွေး အချိန်မရွေး သွားလာဖို့ အတော် အခက်အခဲ ရှိပါတယ်။ မြစ်ကြောင်းက ကျယ်လာတယ်၊ တိမ်လာတယ်၊ သောင်တွေ အများကြီး ထွန်းလာတယ်။

ဘာကြောင့် အဲဒီလို ဖြစ်လာတယ်လို့ ထင်ပါသလဲ။

အဓိက ကတော့ နှစ်ပေါင်းများစွာ စီမံခန့်ခွဲမှု ဆိုင်ရာ လိုအပ်ချက်တွေ လည်း ရှိနေသလို နောက်တချက်က လွန်ခဲ့တဲ့ နှစ် အတော်များများမှာ သစ်တောတွေ ကို ခပ်မြန်မြန် ခုတ်လိုက်တာကြောင့် မြေဆီလွှာ ပြုန်းမှု soil erosion များလာပြီး သစ်တောပြုန်းတီးမှု ဒဏ်ကြောင့် ရိုက်ခတ်လာတာ ဖြစ်ပါတယ်။ သစ်တောကို များများ ခုတ်လိုက်တဲ့ အခါမှာ အပေါ်ယံ မြေလွှာက ပျက်စီးမှု ဖြစ်ပါတယ်။ ဒီမြေတွေက မြစ်ထဲကို ဆင်းလာပြီး သဲသောင် တွေ များများ ပေါ်ထွန်းလာတဲ့ သဘော ဖြစ်ပါတယ်။ ဒီလို သဲသောင် များများ ဖြစ်လေလေ မြစ်က ပိုတိမ်လာလေလေ၊ ပိုကျယ်ကျယ် စီးလေလေ ဖြစ်ပါတယ်။ နောက်တချက်က သတ္တုနဲ့ ပတ်သက်တဲ့ လုပ်ငန်းတွေမှာလည်း စီးပွါးရေး လုပ်ငန်းရှင်တွေ အနေနဲ့ ဖြစ်သင့် ဖြစ်ထိုက်တဲ့ လုပ်ထုံး လုပ်နည်းတွေနဲ့ အလုပ်မလုပ်ပဲ စည်းကမ်း နဲနဲလေး ယိုယွင်းပြီးတော့ လုပ်ကိုင် သွားတဲ့အတွက် မြစ်ကြောင်း ပတ်ဝန်းကျင်မှာ သတ္တုတွင်းနဲ့ ပတ်သက်ပြီး တူးတဲ့ နေရာမှာ ဘေးဆိုးကျိုး အနေနဲ့ မြစ်ကြောင်း ပျက်စီးဖို့ ဖြစ်လာတဲ့ သဘောပါ။

ဦးစိုးမင်းအောင် အနေနဲ့ နိုင်ငံတကာမှာ သွားလာလုပ်ကိုင်ဖူးတယ်ဆိုတော့ တခြားနိုင်ငံတွေမှာ မြစ်ကြောင်းအတွင်း သွားလာမှု လွယ်ကူ ချောမောအောင် ဘာတွေ လုပ်ကြတာများ တွေ့ပါသလဲ။

နယ်သာလန်နိုင်ငံကို ကျွန်တော် ရေအရင်းအမြစ်နဲ့ ပတ်သက်ပြီး လေ့လာရေးခရီး သွားခဲ့တဲ့အခါ သူတို့နိုင်ငံမှာ မြစ်ချောင်း အင်းအိုင်တွေ ကို ထိန်းသိမ်းတာ၊ ရေလမ်း သွားလာရေး ကိစ္စတွေမှာ ဘယ်လိုနည်းနဲ့ ဖြစ်ဖြစ် သွားလို့လာလို့ ရအောင် လုပ်ထားကိုင်ထားတာ၊ တော်တော် လေးကိုပဲ ရေကို ကောင်းမွန်စွာ အသုံးချနိုင်တယ်ပေါ့လေ။

