သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၁၄ မြန်မာ့အရေးနဲ့ အနာဂါတ် အပိုင်း (၁)


ဒေါ်ခင်စိုးဝင်း၊ ဦးစည်သူအောင်မြင့် နဲ့ ဒေါက်တာရန်မျိုးသိန်း
ဒေါ်ခင်စိုးဝင်း၊ ဦးစည်သူအောင်မြင့် နဲ့ ဒေါက်တာရန်မျိုးသိန်း

ဒီတပတ် မြန်မာ့ဒီမိုကရေစီရေးရာ ဆွေးနွေးခန်းအစီအစဉ်မှာ ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ်အတွင်း မြန်မာနိုင်ငံမှာ တကယ်ထိရောက်တဲ့ နိုင်ငံရေးတိုးတက်မှုတွေ ဘာတွေရှိခဲ့ပါသလဲ။ မနှစ်က အခြေခံလာတဲ့ နိုင်ငံရေးအခြေအနေတွေ အခု ၂၀၁၅ ခုနှစ်မှာ ဘယ်လို သက်ရောက်မှုတွေ ရှိလာနိုင်သလဲဆိုတာကို ဗွီအိုအေ ရန်ကုန်ရုံးက ဒေါ်ခင်စိုးဝင်းက မြန်မာ့နိုင်ငံရေးကို လေ့လာအကဲခတ်နေသူ ဒေါက်တာရန်မျိုးသိန်း၊ စာရေးဆရာ ဦးစည်သူအောင်မြင့်တို့နဲ့ တွေ့ဆုံဆွေးနွေးထားပါတယ်။ ပြီးခဲ့တဲ့နှစ်ထဲ ကြားဖြတ်ရွေးကောက်ပွဲတွေကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ဖျက်သိမ်းခဲ့တဲ့ကိစ္စ။ လွှတ်တော်မှာ အချိုးကျကိုယ်စားပြုစနစ်ကို ပြည်သူ့လွှတ်တော်မှာ ပယ်ချခဲ့တဲ့ကိစ္စ။ မဲစာရင်း အတိအကျမရှိသေးတဲ့ကိစ္စ စသဖြင့် မြန်မာ့နိုင်ငံရေးကို ဂယက်ရိုက်ခတ်စေခဲ့တဲ့ အကြောင်းအရာတွေအပြင်၊ အပစ်အခတ်ရပ်စဲရေး အလားအလာ၊ လူမျိုးရေး၊ ဘာသာရေး အခြေခံတဲ့ ပဋိပက္ခတွေ အဆုံးသတ်ဖို့ အလားအလာ စတာတွေကို သုံးသပ်ဆွေးနွေးထားတဲ့ အပိုင်း (၁) ကို တင်ပြထားပါတယ်။

ဒေါ်ခင်စိုးဝင်း ။ ။ မင်္ဂလာနှစ်သစ်ပါရှင်။ ကျမတို့ ဗွီအိုအေ အမေရိကန်အသံကို အခုလို လာပြီးတော့ ကိုယ်တိုင်ကိုယ်ရောက်လာပြီးတော့ ဒီဆွေးနွေးခန်းကို အထမြောက်အောင် လုပ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဒေါက်တာရန်မျိုးသိန်းကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်။ ကိုစည်သူအောင်မြင့်ကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်ရှင့်။ ကျမ ဒီနေ့ ဆွေးနွေးချင်တာကတော့ ၂၀၁၄ ခုနှစ်ကတော့ ကုန်လွန်သွားပြီပေါ့။ ၂၀၁၄ ခုနှစ်အတွင်းမှာ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ပြုပြင်ပြောင်းလဲရေးတွေက ဘယ်လောက်အထိ ခရီးရောက်နေပြီလဲဆိုတာကို ကျမတို့ သုံးသပ်ဆွေးနွေးချင်တာပါ။ အဲဒီတော့ ပထမဦးဆုံး ဆွေးနွေးချင်တာကတော့ နိုင်ငံရေး - နိုင်ငံရေးမှာ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးမှာ ဘယ်လောက်အထိ ခရီးရောက်ပြီလဲဆိုတာကို ဆရာအနေနဲ့ နည်းနည်းလေး ပြောပြပေးပါရှင့်။

ဦးရန်မျိုးသိန်း ။ ။ ကျနော်အမြင်ကတော့ ၂၀၁၄ ခုနှစ်အတွင်းမှာ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ပတ်သက်လို့ရှိရင် သိပ်ပြီးတော့ တိုးတက်မှုမရဘူးလို့ မြင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒေါ်အောင်ဆန်းစုကြည်က ၂၀၁၄ ခုနှစ်အတွင်းမှာ လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေးကို တောင်းဆိုတယ်။ အဓိက ဒီ လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေးရဲ့ ရည်ရွယ်ချက်က အမျိုးသားပြန်လည်သင့်မြတ်ရေးကို ဦးတည်တယ်။ အဲဒီတော့ အဲဒီအချိန်မှာ နိုင်ငံတော်သမ္မတကနေ (၁၄) ယောက် တွေ့ဆုံတဲ့ပွဲကို ပုံဖော်ခဲ့တယ်။ အဲဒီ (၁၄) ယောက် တွေ့တဲ့ပွဲဟာ တကယ်တမ်းကြတော့ ပြည်သူလူထု လိုချင်နေတဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ဖြေရှင်းမှုတခုကို ဦးတည်တဲ့ လမ်းကြောင်းပေါ်ကို မရောက်ဘဲနဲ့ သာမန်တွေ့ဆုံစကားပြောတဲ့ ပုံစံမျိုးဖြစ်တာကို တွေ့ရတယ်။ အဲဒီနောက်ပိုင်းမှာ ပြည်ထောင်စုလွှတ်တော်ကနေ (၆) ယောက် တွေ့ဆုံဖို့ကိစ္စကို အဆိုပြုတယ်။ အဲဒီ (၆) ယောက် တွေ့ဆုံဖို့ကိစ္စကလဲ လက်ရှိ အခြေအနေအထိ အဖြေမထွက်တာကို တွေ့ရတယ်။ ကျနော့်အမြင်ကို ပြောရရင် ၂၀၁၄ နှစ်တနှစ်လုံးမှာ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ပတ်သက်ပြီးတော့ ဆောင်ရွက်မှုအပိုင်းမှာ အားရကျေနပ်လောက်တဲ့ အနေအထား မတွေ့ရဘူးလို့ ကျနော်က မြင်ပါတယ်။

