သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ-အိန္ဒိယ ဆက်ဆံရေး တစေ့တစောင်း


မြန်မာ-အိန္ဒိယ ဆက်ဆံရေး တစေ့တစောင်း
မြန်မာ-အိန္ဒိယ ဆက်ဆံရေး တစေ့တစောင်း

ဒီတပတ် ဒီမိုကရေစီရေးရာ ဆွေးနွေးခန်းမှာ အိန္ဒိယနိုင်ငံကို (၅) ရက်ကြာ သွားခဲ့တဲ့ခရီးစဉ်အတွင်း မြန်မာ့လူ့အခွင့်အရေး ကိစ္စတွေကို အိန္ဒိယနိုင်ငံက လူသိရှင်ကြား ဝေဖန်ပြောကြားခဲ့ခြင်း မရှိတဲ့အတွက် အိန္ဒိယနိုင်ငံဟာ ဒီမိုကရေစီစံနှုန်းတွေကို ပြစ်ပယ်လိုက်ပြီးလားလို့ ဝေဖန်ပြောဆိုမှုတွေ ရှိနေပါတယ်။ ဒီအကြောင်းအရာကို ဗွီအိုအေဌာနမှုး ဦးသန်းလွင်ထွန်း က အိန္ဒိယ-မြန်မာ ဆက်ဆံရေး လေ့လာနေသူ Kuki International Forum အဖွဲ့ အထွေထွေအတွင်းရေးမှုး ငဲကျင်ပေါင်ကပ်စ်ဂန် ကို တွေ့ဆုံမေးမြန်း ဆွေးနွေးတင်ပြထားပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ မြန်မာစစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီးသန်းရွှေဟာ အိန္ဒိယနိုင်ငံကို (၅) ရက်ကြာ ခရီးထွက်ခဲ့ပါတယ်။ ဒီခရီးစဉ်အတွင်းမှာ ဗုဒ္ဓဂါယခရီးအပြင်၊ အိန္ဒိယခေါင်ဆောင်များနဲ့ နှစ်ဖက် စီးပွားရေး၊ လုံခြုံရေးဆိုင်ရာ သဘောတူညီချက်တွေကိုလည်း ချုပ်ဆိုနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ထူးခြားတဲ့အချက်တချက်ကတော့ ဒေသအတွင်းမှာ ဒီမိုကရေစီနိုင်ငံကြီးတခုအဖြစ် အများကတင်စားပြောဆိုနေကြတဲ့ အိန္ဒိယနိုင်ငံက မြန်မာစစ်အစိုးရခေါင်းဆောင်များနဲ့ တွေ့ဆုံတဲ့ပွဲတွေမှာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီရေးရာကိစ္စ၊ လူ့အခွင့်အရေး ချိုးဖောက်တဲ့ကိစ္စတွေကို ဝေဖန်ပြောဆိုဖို့ အတော်လေး တိတ်တိတ်ဆိတ်ဆိတ် ဖြစ်နေတဲအချက် ဖြစ်ပါတယ်။ ငဲကျင်ပေါင်ကပ်စ်ဂန် အနေနဲ့ မြန်မာနိုင်ငံနဲ့ နိုင်ငံတကာ ဆက်ဆံရေးအခြေအနေတွေကိုလည်း အတော်လေးလေ့လာထားပြီးတော့ အထူးသဖြင့် အိန္ဒိနိုင်ငံကို လေ့လာပြီးတော့ ဆောင်းပါးတွေလည်း အစဉ်မပြတ်ရေးသားနေသူ ဖြစ်ပါတယ်။ အခု ဗိုလ်ချုပ်မှုးကြီးသန်းရွှေရဲ့ အိန္ဒိယခရီးစဉ်အတွင်းမှာ ဗိုလ်ချုပ်မှုးကြီးသန်းရွှေ အပါအဝင် မြန်မာစစ်အစိုးရအနေနဲ့ ဘယ်လို အကျိုးအမြတ်တွေရဖို့ မျှော်ကိုးခဲ့ပါသလဲ။