သူတို့အစိုးရ အဆက်ဆက် နိုင်ငံကိုအုပ်ချုပ်တဲ့ ဘုရင်ကိုယ်၌ကလည်း ရေအရင်းအမြစ်နဲ့ ပတ်သက်လာရင် တော်တော်လေးကို ဂရုတစိုက် လုပ်ကိုင်တာ တွေ့ရတယ်။ ကျနော်တို့နိုင်ငံမှာလည်း တကယ်တော့ ဒီရေအရင်းအမြစ်ကို ဒီထက်အများကြီး ပိုပြီး Archive လုပ်မယ်ဆိုလို့ရှိရင် ဒီမြစ်တွေရော ရေနဲ့ပတ်သက်တဲ့ ဟာတွေမှာရော အများကြီး တိုးတက်လာမယ်လို့ ယူဆပါတယ်။

ဟုတ်ကဲ့။ ဥပမာလေးတခု ပြောပြပေးပါလား။ Netherlands မှာ ဘယ်မြစ်ကြောင်း အဓိကရှိပြီးတော့ ရေကြောင်း သွားလာမှုကို ဘယ်လို ကောင်းအောင် လုပ်ထားလဲဆိုတာ။

နယ်သာလန်မှာ ဆိုလို့ရှိရင် Rhine မြစ်ကော၊ Rhine မြစ်နဲ့ဆက်စပ်နေတဲ့ မြစ်လက်တက် မြစ်ငယ်အားလုံးကို သူတို့ ပြုပြင်ထိန်းသိမ်းထားတဲ့ အတွက် ဒီRhine မြစ်နဲ့ ဆက်စပ်နေတဲ့ နိုင်ငံတွေအားလုံးကို ဒီရေလမ်းကနေပြီးတော့ သယ်သူပို့ဆောင်လုပ်ငန်း ကောင်းစွာလုပ်နိုင်တာ ကျနော်တို့ တွေ့ရပါတယ်။ နယ်သာလန်ဟာ ပင်လယ်ရေ မျက်နှာပြင်အောက်မှာ တည်ထားတဲ့နိုင်ငံ ဖြစ်နေရဲ့သားနဲ့ကို ရေကြောင်းသွားလာ ရေးကိစ္စကို ကောင်းမွန်စွာ တည်ဆောက် ထိန်းသိမ်းထားနိုင်တဲ့အတွက် သူ့ရဲ့ ရော့တာတန် (Rotterdam) မြို့မှာရှိတဲ့ ပင်လယ်ဆိပ်ကမ်းဟာဆိုရင် ကမ္ဘာပေါ်မှာ တော်တော်လေးကြီးကျယ်တဲ့ ဆိပ်ကမ်းမြို့တမြို့အဖြစ် သေချာလေး ကမ်းရိုးတန်းတွေကို ထိန်းသိမ်းတယ်။ လုံလောက်တဲ့ ရေအနက်ရအောင် ရေတခါးတွေ အဆင့်ဆင့်တပ်တယ်။ ထိန်းသိမ်းတယ်။ ပြီးတော့ အဲဒီထဲမှာပဲ သွားလာလှုပ်ရှားပြီးတော့ ရေကြောင်း သယ်ယူပို့ဆောင်ရေးလုပ်ငန်းကို တော်တော်လေး ကြီးကြီးကျယ်ကျယ်လုပ်တာ တွေ့ရတယ်။

ဟုတ်ကဲ့၊ မြန်မာနိုင်ငံမှာ ရာသီမရွေး သွားလာဖို့ အခက်ခဲ ရှိနေတဲ့ ဒီဧရာဝတီမြစ်ကြောင်းထဲက သောင်တွေထွန်းတာကို ဘယ်လိုပုံစံမျိုးနဲ့ လမ်းရှင်းပေးဖို့ သင့်မယ်ထင် ပါသလဲ။