ဒေါ်ခင်စိုးဝင်း ။ ။ ဦးစည်သူအောင်မြင်က ဘယ်လို သုံးသပ်လို့ ရပါသလဲရှင့်။

ဦးစည်သူအောင်မြင့် ။ ။ ဆရာ အခုနပြောတဲ့အထဲမှာ အရေးကြီးတဲ့အချက် တခုပါပါတယ်။ အဲဒါက ဒေါ်အောင်ဆန်းစုကြည်က လေးပွင့်ဆိုင် တွေ့ဆုံဖို့တောင်းတယ်။ တွေ့ဆုံဆွေးနွေးပွဲလုပ်ဖို့ တောင်းတယ်ဆိုတဲ့ သဘော။ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ပြီးနောက်မှာ သမ္မတဦးသိန်းစိန်နဲ့ သီးသန့်တွေ့ဆုံတာတွေရှိခဲ့တယ်။ အကြိမ်ကြိမ်ပေါ့။ တွေ့ဆုံပြီးနောက်ပိုင်းမှာ အပြောင်းအလဲတွေလည်း ရှိခဲ့တယ်။ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးတာတွေ၊ လူ့အခွင့်အရေး လိုက်နာမယ်ဆိုတဲ့ ကတိစကားတချို့တွေ။ နိုင်ငံရေးဖြစ်စဉ်ထဲမှာ ပါဝင်ခွင့်ပေးတာတွေ။ နောက် ကြားဖြတ်ရွေးကောက်ပွဲ လုပ်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အန်အယ်ဒီအမတ်တွေ လွှတ်တော်ထဲရောက်သွားတာတွေ။ အဲဒီလို ပြောင်းလဲတိုးတက်မှုတွေ။ နောက် ပုံနှိပ်စာနယ်ဇင်း လွတ်လပ်ခွင့် ရလာတာတွေ။ အဲဒါတွေ ပေါ်ခဲ့တယ်။ အဲဒီနောက်ပိုင်းမှာတော့ ပြန်ပြီးတော့ ဒါတွေက မရှိတော့ဘူး။ တွေ့ဆုံမှုတွေ မရှိတော့ဘူး။ မရှိတော့ဘဲနဲ့ ဘယ်လိုဖြစ်လာသလဲဆိုရင် ၂၀၁၃ ကနေစပြီးမှ ဒေါ်အောင်ဆန်းစုကြည်က ရွေးကောက်ပွဲဝင်စဉ်ကာလက သူပေးထားတဲ့ကတိအတိုင်း ဖွဲ့စည်းပုံပြင်ဆင်ရေးကို လုပ်လာတယ်။ အဲဒီလို ဖွဲ့စည်းပုံပြင်ဆင်ရေး လုပ်တဲ့နေရာမှာ သူ အဓိက Focus ထားတာက ပုဒ်မ (၄၃၆) ပြင်ဆင်ရေး။ ဒေါ်အောင်ဆန်းစုကြည်တို့ဖက်က ဘယ်လို ရှုမြင်သလဲဆိုရင် ဒီ ပုဒ်မ (၄၃၆) ဆိုတာက ဖွဲ့စည်းပုံပြင်ရေးကို ခက်အောင်လုပ်ထားတယ်လို့ ယူဆတယ်။ တပ်မတော်သား အမတ်တွေက သဘောမတူဘူးဆိုရင် ဘယ်အချက်ကိုမှ ပြင်လို့မရနိုင်ဘူး။ အဲဒီတော့ အဲဒီဥစ္စာကို ပြင်ချင်တော့ တရားဝင်အနေနဲ့ လွှတ်တော်ထဲမှာ ဒေါ်အောင်ဆန်းစုကြည်တို့က ဘယ်လိုမျိုး တင်ပြသလဲဆိုရင်၊ ဘယ်လိုပုံသဏ္ဍာန်နဲ့ ပြင်ချင်သလဲဆိုတော့ အမတ်တွေအားလုံး ပေါင်းလိုက်ရင် တပ်မတော်သားအမတ်တွေပါစေ ၅၀ ရာခိုင်နှုန်းအထက်က သဘောတူရင် ပြင်လို့ရချင်တယ်။ သို့တည်းမဟုတ် တပ်မတော်သားအမတ်တွေ မပါဘဲနဲ့ ရွေးကောက်ခံအမတ်တွေရဲ့ ၇၅ ရာခိုင်နှုန်းလောက် သုံးပုံနှစ်ပုံလောက်ဆိုရင် ပြင်ချင်တယ်ဆိုပြီးမှ ဒါကိုတင်ပြတယ်။ အဓိပ္ပါယ်ကတော့ ဒါဟာ တပ်မတော်သားအမတ်တွေ သဘောတူသည်ဖြစ်စေ၊ သဘောမတူသည်ဖြစ်စေ ရွေးကောက်ခံအမတ်တွေက ပြင်မယ်ဆိုရင် ပြင်လို့ရနိုင်တဲ့ အနေအထားမျိုးကို သူတို့က တောင်းဆိုတာ။ အဲဒီဟာကို ရှေ့တန်းတင်လာတယ်။ ပြီးတော့မှ အဲဒါနဲ့ ပတ်သက်ပြီး ပြည်သူလူထုက ထောက်ခံမှုရှိအောင် စည်းရုံးလှုံဆော် ဟောပြောတာတွေ လုပ်လာတယ်။ လုပ်လာတဲ့အချိန်မှာ ဒေါ်အောင်ဆန်းစုကြည်က သူ့ရည်ရွယ်ချက်ကိုလည်း ပွင့်ပွင့်လင်းလင်းပဲ သူပြောတယ်။ အဲဒါက ဘာလဲဆိုတော့ တပ်မတော်ကို ဂုဏ်သိက္ခာရှိရှိနဲ့ စစ်တန်းလျားပြန်ရေးအတွက်ကို (၄၃၆) ပြင်ဆင်ရေးကို လုပ်တာပါဆိုပြီးပြောတယ်။ အဲဒီလိုမျိုး လှုပ်ရှားမှုတွေ များလာတဲ့အခါမှာ ကျနော် စဉ်းစားချက်အရတော့ တဖက်က ဘယ်လိုပြန်ဖြစ်လာလဲဆိုတော့ တပ်ကို နိုင်ငံရေးက ဖယ်ရှားဖို့ ကြိုးစားတယ်။ စစ်တန်းလျားကို ပိုဖို့ကြိုးစားတယ်ဆိုတော့ ဒါကို သူတို့ ဘယ်လိုမှ သဘောတူနိုင်ပုံ မရဘူး။ အဲဒါနဲ့ ဘယ်လိုဖြစ်ကြသလဲဆိုတော့ တွေ့ဆုံဆွေးနွေးပွဲလုပ်ဖို့ ဒေါ်အောင်ဆန်းစုကြည်က တောင်းဆိုတယ်။ တဖက်က သမ္မတနဲ့ ကာကွယ်ရေးဦးစီးချုပ်အပါအဝင် တပ်မတော်ဖက်ကတော့ တွေ့ဆုံဆွေးနွေးဖို့ ဆန္ဒမရှိဘူး။ ဆန္ဒမရှိတဲ့အခါကြတော့ သူတို့တွေက အမျိုးမျိုးလုပ်တာပေါ့။ (၁၄) ပွင့်ဆိုင်ဆိုပြီးတော့ လုပ်တယ်။ ဒါကဟန်ပြသဘော။ ပြီးတော့မှ အခု (၆) ပွင့်ဆိုင်ဆိုပြီးတော့ ပြောတယ်။ ပြောတဲ့အခါကြတော့ သူတို့က ဘယ်လိုမျိုးနဲ့ တုန့်ပြန်သလဲဆိုတော့ ဒါက ပုဂ္ဂိုလ်ရေးနဲ့ ချဉ်းကပ်ထားတာတွေ ဖြစ်နေတယ်။ အဖွဲ့အစည်းတွေကို ကိုယ်စားမပြုဘူးဆိုပြီးတော့ ဒါကို သိပ်လက်ခံချင်ပုံ မရဘူး။ သေချာတာ ဘာလဲဆိုတော့ တေ့တေ့ဆိုင်ဆိုင် တကယ့်ကို အလုပ်ဖြစ်စေမယ့်။ အကျိုးရှိစေမယ့် တွေ့ဆုံဆွေးနွေးပွဲကို တဖက်က လက်မခံဘူးဆိုတဲ့သဘောက လုံးဝပေါ်လွှင်နေတယ်။ အဲဒါ ဘာကြောင့်ဖြစ်သလဲဆိုတာကို သုံးသပ်တဲ့အခါကြတော့ တဖက်က တပ်မတော်ကို အဲဒီလိုမျိုး နိုင်ငံရေးအရ ဖယ်ထုတ်ဖို့ ကြိုးစားတယ်လို့ တဖက်က နားလည်သွားတယ်။ နောက် တဖက်ကလည်း အဲဒါကို ပြန်ပြီးတော့ counter လုပ်တဲ့ဟာတွေ။ ဘာတွေပြန်ဖြစ်လာလဲဆိုတော့ တပ်မတော်သား အမတ်တွေက လွှတ်တော်ကို ဖျက်သိမ်းမယ် ဥပဒေတွေ ထပ်ပြီးတော့ ပြဌာန်းဖို့ တင်ပြလာတာတွေ ရှိလာတယ်။ ပြီးတော့မှ သိပ်မကြာသေးခင်တုန်းက ဦးတင်အေး က ဒါက ဆူဆူပူပူ တိုင်းပြည်မတည်ငြိမ်ဘူးဆိုရင် စစ်တပ်က အာဏာပြန်သိမ်းမှာပဲဆိုတဲ့ စကားတွေ ဖြစ်လာတယ်ဆိုတော့ ဆန့်ကျင်ဖက်တွေ ဖြစ်လာတယ်။ ဖြစ်လာတဲ့အခါကြတော့ အခုန ဒေါက်တာရန်မျိုးသိန်း ပြောတဲ့ဟာကို ထောက်ခံပါတယ်။ ၂၀၁၄ ထဲမှာ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးနဲ့ ပတ်သက်လို့ ကျနော်တို့ဆီမှာ အကျိုးဖြစ်ထွန်းမှုတွေ သိပ်မတွေ့ရပါဘူး။

