အင်စတီကျူးရှင်းတွေ အပြောင်းအလဲ ကို လေ့လာတဲ့အခါမှာ အဟောင်း ကို ပြောင်းနည်း အမျိုးမျိုး ရှိတာ ကို တွေ့ရပါတယ်။ အင်စတီ ကျူးရှင်း ဆိုတာ ဘာလဲ။ ပြောင်းပုံ ဘယ်နှမျိုး ရှိသလဲ။ စာရေးဆရာမှ သော်တာအေးလဲ့ နဲ့ ဦးတင်မောင်သန်း က ဆွေးနွေး တင်ပြထားပါတယ်။
အင်စတီကျူးရှင်း အပြောင်းအလဲ ၄ မျိုး
အကျဉ်းချုပ်
အပြောင်းအလဲ လို့ ပြောကြတဲ့အခါ ပြင်ပ အကြောင်းကြောင့် ပြောင်းတာတွေ ရှိသလို၊ အင်စတီကျူးရှင်း အတွင်း သဘောအရ တဖြည်းဖြည်း ပြောင်းတာလည်း ရှိပါတယ်။ အင်စတီကျူးရှင်း ကို လူမှုဗေဒ က ပြောတဲ့အခါ အောက်ပါ အဓိပ္ပါယ် ၃ မျိုး နဲ့ ပြောတာပါ။ ၁။ ဖွဲ့ဖွဲ့စည်းစည်း ဖြစ်ပြီး တဲ့ အရာတွေ၊ ၂။ တရားဝင် ပြဌာန်းထားတာလည်း ဖြစ်ချင် ဖြစ်မယ်။ ဖြစ်ချင်မှလည်း ဖြစ်မယ် ၃။ လူတွေ က လက်ခံ လိုက်နာ ကြတယ်။ ဒါကြောင့် အဖွဲ့အစည်း နဲ့ ကျင့်ထုံး လို့ ခြုံပြီး နားလည်နိုင်ပါတယ်။
မိသားစု စနစ်တွေ ဟာ အင်စတီကျူးရှင်း တစ်ခု ဖြစ်တယ်။ ဖွဲ့ဖွဲ့စည်းစည်း ဖြစ်ပြီးပြီ။ တရားဝင် ပြဌာန်းတာ ဟုတ်ချင်မှ ဟုတ်မယ်။ လူတွေ က လိုက်နာ လုပ်ဆောင်ကြတယ်။
အဲဒီလို အင်စတီကျူးရှင်းတွေ တဖြည်းဖြည်း ပြောင်းလဲတာ ကို လေ့လာတဲ့အခါ အဓိက သီဝရီ ချဉ်းကပ်ပုံ ၃ မျိုးရှိပါတယ်။ ပထမ တစ်ခု က သမိုင်းကြောင်းအရ ချဉ်းကပ်တာ ဖြစ်ပါတယ်။ ဒုတိယ က ကျိုးကြောင်းယုတ္တိ အရ ရွေးချယ် ချဉ်းကပ်ပုံ ဖြစ်ပါတယ်။ တတိယ ကတော့ စံနှုန်း နဲ့ ယဉ်ကျေးမှု ကို အခြေခံထားတဲ့ လူမှု ဗေဒ ချဉ်းကပ်ပုံမျိုး ဖြစ်ပါတယ်။
အင်စတီကျူးရှင်းတွေ ကို ကြည့်တဲ့အခါ ပညာရှင်တွေမှာ မူဘောင် ရှိပါတယ်။ အစိတ်အပိုင်း ၃ ရပ် ပါဝင်ပါတယ်။ နိုင်ငံရေး ဆက်စပ်ပတ်ဝန်းကျင် ထူးခြား လက္ခဏာတွေ ကို လေ့လာတယ်။ အင်စတီကျူးရှင်း တစ်ရပ် ရဲ့ ထူးခြား လက္ခဏာတွေ ကို ကြည့်တယ်။ အေဂျင်စီ လို့ ပညာရှင်တွေ က ခေါ်ဝေါ်တဲ့ ဆောင်ရွက် လှုပ်ရှားကြသူတွေ ရဲ့ ထူးခြား လက္ခဏာတွေ ကို ကြည့်တယ်။
ပြောင်းလဲပုံ ၄ မျိုးတွေ့တယ်။
၁။ အသစ် နဲ့ အဟောင်း ကို လဲလိုက်တာ။
၂။ အဟောင်း ကို ဒီ အတိုင်းထားတယ်။ အသစ် ကို ထည့်လိုက်တယ်။
၃။ အဟောင်း ကို ဒီ အတိုင်း ထားတယ်။ အသစ်ကိုလည်း မထည့်ဘူး။ ဒါပေမဲ့ ဆက်စပ် ပတ်ဝန်းကျင် က ပြောင်းတဲ့အတိုင်း လိုက်လုပ်သွားတယ်။ ဒီလို နဲ့ အပြောင်းအလဲ အတိုင်း ဖြစ်သွားရော။
၄။ အဟောင်း က ဒီ အတိုင်းပဲ။ ဒါပေမဲ့ အဟောင်း ကို အဓိပ္ပါယ် ဖွင့်ဆို ကောက်ယူပုံ အသစ် နဲ့ နားလည်အောင် လုပ်လိုက်တယ်။ ဒါမှမဟုတ် အကောင်အထည်ဖော် လုပ်ကိုင်ပုံ အသစ် နဲ့ လုပ်လိုက်တယ်။
ဘယ် အခြေအနေ မှာ ဘယ် ပြောင်းလဲပုံတွေ ကို သုံးသွားကြသလဲ ဆိုတာ နောက်အပတ် ဆက်လက် တင်ပြပါမယ်။
++++