ကျနော်တို့ ဧရာဝတီမြစ်ကြီးတခုလုံး ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းစဉ်ကို ပြန်လုပ်ဖို့အတွက် နယ်သာလန်နိုင်ငံကနေ ထောက်ပံ့ငွေနဲ့ အရင်အစိုးရ လက်ထက်က လေ့လာစူးစမ်းတာတွေ စပြီး လုပ်ခဲ့ပါတယ်။ ရေအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး ကိစ္စနဲ့ ပတ်သက်ပြီး တချို့ကိစ္စတွေမှာ ပုဂ္ဂလိက ဘက်နေ ကျွန်တော် ဝင်လုပ်တဲ့ အခါ ပညာရှင်တွေနဲ့ ပူးပေါင်း ဆောင်ရွက်တာတို့ ပညာရှင်တွေ ဆီက အကြံဉာဏ်တွေ ရယူတာတို့ လုပ်ပါတယ်။ ဒီအခါမှာ ကျွန်တော်မြင်တာကတော့ ဧရာဝတီ မြစ်ကြီး တခုလုံးကို ပြန်ပြီး ပြုပြင် ထိမ်းသိမ်းမယ် ဆိုရင် ငွေကြေး အရင်းအနှီးက အတော်လိုအပ်ပါမယ်။ မြစ်ကြောင်း တခု ဖြစ်တဲ့ အတွက် ဥပမာ က - နေရာမှာ လုပ်တဲ့ နည်းစံနစ်ကို ခ- နေရာမှာ ပုံတူထပ်တူ လုပ်လို့ မရပါဘူး။ မြစ်ကြောင်းရဲ့ သဘော သဘာဝ အရ သူက တော်တော်လေး ကို ခန့်မှန်းရ ခက်ပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့က က- နေရာမှာ ဘယ်လို ပြုပြင်မယ် ဆိုတဲ့ နည်းစံနစ်အတွက် အဲဒီနေရာအတွက်ပဲ သီးသန့် လေ့လာစမ်းသပ်မှုတွေ လုပ်ပြီးမှ ပြုပြင်ထိမ်းသိမ်းတာကို လုပ်ရပါတယ်။ ဒီအတိုင်းပဲ ခ- နေရာကို ရောက်သွားရင် အဲဒီနေရာမှာ လေ့လာ စူးစမ်းပြီးမှ ပြုပြင်တာကို လုပ်ရပါတယ်။

မြစ်ကြောင်းကြီးက ရှည်တဲ့ အခါကျတော့ ဒီမြစ်ကြောင်းတခုလုံးကို ပြုပြင် ထိမ်းသိမ်းမယ် ဆိုရင် နိုင်ငံတော် အနေနဲ့ ငွေအရင်းအနှီး အနေနဲ့ အတော်လေးကို စိုက်ထုတ်ရမယ့် အနေထား ရှိပါတယ်။ တချိန်ထဲမှာပဲ ပြည်သူတွေဘက်က အားလည်း အတော်ကို လိုမှာ ဖြစ်ပါတယ်။ ဘာကြောင့်လည်း ဆိုတော့ အမှိုက်ပစ်တဲ့ ကိစ္စ၊ ဘယ်မြောင်း ဖြစ်ဖြစ် တွေ့တဲ့ နေရာ စွန့်ပစ်နေတဲ့ ကိစ္စက တော်တော်လေးကို ဆိုးဝါးတဲ့ အလေ့အကျင့် တခု ဖြစ်နေပါတယ်။ နောက် သစ်တော ပြုန်းသွားတာတွေ ရှိမယ်၊ သတ္တု တူးဖေါ်တဲ့ နေရာမှာ နည်းစံနစ် မကျတဲ့ ကိစ္စတွေ ရှိမယ်။ အဲဒါတွေဟာ မြစ်ကြောင်း တွေနဲ့ ပတ်သက်လာရင် သဘာဝ ဘေးအန္တရာယ် ကို ပိုဆိုးစေတဲ့ ထပ်ဆောင်း အန္တရာယ်တွေ ဖြစ်ပါတယ်။ အစိုးရက ပညာပေးရုံနဲ့ လိုက်ထိန်းသိမ်းရုံနဲ့ မပြီးပါဘူး။ ပြည်သူလူထုမှာလည်း အများကြီး တာဝန်ရှိပါတယ်။ ဒါကြောင့် ပြည်သူတွေဘက်က ဒါတွေကို ထိန်းထိန်းသိမ်းသိမ်း၊ စည်းနဲ့ ကမ်းနဲ့ လုပ်မယ် ဆိုရင် မြစ်ကြောင်း ပြုပြင် ထိမ်းသိမ်းရေး လုပ်ငန်းက ထင်ထားတာ ထက် မြန်မြန် ဆန်ဆန်လေး ပြီးမယ်လို့ ယူဆပါတယ်။