ဒေါ်ခင်စိုးဝင်း ။ ။ အခုနပြောသွားတဲ့အထဲမှာ ပါသွားတဲ့ ရွေးကောက်ပွဲကော်မရှင် ဦးတင်အေးကနေ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမယ်ဆိုပြီးတော့ ပြောထားခဲ့တာ ရှိပါတယ်။ အဲဒီလိုမျိုး အဲဒီလို ကျင်းပမယ်ဟာကို မကျင်းပဘဲ ဖျက်သိမ်းလိုက်တာကို ကြားသိရပါတယ်။ အဲဒီတော့ အားလုံးရဲ့ ပြည်သူလူထုရဲ့ စိတ်ထဲမှာ လာမယ့် ၂၀၁၅ ခုနှစ်မှာ တကယ် ရွေးကောက်ပွဲကြီး ကျင်းပမလား။ အထမြောက်ပါ့မလားဆိုတဲ့ သံသယတွေ ရှိနေပါတယ်။ ဆရာအနေနဲ့ ကြားဖြတ်ရွေးကောက်ပွဲ ဖျက်သိမ်းလိုက်တာနဲ့ ရှေ့ရွေးကောက်ပွဲအလားအလာကို ဘယ်လိုများ သုံးသပ်ပါသလဲ။

ဦးရန်မျိုးသိန်း ။ ။ ကျနော်အမြင်ကတော့ ၂၀၁၄ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ လုပ်မယ်ဆိုတာကို ကျနော် မှတ်မိသလောက် လွှတ်တော်မှာ တရားဝင်အသိပေးတယ်။ လွှတ်တော်မှာ တရားဝင်အသိပေးပြီးတော့ လွှတ်တော်ကိုယ်စားလှယ်တယောက်ကနေ မေးခွန်းမေးပြီးတော့ အဲဒီမေးခွန်းကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က လွှတ်တော်မှာ ဖြေကြားတဲ့အခါမှာ ၂၀၁၄ ခုနှစ် နှစ်ကုန်ပိုင်းမှာ ကြားဖြတ်ရွေးကောက်ပွဲ လုပ်မယ်ဆိုပြီးတော့ တရားဝင် ဖြေကြားခဲ့တာ။ လွှတ်တော်ထဲမှာ တရားဝင်ဖြေကြားထားတဲ့ အဖြေတခုကို ပြည်ထောင်စုရွေးကောက်ပွဲ ဥက္ကဋ္ဌကနေ နိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံတဲ့ အစည်းအဝေးပွဲမှာ ဒီရွေးကောက်ပွဲကို ဖျက်သိမ်းလိုက်တယ်ဆိုတဲ့ ကြေညာချက်မျိုး ထုတ်လိုက်တာဟာ အမှန်တကယ်အရ ကျနော်အမြင်အရ ကြည့်မယ်ဆိုရင် အမြီးအမောက် မတည်ဘူးလို့ မြင်တယ်။ တနည်းအားဖြင့် အဲဒါကနေ ဆက်စပ်ပြီး စဉ်းစားမယ်ဆိုရင် ဒီကြားဖြတ်ရွေးကောက်ပွဲကို လွှတ်တော်ထဲမှာ ဒီလို တရားဝင်ပြောထားတဲ့ ကြားဖြတ်ရွေးကောက်ပွဲတခုကိုတောင်မှ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အနေနဲ့ အလွယ်တကူ ဖျက်သိမ်းနိုင်ရင် ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲကလည်း ဖျက်သိမ်းလာမလား။ ဒါမှမဟုတ် ရွှေ့ဆိုင်းလာမလား။ အကြောင်းတခုခုပြပြီး ရွှေ့ဆိုင်းတာမျိုး ဖြစ်မလားဆိုတာကို စိုးရိမ်ကြတဲ့ အနေအထားမျိုးလို့ ကျနော်က သုံးသပ်ပါတယ်။

ဒေါ်ခင်စိုးဝင်း ။ ။ ဆရာစည်သူအောင်မြင့် အနေနဲ့

ဦးစည်သူအောင်မြင့် ။ ။ ဆရာပြောတာ အမှန်ပါ။ တရားဝင် တိုင်းပြည်ကို ကတိပေးထားတယ်။ ဒါပေမဲ့ ဒါကို ကျနော်က အသေးစိတ် ချဉ်းကပ်ကြည့်တဲ့အခါကြတော့ ဒီလိုမျိုး ဦးတင်အေး က မကြေညာခင်၊ အဓိကအကျဆုံးက ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပေါ့။ ဒေါ်အောင်ဆန်းစုကြည်ကို သူအရင် သွားတွေ့တယ်။ သွားတွေ့ပြီးမှ ဒေါ်အောင်ဆန်းစုကြည်က ရပါတယ်။ အဆင်ပြေပါတယ်ဆိုမှ သူက ကြေညာလိုက်တာ။ ဒါကတော့ သူဖက်ပိုင်းက ကြေညာတာပေါ့။ ဒါပေမဲ့ ကျနော့် တဦးချင်း မြင်တာကတော့ ဒီဟာကြီး မလုပ်ဖြစ်လိုက်တာဟာ အခုန ဆရာပြောသလို ကျနော်တို့ တိုင်းပြည်အတွက် ရွေးကောက်ပွဲကော်မရှင်ရဲ့ လုပ်ပုံလုပ်နည်းတွေက အတော်စိုးရိမ်စရာလည်း ကောင်းတယ်။ နောက်တခုက ပြည်သူလူထုအတွက်ကော အတိုက်အခံ နိုင်ငံရေးအင်အားစုတွေအတွက် အများကြီး ဆုံးရှုံးတယ်။ ဘာဖြစ်လို့ ဆုံးရှုံးသလဲဆိုတော့ ဦးတင်အေး ဦးဆောင်တဲ့ ရွေးကောက်ပွဲ ကော်မရှင်က တကယ်လို့ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပလိုက်ရင် အမတ်နေရာ နည်းနည်းပဲ ဆိုပေမယ့်လဲ သူတို့ ဘယ်နည်းဘယ်ပုံ ကျင်းပသလဲဆိုတာတွေက ပေါ်လွှင်လာလိမ့်မယ်။ ပြီးရင် အနီးစပ်ဆုံး ပြည်သူလူထုရဲ့ ဆန္ဒသဘောထား။ ဆိုပါတော့ NLD ကို ရာခိုင်နှုန်း ဘယ်လောက်လောက် မဲပေးကြမလဲ။ ဘာညာပေါ့။ ပြည်ခိုင်ဖြိုးကို ဘယ်လောက်များ ထောက်ခံမှု ရှိသလဲဆိုတာကို ပေါ်လာရင် ၂၀၁၅ ရွေးကောက်ပွဲကျရင် ဒါကြီးနဲ့ ခြားနားတဲ့အဖြေမျိုးတွေ သူတို့လုပ်လို့ မရနိုင်ဘူး။ နောက်ပြီးတော့မှ ကျနော်တို့ဆီမှာ ရွေးကောက်ပွဲလုပ်မယ်သာ ပြောတယ်။ ၂၀၁၀ တုန်းက ရွေးကောက်ပွဲလုပ်ခဲ့တာမှန်တယ်။ တကယ့်ကို အရေးကြီးတဲ့ ပြည်သူဆန္ဒရဲ့ မဲဆန္ဒပေးပိုင်ခွင့်ရှိသူ စာရင်းတောင် ကျနော်တို့ဆီမှာ မရှိသေးဘူး။ ဒီနေအချိန်အထိလည်း ကောင်းကောင်းပြုစုထားတာ မရှိသေးဘူး။ ရွေးကောက်ပွဲကော်မရှင်က ဒါတွေကို တစိုက်မတ်မတ် လုပ်နေတယ်ဆိုတာလဲ မရှိသေးဘူး။ အဲဒီလို အခြေအနေတွေ အကုန်လုံး ပေါ်လွှင်လာတယ်ဆိုရင် လူတွေက အတိုက်အခံတွေကော လူထုကကော ဒါကို ဘယ်လိုခေါ်သလဲ အများကြီး နမူနာ sample လေးတစ်ခု ဖြစ်သွားမယ်ဟာကို ကျင်းပခွင့် မရလိုက်တဲ့အခါကြတော့ အများကြီး ဆုံးရှုံးသွားတယ်လို့ ကျနော် ထင်တယ်။

ဒေါ်ခင်စိုးဝင်း ။ ။ တဆက်တည်းမှာပဲ ဆက်စပ်သွားတာက မဲဆန္ဒရှင်စာရင်းတွေ သေချာပြုစုဖို့အတွက်က မြန်မာနိုင်ငံရဲ့ သန်းခေါင်စာရင်းကလည်း အရေးကြီးပါတယ်။ အဲဒီတော့ ဒီနှစ်ထဲမှာပဲ နှစ်ပေါင်းများစွာ ကြာပြီးမှ ပြန်လည်ကောက်ယူတဲ့ သန်းခေါင်စာရင်းမှာ အရင်တုန်းက ပြောခဲ့တဲ့ လူဦးရေ သန်း (၆၀) နဲ့။ အခု သူတို့ တကယ်ရရှိတဲ့စာရင်းနဲ့က အတော်လေးကို ကွာနေတာကို တွေ့ရတယ်။ အဲဒီ မြန်မာနိုင်ငံသန်းခေါင်စာရင်း ကောက်ယူမှုနဲ့ ပတ်သက်လို့ ဆရာ ဘယ်လိုများ သုံးသပ်လို့ ရပါသလဲ။

ဦးရန်မျိုးသိန်း ။ ။ ကျနော်အမြင်ကတော့ အဲဒါက ၂၀၁၀ ရွေးကောက်ပွဲနဲ့ နည်းနည်းပြန်ပြီးတော့ နောက်ကြောင်းပြန်ပြီး နည်းနည်းကြည့်ကြည့်တာပေါ့။ ဥပမာ ၂၀၁၀ ရွေးကောက်ပွဲတုန်းက မဲပေးပိုင်ခွင့်ရှိသူစာရင်းကို သတင်းစာထဲမှာ အနိုင်ရတဲ့ပါတီက မဲဘယ်လောက်ရတယ်။ ကျန်တဲ့ပါတီတွေက မဲဘယ်လောက်ရတဲ့ဆိုတဲ့ စာရင်းကြီးထွက်တယ်။ အဲဒီ စာရင်းအရ ကြည့်လို့ရှိရင် မဲပေးပိုင်ခွင့်ရှိသူ ဦးရေနဲ့ လက်တွေ့ ၂၀၁၃-၁၄ မှာ တနိုင်ငံလုံး သန်းခေါင်စာရင်း ကောက်ယူလို့ရလာတဲ့ စာရင်းနဲ့ အနည်းဆုံး ကျနော်ထင်တယ် (၈) သန်း၊ (၉) သန်းလောက် ကွာဟနေတာကို တွေ့ရတယ်။ အဲဒီအခါကြတော့ အဲဒီမှာ ဘာသွားပေါ်လွှင်သလဲဆိုတော့ ကျနော် အယူအဆအားဖြင့် တချိန်တုန်းက လုပ်ခဲ့တဲ့စာရင်းဟာ တကယ့် စာရင်းအစစ် မဟုတ်ဘူး။ စာရင်းအတု ဖြစ်နေတာကို သွားတွေ့တယ်။ အဲဒီလိုပဲ မဲဆန္ဒပေးပိုင်ခွင့်ရှိသူ စာရင်းဟာလည်း စာရင်းအတု ဖြစ်နေတာကို တွေ့ရတယ်။ အဲဒီ စာရင်းအတုပေါ်မှာ အခြေခံပြီးတော့ ကျနော်တို့ ၂၀၁၀ ရွေးကောက်ပွဲကို လုပ်ခဲ့တာကို တွေ့ရတယ်။ အဲဒါ တကယ်တမ်းအားဖြင့် နိုင်ငံရေးအရ ကြည့်မယ်ဆိုရင် ဒါဟာ တော်တော်ကြီးမားတဲ့ မှားယွင်းမှုတခု ဖြစ်နေတာကို တွေ့ရတယ်။ နောက် အလွန်အန္တရာယ်များတဲ့ မှားယွင်းစွာ ကိုယ်စားပြုမှုတခု ဖြစ်နေတာကို တွေ့ရတယ်လို့ ကျနော်က မြင်တယ်။

ဒေါ်ခင်စိုးဝင်း ။ ။ ဒါပေမဲ့ မြန်မာနိုင်ငံ သန်းခေါင်စာရင်း ကောက်ယူရေးနဲ့ ပတ်သက်ပြီးတော့ နိုင်ငံတကာ လေ့လာရေးအဖွဲ့တွေ Observers အဖွဲ့တွေကတော့ သူတို့ အနီးကပ်ကောက်တဲ့ နည်းစနစ်က မှန်ကန်တိကျတယ်လို့ သတင်းစာ ရှင်းလင်းပွဲတွေ ဘာတွေလည်း လုပ်ပါတယ်။ မြန်မာနိုင်ငံ သန်းခေါင်စာရင်း ကောက်ယူရေးနဲ့ ပတ်သက်လို့ ဆရာဦးစည်သူအောင်မြင့် အနေနဲ့ ဘယ်လိုများ သုံးသပ်လို့ ရပါသလဲ။