သင်္ဘော ကပ္ပတိန် တယောက် အနေနဲ့ ဒီမြစ်ကြောင်းထဲ သွားမယ် ဆိုရင် ရေကြောင်း သွားလာရေးမှာ အခက်ခဲဆုံး ဖြစ်မယ့် နေရာဟာ ဘယ်နေရလို့ ထင်ပါသလဲ။

၁၈ နေရာ နေရာ ၂၀ လောက်က လောလော ဆယ်မှာ တော်တော် လေးကို ခက်ခက် ခဲခဲနဲ့ သွားလာ လှုပ်ရှားရမယ့် နေရာ တခု ဖြစ်နေပါတယ်။ အဲဒီနေရာတွေဟာ ပထမဆုံး ရှင်းရမယ့် နေရာတွေပါ။ အဲဒီနောက်ပိုင်း ကျမှ တခြားလိုအပ်တဲ့ နေရာတွေကို လိုက်ပြီး ပြုပြင် ထိန်းသိမ်းရေး လုပ်ရမှာ ဖြစ်ပါတယ်။ ဥပမာ အားဖြင့် ကျွန်တော့် အနေနဲ့ ပါဝင် ပတ်သက်မှု ရှိနေတာက ပုဂံ မြို့ ပတ်ဝန်းကျင်မှာ ရှိနေတဲ့ ဧရာဝတီမြစ်မှာပါ။ အဲဒီနေရာမှာ နွေ ဆိုရင် ရေနဲတဲ့ အချိန် ဆိုရင် မြစ်ကြောင်းက ၃ ပေ ၄ ပေ လောက်အထိကို တိမ်သွားတတ်ပါတယ်။ ဒါကြောင့် ရေယာဉ်တွေ ဖြတ်သန်း သွားလာဖို့ တော်တော် လေးကို ခက်ခဲလာပါတယ်။ အဲဒီအခါမှာ ရေလမ်း ကြောင်းကို အားထားပြီး သယ်ယူပို့ဆောင်ရေး လုပ်ငန်း လုပ်ဖို့ တော်တော်လေးကို စဉ်းစားလာတဲ့ အခြေနေ ရောက်သွားတာပါ။

ဒီ ပုဂံ ပတ်ဝန်းကျင်မှာ ဘယ်နေရာကနေ စပြီး လုပ်ဆောင်မယ်လို့ စဉ်းစား ထားပါသလဲ။

ပတ်ဝန်းကျင်မှာ မြစ်ကြောင်းက တော်တော်လေးကို ကျယ်လာတယ်။ အလယ်ခေါင်မှာ မြစ်ကြောင်းက သောင်ခုံကြီး၊ အဲဒီသောင်ခုံကြီးက တဖြေးဖြေး ကြီးလာပြီး ကျွန်းနီးပါးလောက် ဖြစ်သွားတဲ့ အတွက် ဒီမြစ်ကြောင်းက ၂ ခြမ်း ကွဲသွားတယ်ပေါ့။ အရှေ့ဘက်ခြမ်းမှာလည်း သူက လမ်းကြောင်း ရှိနေပါတယ်။ ဒါပေမယ့် သူက နဲနဲ တိမ် ပြီးတော့ ပြုပြင်ထိန်းသိမ်းမယ်၊ ရေယာဉ်တွေ သွားဖို့ လာဖို့အတွက် လုပ်မယ် ကိုင်မယ် ဆိုရင်တောင်မှ မလုပ်သင့်တဲ့ အခြေနေကို ရောက်နေပါပြီ။ ဒါကြောင့် အနောက်ဖက် ကမ်းမှာ ရှိတဲ့ အဓိက ရေလမ်းကြောင်းကို ပြင်ဆင်ဖို့ အတွက် လုပ်ရမှာ ဖြစ်ပြီး၊ ကမ်းတွေ ထိန်းသိမ်းတဲ့ ကိစ္စ၊ ရေကို နက်သွားအောင်လို့ တူးဖေါ်ရမယ့် ကိစ္စ၊ ဒါတွေက အဓိက အချက် ၂ ခုဖြစ်ပါတယ်။

ဦးစိုးမင်းအောင်ရဲ့ ပြောကြားချက်နဲ့ပဲ ဒီသီတင်းပတ်အတွက် သိပ္ပံနဲ့ နည်းပညာကဏ္ဍကို ဒီမှာပဲ ရပ်နားလိုက်ပါရစေ။

XS
SM
MD
LG