ဦးစည်သူအောင်မြင့် ။ ။ သန်းခေါင်စာရင်း ကောက်ယူတာကတော့ ကျနော်တို့ဆီမှာ အားနည်းချက်တွေကတော့ အများကြီးရှိတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီမှာ လုပ်ထုံးလုပ်နည်းတွေနဲ့ ပြဿနာပေါ့။ ဥပမာအားဖြင့် ရခိုင်ပြည်နယ်မှာ တစ်သန်းလောက် စာရင်းထဲ ပါမသွားဘူးပေါ့။ ဒါပေမဲ့ ကျနော်တို့ရဲ့ အနီးစပ်ဆုံး စာရင်းပဲ။ ကျနော်တို့လည်း လက်ခံတယ်။ ဒါပေမဲ့ ကျနော်တို့က အခုနလို ရွေးကောက်ပွဲနဲ့ ဆက်စပ်ပြီး ပြောရမယ်ဆိုရင် ဆရာရန်မျိုးသိန်း ပြောတယ့်ဟာက တကယ့် အမှန်ပဲ။ ၂၀၁၀ တုန်းက လိမ်ညာထားတဲ့ စာရင်းကြီးတွေနဲ့ လုပ်ခဲ့တာပေါ့။ လုပ်ခဲ့တဲ့အခါကြတော့ အခုဆိုရင် အဲဒီစာရင်းကို ရပြီ။ အဲဒီ စာရင်းကို သုံးပါလားဆိုပါလားဆိုပြီး နိုင်ငံရေးပါတီတွေ၊ ရွေးကောက်ပွဲဆိုင်ရာ ကျွမ်းကျင်တဲ့ အဖွဲ့အစည်းတွေ ရွေးကောက်ပွဲကော်မရှင်ကို မေးတယ်။ ဒါပေမဲ့ သူတို့က ဒါကို သုံးမယ်လည်း မပြောဘူး။ မသုံးဘူးလည်း မပြောဘူး။ တကယ်တော့ အဲဒါ အနီးစပ်ဆုံး စာရင်းပဲ။ အခုအချိန်အထိ ကျနော်တို့ဆီမှာ။ တကယ်ကတော့ ကျနော်တို့ဆီမှာ ရိုးရိုးရှင်းရှင်းသာလုပ်ရင် မဲဆန္ဒရှင် စာရင်းအစစ်တွေ ပေါ်လာမယ်။ ပြန်ပြီးတော့ တိုက်ဆိုင်စစ်ဆေးလို့ရမယ်။ အဲဒီတော့မှသာ နောက်တဆင့်ဖြစ်တဲ့ တရားမျှတပြီး လွတ်လပ်တဲ့ ရွေးကောက်ပွဲဆိုတာ ဖြစ်မှာ။ ဖြစ်မှာဆိုတဲ့အခါကြတော့ အဲဒီစာရင်းအပေါ် အခြေပြုတာကတော့ အများကြီးကောင်းတယ်။ အခုလောလောဆယ် အချိန်အထိတော့ အဲဒီစာရင်း ရှိလည်းမရှိသေးဘူး။ နောက်တခုက ရှိအောင်လည်း အစိုးရဖက်က ကြိုးစားတာ မရှိသေးဘူး။ အခုလောလောဆယ်ဆိုရင် ရှင်းရှင်းလင်းလင်း ပြောပြမယ်ဆိုရင် စည်ပင်ရွေးကောက်ပွဲ အခုလုပ်တော့မယ်။ အဲဒီအခါကြတော့ သူတို့က အိမ်ထောင်စုတစုကို တမဲပေးပိုင်ခွင့် ရှိတယ်ဆိုပြီးတော့ လုပ်တယ်။ ဒါပေမဲ့ အဲဒါက လဝကမှာ စာရင်းပေါက်တဲ့ အိမ်ထောင်စုပဲ။ လက်တွေ့မှာကြတော့ လဝကမှာ စာရင်းမပေါက်တဲ့ အိမ်ထောင်စုပေါင်း များစွာရှိတယ်။ ကျနော်ပင် မပေါက်ဘူး။ ပြီးတော့ အိမ်တွေ ရွှေ့ပြောင်းပြီး အငှားနေရတဲ့ အိမ်တွေ၊ မိသားစုတွေကလည်း အများကြီး သိန်းနဲ့ချီရှိတယ်။ ဒါတွေလည်း စာရင်းမပေါက်ဘူး။ အဲဒါတွေက စိုးရိမ်စရာပဲ။ ဆိုတော့ ကျနော်တို့ မျှော်မှန်းတာက ၂၀၁၅ ထဲမှာ မြန်မြန်ဆန်ဆန်။ သူတို့က ဧပြီလောက် မှန်းထားတယ်။ သန်းခေါင်စာရင်းရလဒ်တွေ ထုတ်ပြန်လိုက်တယ်ဆိုရင် ဒီစာရင်းတွေကို အခြေပြုပြီးတော့မှ ရွေးကောက်ပွဲတွေ ဘာတွေလုပ်မယ်ဆိုရင် ကောင်းမှာပဲလို့ ကျနော်တို့က မျှော်လင့်မိတယ်။

ဒေါ်ခင်စိုးဝင်း ။ ။ နိုင်ငံရေးထဲကပဲ ဆက်ပြီးတော့ သွားရမယ်ဆိုရင် ပြောရမယ်ဆိုရင် PR System အချိုးကျကိုယ်စားပြုစနစ် ဆိုပြီးတော့ အမျိုးသားလွှတ်တော်ကနေ သူတို့က Pass လုပ်။ အတည်ပြုခဲ့တယ်။ ဒါပေမဲ့ တကယ့် ပြည်ထောင်စုလွှတ်တော်လည်းကြရော ဒီ PR စနစ်က ဆက်ပြီးတော့ မသုံးတော့ဘူးလို့ ဆုံးဖြတ်တယ်လို့ ပြောပါတယ်။ အဲဒါကို ဒေါ်အောင်ဆန်းစုကြည် က ဒါဟာ သူတို့အတိုက်အခံတွေရဲ့ အောင်မြင်မှု နမူနာတစ်ခုအနေနဲ့ သူက ရှုမြင်ပါတယ်။ ဆရာအနေနဲ့ ဘယ်လိုများ သုံးသပ်လိုပါသလဲ။

ဦးရန်မျိုးသိန်း ။ ။ ကျနော်အမြင်ကတော့ PR စနစ်ကို လွှတ်တော်မှာ စပြီးတော့ ဆွေးနွေးတဲ့ အကြောင်းအရင်းမှာ အဓိကအကြောင်းအရင်းက ၂၀၁၅ ရွေးကောက်ပွဲမှာ ပြည်ခိုင်ဖြိုးပါတီအနေနဲ့ ကိုယ်စားလှယ်အများစု အနိုင်ရဖို့ ရည်ရွယ်ပြီးပြင်ဆင်တယ်လို့ ကျနော်က နားလည်တယ်။ အဲဒီတော့ PR စနစ်ကို ပထမဦးဆုံး အမျိုးသားလွှတ်တော်မှာ စပြီးဆွေးနွေးတယ်။ နောက် ပြည်သူ့လွှတ်တော်မှာ ဆွေးနွေးတယ်။ အမျိုးသားလွှတ်တော်မှာ PR စနစ်ကို အတည်ပြုလိုက်တယ်။ နောက် ပြည်သူ့လွှတ်တော်မှာကြတော့ PR စနစ်ကို ဖွဲ့စည်းပုံအခြေခံဥပဒေ ခုံရုံးကနေ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြဌာန်းချက်တွေနဲ့ မကိုက်ညီလို့ဆိုပြီး PR စနစ် မကျင့်သုံးဖို့ ဆုံးဖြတ်လိုက်တယ်။ ဒါပေမဲ့ အဲဒီမှာ ကျနော် တချက်နားမလည်တာက ဒီ PR စနစ် ကျင့်သုံးမယ်၊ မကျင့်သုံးဘူးဆိုတဲ့ ကိစ္စကို ပြည်သူ့လွှတ်တော်ကပဲ ဆုံးဖြတ်လို့ရလား။ အမျိုးသားလွှတ်တော်ကပဲ ဆုံးဖြတ်လို့ရလား။ ဒါမှမဟုတ် အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ပြည်ထောင်စုလွှတ်တော်ရဲ့ အခန်းကဏ္ဍက ဘယ်နေရာမှာ ရှိလဲ။ ဒီနေ့အထိ အဲဒါကို ကျနော်တို့ မတွေ့ရဘူး။ အခုန အမ မေးတဲ့မေးခွန်း ဒီ Pr စနစ်ကို ပြည်သူ့လွှတ်တော်မှာ မကျင့်သုံးဖို့ ဆုံးဖြတ်လိုက်တာဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ လွှတ်တော်ထဲမှာရှိတဲ့ နိုင်ငံရေးအတိုက်အခံတွေရဲ့ အောင်ပွဲလာလို့ပြောရင် ကျနော်က အဲဒီ အောင်ပွဲလို့ ဆိုတာထက် ပြည်ခိုင်ဖြိုးပါတီအနေနဲ့ ရှေ့တလှမ်းတိုးဖို့အတွက် နောက်နှစ်လှမ်းဆုတ်လိုက်တဲ့ ဗျူဟာ ဖြစ်မလားလို့ ကျနော်က သံသယရှိတယ်။ ဘာဖြစ်လို့လဲဆိုတော့ လက်ရှိ PR စနစ်နဲ့ ပတ်သက်လို့ အမျိုးသားလွှတ်တော်မှာ ဆက်ကျင့်သုံးဖို့ ရှိနေတယ်။ တကယ်တမ်း အောင်ပွဲဖြစ်ဖို့ဆိုလို့ရှိရင် ကျနော်အမြင်အားဖြင့် ဒီ PR စနစ်ဟာ ပြည်သူ့လွှတ်တော်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဌာန်းချက်တွေနဲ့ မကိုက်ညီဘူးဆိုရင် အမျိုးသားလွှတ်တော်မှာလည်း ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဌာန်းချက်တွေနဲ့ ကိုက်ညီစရာ အကြောင်းမရှိဘူး။ အဲဒီတော့ နိုင်ငံတနိုင်ငံမှာ လွှတ်တော်နှစ်ခုမှာ တခုကို ရွေးကောက်တဲ့ပုံစံ စနစ်တခုနဲ့လုပ်ပြီး၊ နောက်တခုကို ရွေးကောက်တဲ့ပုံစံ စနစ်တခုနဲ့ လုပ်မယ်ဆိုရင် ဒါဟာ လိုက်လျောညီထွေ ဖြစ်ပါ့မလားလို့ သံသယရှိတယ်။ တဖတ်က ကြည့်လို့ရှိရင် ဒီ PR စနစ်ကို ပြည်သူလွှတ်တော်မှာ မကျင့်သုံးဖို့ ဆုံးဖြတ်လိုက်နိုင်တဲ့အတွက်ကြောင့် ကျနော့်အမြင်အားဖြင့် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌနဲ့ ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ သူရဦးရွှေမန်းနဲ့ ဒေါ်အောင်ဆန်းစုကြည်ကြား ယုံကြည်မှုနဲ့ နားလည်မှု ပိုပြီးတော့ မြှင့်တင်နိုင်လိုက်တယ်လို့ ကျနော်က ယူဆတယ်။ အဲဒီတော့ သူရဦးရွှေမန်းနဲ့ ဒေါ်အောင်ဆန်းစုကြည်ကြား ယုံကြည်မှု မြှင့်တင်လာလို့ရှိရင် ကျနော် စိုးရိမ်တာတခုက ၂၀၁၅ ရွေးကောက်ပွဲအလွန်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထောက်ခံမှုနဲ့ သူရဦးရွှေမန်း သမ္မတ ဖြစ်လာမလားဆိုတာကို ကျနော်က စိုးရိမ်တယ်။ တနည်းအားဖြင့်တော့ ဥပမာ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ရင်ကြားစေ့ရေးတို့ဆိုတဲ့ ခေါင်းစဉ်တွေအောက်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အပြတ်အသတ် နိုင်ကြပြီးတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ရွေးကောက်တင်မြောက်လိုက်တဲ့ သမ္မတဟာ သူရဦးရွှေမန်း ဖြစ်လာမှာကို စိုးရိမ်တယ်။ အဲဒီအခါကြတော့ ကျနော်က အဲဒီအတွက်များ ပြည်ခိုင်ဖြိုးပါတီဟာ နောက်နှစ်လှမ်းဆုတ်ပြီး ပြင်ဆင်သလားဆိုပြီး ကျနော်က သံသယရှိတယ်။

ဒေါ်ခင်စိုးဝင်း ။ ။ အဲဒီတော့ PR စနစ်နဲ့ ပတ်သက်လို့ ဦးစည်သူအောင်မြင့်ရဲ့ ယူဆချက်က ဘယ်လို ရှိပါသလဲ။

ဦးစည်သူအောင်မြင့် ။ ။ အဓိကတော့ တိုတိုကျဉ်းကျဉ်း ပြောမယ်ဆိုရင် သူတို့ PR စနစ်ကို ဘာလို့လုပ်သလဲဆိုရင် တကယ်တော့ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲကနေ သူတို့ကို တွန်းဆော်ပေးလိုက်တာ။ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲက ပြည်ခိုင်ဖြိုးပါတီအနေနဲ့ စစ်ဗိုလ်ချုပ်ဟောင်းတွေပဲပြောပြော သူတို့ဘဝ သူတို့အဖြစ်မှန်ကို သိသွားတယ်။ မဲဆန္ဒနယ်မြေ လေးဆယ်ကျော်လုပ်တယ်။ တနယ်မှ သူတို့ NLD ကို သူတို့ မနိုင်ဘူး။ ဒါက ရာနှုန်းပြည့် ရှုံးတယ်လို့ ပြောလို့ရတယ်။ သူတို့ ပြည်ခိုင်ဖြိုး အမတ်တစ်ယောက် အရွေးကောက်ခံရတဲ့နယ်မြေ တစ်နေရာရှိတယ်။ အဲဒါ ဘာဖြစ်လို့လဲဆိုတော့ NLD ပါတီက ကိုယ်စားလှယ်လောင်း အရည်အချင်း မပြည့်လို့ဆိုပြီးတော့ အရွေးမခံရလို့။ အကုန်ရှုံးတာ။ ရာနှုန်းပြည့်ရှုံးတာ။ အဲဒီအတိုင်းသာဆိုရင် ဒီလိုမျိုး အထွေထွေရွေးကောက်ပွဲကြီးကျရင် သူတို့မှာ ဒုက္ခပဲ။ အဲဒီဥစ္စာကို ရတဲ့နည်းနဲ့ ကာကွယ်ဖို့ဆိုပြီးမှ မရရတဲ့နည်းနဲ့ ကြိုးစားရင်နဲ့ PR စနစ်ကို လုပ်လာတာ။ လုပ်လာတဲ့အခါကြတော့ ဘာပဲပြောပြော သူတို့က လွှတ်တော်နှစ်ခုစလုံးကို အပိုင်စီးထားတဲ့အခါကြတော့ လုပ်မယ်ဆိုရင် သူတို့လုပ်လို့ရတယ်။ ဒါပေမဲ့ ပြည်သူ့လွှတ်တော်မှာတော့ ပြီးသွားပြီပေါ့။ အဲဒါ လုပ်လိုက်တာကလဲ ကျနော်တို့အမြင်မှာတော့ ဆရာတို့လည်း သတင်းတွေ နားထောင်နေတော့ သိနေတာပဲ သူရဦးရွှေမန်းတစ်ယောက်တည်း လုပ်လိုက်တယ်ဆိုတဲ့ပုံမျိုး သွားထွက်တယ်။ ဆရာ သံသယဖြစ်မယ်ဆိုလည်း ဖြစ်စရာပဲ။ လွှတ်တော်ကိုတောင် သူက အသိမပေးဘဲနဲ့ ဒီနေ့ သူကသွားပေးလိုက်တယ်။ ဟိုက နေ့ချင်းကြီး အဖြေထုတ်ပြီး ရပ်ပြစ်လိုက်တယ်။ ဒါပေမဲ့ ဒီအန္တရာယ်က မပြီးသေးဘူး။ အမျိုးသားလွှတ်တော်မှာ ရှိနေသေးတယ်။ အကုန်ကြီးလုံးလုံးကြီး PR စနစ်ကြီး မရှိတော့တာ အကောင်းဆုံးပဲ။ ကျနော်တို့ဆီမှာ အခုန ဆွေးနွေးတဲ့ထဲမှာပါတယ်။ မဲဆန္ဒရှင်စာရင်းတောင်မှ မရှိသေးတဲ့ တိုင်းပြည်မှာ PR စနစ်ကြီး လုပ်ဖို့ဆိုတာက ပြဿနာတွေ အများကြီး ရှိနေတယ်။ အဲဒီ သဘောမျိုးပါပဲ။

ဒေါ်ခင်စိုးဝင်း ။ ။ အခု နိုင်ငံရေးကနေ တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးဖက်ကို ဆက်ကြတာပေါ့။ တိုင်းရင်းသား စည်းလုံးညီညွှတ်ရေးဆိုတဲ့နေရာမှာ အဓိက အခုလုပ်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ပေါ့။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် မစခင်မှာပဲ အပစ်အခတ်ရပ်စဲရေး၊ တနိုင်ငံလုံး အတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲရေး ဆိုတာတောင်မှ အခုထက်ထိ ရေးတေးတေးပဲ ရှိပါသေးတယ်။ အဲဒီတော့ တိုင်းရင်းသားတွေနဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ အပစ်အခတ်ရပ်စဲရေးအတွက် ညှိနှိုင်းနေတဲ့ အဆင့်တွေနဲ့ ပတ်သက်ပြီးတော့ ဦးစည်သူအောင်မြင့်အနေနဲ့ ဘယ်လိုများ သုံးသပ်လို့ ရပါသလဲ။

ဦးစည်သူအောင်မြင့် ။ ။ အဲဒီဥစ္စာက အစိုးရဖက်ကို ကြည့်လိုက်တဲ့အခါကြတော့ သူတို့တင်တာက ရိုးရိုးလေးပဲ နိုင်ငံတကာပုံစံ။ အပစ်အခတ်တွေ အရင်ဆုံး ရပ်စဲကြမယ်။ ပြီးတော့မှ ဆွေးနွေးပွဲ၊ နိုင်ငံရေးဆွေးနွေးပွဲကို သွားမယ်ဆိုတဲ့ဟာ။ ဒါပေမဲ့ အခုလက်နက်ကိုင် အုပ်စုထဲမှာကြတော့ အုပ်စုက နှစ်စု ဖြစ်သွားတယ်။ ကေအိုင်အိုက တစ်စု။ ကေအန်ယူက တစ်စု။ ကေအန်ယူ က အစိုးရဖက်က အဆိုပြုတဲ့ အဲဒီပုံစံကို လက်ခံတယ်။ ကေအိုင်အို က အဲဒါကို လက်မခံဘူး။ သူက ဒီပြဿနာတွေ ဖြစ်ပေါ်နေတာဟာ နိုင်ငံရေးပြဿနာကြောင့် ဖြစ်တယ်။ ဒါကြောင့်မို့ အပစ်ရပ်စရာ မလိုဘူး။ နိုင်ငံရေးပြဿနာ ပြေလည်သွားရင် တိုက်မှုခိုက်မှုတွေဟာ သူဟာသူ အလိုလိုရပ်စဲသွားမယ်လို့ ကိုင်စွဲထားပြီးတော့ ဒီနေ့အချိန်အထိ သူက အစိုးရနဲ့ အပစ်အခတ်ရပ်စဲမှု စာချုပ် လက်မှတ်မထိုးထားတဲ့ အဖွဲ့တဖွဲ့အနေနဲ့ ဆက်ပြီးတော့ ရပ်တည်နေတယ်။ ရပ်တည်နေတဲ့အခါကြတော့ သူက အဲဒီလိုမျိုး ပြောမယ်ဆိုရင် တဖွဲ့ချင်းလည်း မရပ်တည်ထားဘူး။ နောက် တပ်ပေါင်းစုအနေနဲ့ လိုချင်တာတွေ ရတော့မှ ရပ်မယ်ဆိုတဲ့သဘောမျိုး ချဉ်းကပ်တဲ့အခါကြတော့ လောလောဆယ် ဆွေးနွေးပွဲတွေမှာ အခက်အခဲတွေ အများကြီး တွေ့နေရတယ်။ ဆွေးနွေးပွဲတွေက ဘာဖြစ်နေသလဲဆိုတော့ အပစ်အခတ်ရပ်စဲရေးအတွက် သက်သက်ဆွေးနွေးတာ မဟုတ်ဘဲနဲ့ အပစ်အခတ်လည်း ရပ်စဲမယ်။ အဲဒီ အပစ်အခတ်ရပ်စဲဖို့အတွက်ကို လာမယ့် နိုင်ငံရေးဆွေးနွေးပွဲတွေအတွက် ကတိကဝတ်တချို့ ဘာတွေဆွေးနွေးမလဲ။ ဆွေးနွေးတဲ့ခေါင်းစဉ်တွေက ဘာတွေဖြစ်မလဲဆိုတဲ့ဟာပါ ဆွေးနွေးနေလို့ ဒါတွေက ကြာနေတာ။ ဘယ်လိုပဲဖြစ်ဖြစ် သမိုင်းစဉ်တလျှောက် ကြည့်လိုက်တဲ့အခါကြတော့ ဒီဖက်နှစ်တွေထဲမှာ တိုက်မှုခိုက်မှုတွေကတော့ အနည်းဆုံးကာလတွေလို့ ပြောလို့ရတယ်။ ပြည်သူလူထုအခြေအနေကတော့ မကောင်းပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အခုဆိုရင် (၃) နှစ်ထဲကို ဝင်လာပြီ။ ပြည်သူလူထုတွေ ဒုက္ခသည်ဘဝတွေ ရောက်နေတယ်။ အဲဒါတွေကတော့ ဘာမှဖြေမရှင်းနိုင်သေးဘူး။ ဒါပေမဲ့ အရင်ခေတ်အဆက်ဆက်နဲ့စာရင် ဒီနေ့ကာလက သေနတ်သံတွေ အနည်းဆုံး၊ တိုက်ပွဲသံတွေ အနည်းဆုံးကာလလို့ ပြောလို့ရပါတယ်။

ဒေါ်ခင်စိုးဝင်း ။ ။ ဒေါက်တာရန်မျိုးသိန်းအနေနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ အခု လောလောဆယ် ညှိနှိုင်းနေတဲ့အထဲမှာ အများအမြင်မှာ နိုင်ငံရေးဆွေးနွေးပွဲတွေ သဘောအနေနဲ့ စားပွဲပေါ်မှာ ဆွေးနွေးနေကြပေမယ်လို့ အပစ်အခတ်တွေက ပစ်နေကြတုန်း။ ဟိုတလောက ကချင်ပြည်နယ်မှာ ဖြစ်သွားတဲ့ကိစ္စဆိုလို့ရှိရင် တော်တော်လေး လှုပ်လှုပ်ခတ်ခတ် ဖြစ်သွားပါတယ်။ ကေအိုင်အို စခန်းက စစ်တပ်တက္ကသိုလ်က ဗိုလ်လောင်းတွေ ကျဆုံးသွားတဲ့ကိစ္စနဲ့ ပတ်သက်ပြီးတော့။ ပြည်သူလူထုအမြင်မှာတော့ တော်တော်လေး အရုပ်ဆိုးတယ်ပေါ့။ ဒီလိုမျိုး အပစ်အခတ်ရပ်စဲရေးတွေ ရှေ့ဆက်မသွားနိုင်တာနဲ့ ပတ်သက်လို့ ဆရာအနေနဲ့ ဘယ်လိုများ သုံးသပ်လို့ ရပါသလဲ။

ဦးရန်မျိုးသိန်း ။ ။ ကျနော်အမြင်ကတော့ အမ အခုနပြောသလိုပဲ လတ်တလော ကေအိုင်အေမှာ ကေအိုင်အို ပစ်ခတ်မှုဖြစ်ပြီးနောက်ပိုင်းမှာ အစိုးရ မြန်မာ့တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေကြားမှာ ယုံကြည်မှုတွေ တော်တော်လေး ကျဆင်းလာတယ်လို့ ကျနော်ကမြင်တယ်။ လက်ရှိ အခြေအနေမှာ ယုံကြည်မှု ကျဆင်းလာတဲ့အတွက်ကြောင့်မို့လည်း အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် လက်မှတ်ရေးထိုးဖို့ အစည်းအဝေးတွေက တော်တော်လေးကို ကြန့်ကြာလာတယ်။ နှောင့်နှေးလာတာကို တွေ့ရတယ်။ ကျနော့် အယူအဆအားဖြင့်တော့ လက်ရှိ အစိုးရဟာ တကယ်လို့ ဘာဖြစ်လို့များ တဖက်သတ် အပစ်အခတ်ရပ်စဲရေးကို မလုပ်နိုင်ရတာလဲ။ တကယ်လို့ တဖက်သတ် အပစ်အခတ်ရပ်စဲရေးကို လုပ်ပြီးတော့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအားလုံးနဲ့ နိုင်ငံရေးဆွေးနွေးပွဲကို ဦးတည်မယ်ဆိုရင် ကျနော်တို့က လွန်ခဲ့တဲ့ (၃) နှစ်လောက်ကတည်းက နိုင်ငံရေးဆွေးနွေးပွဲကို လုပ်နိုင်ပြီ။ ဒါက နံပတ်တစ်အချက်။ နောက် နံပတ်နှစ်အချက်က ကျနော် ဘာတွေ့လဲဆိုတော့ ဘာဖြစ်လို့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေကို မတရားအသင်းအဖြစ်ကနေ ဆိုင်းငံ့တာ ရုတ်သိမ်းတာကို အစိုးရက ဘာလို့ မလုပ်ရတာလဲ။ တကယ်တမ်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေကို အစိုးရနဲ့ မြန်မာ့တပ်မတော်ကြားမှာ ယုံကြည်မှုကို မြှင့်တက်စေချင်တယ်ဆိုရင် ကျနော့်အမြင်အားဖြင့် အစိုးရအနေနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေကို မတရားအသင်းအဖြစ်ကနေ အနိမ့်ဆုံးအားဖြင့် ဆိုင်းငံ့တာမျိုးကို လုပ်သင့်တယ်။ နောက်တချက်ကတော့ ဘာလဲဆိုတော့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ စပြီးဆွေးနွေးတဲ့အချိန်မှာ နိုင်ငံရေးအရ လွတ်ငြိမ်းချမ်းသာခွင့် သဘောမျိုးကို အစိုးရဖက်က တရားဝင်ထုတ်ပြန်တာမျိုး မတွေ့ရဘူး။ အဲဒီတော့ ဒီအချက်တွေအရ ကြည့်မယ်ဆိုလို့ရှိရင် ကျနော့်အမြင်အားဖြင့် လက်ရှိအစိုးရ မြန်မာ့တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေကြား ဆွေးနွေးပွဲတွေဟာ တကယ် ပြည်တွင်းငြိမ်းချမ်းရေးစစ်စစ်၊ တကယ့်တိုင်းပြည်ရဲ့ ငြိမ်းချမ်းရေးစစ်စစ်ကို ဦးတည်နေတယ်လို့ အကဲဖြတ်ဖို့ နည်းနည်းခဲယဉ်းတယ်လို့ ကျနော်က မြင်တယ်။ ဒါကတော့ ကျနော်ရဲ့ အမြင်လေးပါ။

ဒေါ်ခင်စိုးဝင်း ။ ။ တဆက်တည်းမှာ အပစ်အခတ်ရပ်စဲရေးတို့၊ ငြိမ်းချမ်းရေးတို့ ပြောနေတဲ့အထဲမှာ ပြည်တွင်းမှာလည်း ဘာသာရေးနဲ့ ပတ်သက်ပြီး အကြမ်းဖက်မှုတွေလည်း ဖြစ်ခဲ့တာရှိတယ်။ မန္တလေးမှာ ဖြစ်ခဲ့တဲ့ အရေးအခင်းဆိုရင် တော်တော်လေးကို အရုပ်ဆိုးပါတယ်။ မန္တလေးမှာဖြစ်ခဲ့တဲ့ ဘာသာရေး အဓိကရုဏ်းသဘောမျိုး အဲဒါတွေကို ပြောနေကြတာတော့ နောက်ကွယ်ကနေ ကြိုးကိုင်တဲ့လူတစု ရှိနေတယ်။ အဲဒီလို ပြောပါတယ်။ နောက် ဒေါသထွက်နေတဲ့ လူအုပ်ကြီးလို့လည်း အမြဲတမ်း သုံးနှုန်းလေ့ရှိပါတယ်။ ဒီလိုမျိုး ကိစ္စတွေနဲ့ ပတ်သက်ပြီး အစိုးရရဲ့ ကိုင်တွယ်ပုံကို ဆရာဦးစည်သူအောင်မြင့် ဘယ်လိုသုံးသပ်လို့ ရပါသလဲ။

ဦးစည်သူအောင်မြင့် ။ ။ အစိုးရရဲ့ ကိုင်တွယ်ပုံဆိုတာက အစိုးရမှာက ဒါနဲ့ တိုက်ရိုက်သက်ဆိုင်တာ ပြည်ထဲရေးဝန်ကြီးဌာန။ ပြည်ထဲရေးဝန်ကြီးဌာနကလည်း ဖွဲ့စည်းပုံအရဆိုရင် တပ်မတော်က direct control လုပ်တာပေါ့။ အဲဒီတော့ ကျနော်က ဘာကိုသွားပြီးတော့ သတိထားမိသလဲဆိုရင် ဒီပြဿနာရဲ့ အရေးအကြီးဆုံး ကွင်းဆက်က အမုန်းတရား ဖြန့်ဖြူးတဲ့ကိစ္စတွေ။ အခြေခံအကျဆုံးနဲ့ အရေးအကြီးဆုံး။ ဒုတိယတခုကတော လှုံဆော်တဲ့လူတွေ ဒါကတော့ ပေါ်လာတယ်ဆိုရင် အရေးယူမယ့်ဟာ။ တတိယတခုကတော့ ကိုယ်တိုင်ကျူးလွန်တဲ့လူတွေ။ ဒါကတော့ ဖြစ်လာပြီဆိုရင် သေချာကိုင်တွယ် အရေးယူရမယ့်ဟာ။ အဲဒီအဆင့် (၃) ဆင့်မှာ အခြေခံအကျဆုံးဖြစ်တဲ့ အမုန်းတရာ ဖြန့်ဖြူးနေတာတွေကို သမ္မတကြီးက မိန့်ခွန်းပထမပိုင်းမှာ နှစ်ကြိမ်ပြောတယ်။ ပြီးခဲ့တဲ့ ဇူလိုင်မတိုင်မီက။ အမုန်းတရာ ဖြန့်ဖြူးတာတွေကို အရေးယူပါ့မယ်။ နောက်တကြိမ်ကျတော့ ထိထိရောက်ရောက် ကိုင်တွယ်ပါ့မယ်ဆိုပြီးမှ ဘာတခုမှ ကိုင်တွယ်တာ မရှိဘူး။ အဲဒီတော့ စဉ်းစားမိတာကတော့ ပြည်ထဲရေးဝန်ကြီးဌာနက သူပြောသလို လိုက်လုပ်နေတဲ့ အနေအထားမရှိဘူး။ ကျနော်တို့ ဆောင်းပါးတွေလည်းရေး တုန့်ပြန်ကြတာပေါ့။ တုန့်ပြန်ကြတော့ နောက်တကြိမ် သူက ထပ်ထွက်လာတယ် “ဟုတ်ပါပြီ ဒီဟာတွေနဲ့ ပတ်သက်ရင် ပြည်သူလူထုနဲ့လည်းဆိုင်တယ် ပြည်သူလူထုကပဲ ဒါကြီးကို ကြည့်ရှုပြီး ဖြေရှင်းကြပါစို့” ဆိုပြီး သူကလျှော့ချသွားခဲ့တယ်။ ဆိုတော့ အစိုးရရဲ့ ကိုင်တွယ်ပုံက အလွန်လိုအပ်ချက် ရှိနေတယ်လို့ ကျနော် နားလည်ပါတယ်။ သူ သေသေချာချာ မကိုင်တွယ်ချင်း အခု ကျနော်တို့ စကားဝိုင်းလုပ်နေတဲ့အချိန်မှာ အမုန်းတရားတွေဟာ ဖြန့်နေကြဆဲ။ ဘာတွေနဲ့ ဖြန့်သလဲဆိုတော့ အင်တာနက် လူမှု့စာမျက်နာတွေက ဖြန့်တယ်။ ဓါတ်ပြားတွေနဲ့ ဖြန့်တယ်။ ဗွီနိုင်းတွေနဲ့ ဖြန့်တယ်။ မိတ္တူကူးထားတဲ့ စာရွက်တွေနဲ့ဖြန့်တယ်။ ဒီနေ့အချိန်အထိ ဖြန့်နေတုန်းပဲ။ ဘာမှ တားဆီးတာ မရှိသေးဘူး။ အဲဒီတော့ အစိုးရရဲ့ ကိုင်တွယ်မှုဟာ အလွန်လိုအပ်တယ်လို့ပဲ သုံးသပ်ချင်ပါတယ်။

XS
SM
MD
LG