ကပ်စ်ဂန် ။ ။ ကျနော်အမြင်မှာတော့ နှစ်ဘက်စလုံးအတွက်ပေါ့ - အိန္ဒိယအစိုးရ နဲ့ ဗမာပြည်စစ်အစိုးရအတွက် အကျိုးစီးပွားရှိလို့သာ ဒီခရီးစဉ်ဖြစ်တာဖြစ်တယ်။ ဗမာစစ်အစိုးရအနေနဲ့ သူတို့အကျိုးက ဘာလည်းဆိုရင် အချက် (၂) ချက်ရှိတယ်။ စီးပွားရေးကဏ္ဍ နဲ့ လာမယ့် ရွေးကောက်ပွဲကိစ္စနဲ့ ပတ်သက်တယ်။ အိန္ဒိယဘက်က ကြည့်မယ်ဆိုရင် စီးပွားရေးပါတယ်။ နောက်တခုက တရုတ်ပြည်နဲ့ဆိုင်တယ် - တရုတ်နိုင်ငံနဲ့ ဗမာပြည်ဆက်ဆံရေး အပြန်အလှန်လုပ်ချင်တဲ့ကိစ္စ ဆွေးနွေးမှု ဒုတိယအချက် ဖြစ်တယ်။ တတိယအချက်ကတော့ အရှေ့မြောက်ဘက်မှာရှိတဲ့ လက်နက်ကိုင်အဖွဲ့တွေနဲ့ ပတ်သက်ပြီး ပြောချင်တဲ့ဆန္ဒရှိတယ်။

ဦးသန်းလွင်ထွန်း ။ ။ စီးပွားရေးဘက်ပိုင်းမှာ မြန်မာဘက်ကလည်း အကျိုးအမြတ်ရယူလိုတယ်။ အိန္ဒိယဘက်ကလည်း စီးပွားရေဘက်ပိုင်း အကျိုးအမြတ်ရယူလိုတယ်ဆိုတော့ အဲဒီ စီးပွားရေးအကျိုးအမြတ်တွေဆိုတာ ဘာလည်းဆိုတာကို တချက်လောက်ရှင်းပြပေးပါ။

ဂပ်စ်ဂန် ။ ။ အဓိက အနောက်နိုင်ငံတွေ အမေရိကန် နဲ့ ဥရောပနိုင်ငံတွေက စီးပွားရေးပိတ်စို့မှုရှိနေတယ်ဆိုတော့ ဗမာစစ်အစိုးရအနေနဲ့ အိမ်နီးနားချင်းနိုင်ငံတွေနဲ့ ပြေလည်ဖို့က သူတို့အတွက် အတော်အရေးကြီးတယ်။ အရေးကြီးတယ်ဆိုတာ ဘာလည်းဆိုတော့ သူတို့အတွက် ဝင်ငွေပေါ့။ တဘက်က ပိုက်ဆံမလာတော့ဘူးဆိုတော့ အိမ်နီးချင်းနိုင်ငံတွေက ပိုက်ဆံရချင်တာပေါ့။ အဲဒီလိုဖြစ်သလို တချိန်တည်းမှာ ကျနော်တို့ ဗမာပြည်က သဘာဝသယံဇာတ (natural resources) ဂတ်စ်တွေရှိတော့ အိန္ဒိယနိုင်ငံကလည်း လူဦးရေများသလို ဂတ်စ်တို့ဘာတို့ လိုအပ်လာတဲ့အချိန်ဖြစ်တော့ နှစ်ဘက်စလုံးအတွက် အကျိုးရှိလို့ လုပ်တာဖြစ်တယ်။ တကယ်လို ပိုက်ဆံရရင် နအဖစစ်အစိုးရအနေနဲ့ survive ဆက်လက်ရှင်သန်နိုင်မယ်ဖြစ်တယ်။

ဦးသန်းလွင်ထွန်း ။ ။ အခုခရီးစဉ်အတွင်းမှာ ဗမာစစ်အစိုးရအနေနဲ့ အိန္ဒိယနိုင်ငံဘက်ကနေ စီးပွားရေးဖွံ့ဖြိုးမှု အကူအညီတွေကို ရယူလိုတဲ့သဘောအပြင် ဗမာနိုင်ငံအတွင်းမှာ ထွက်နေတဲ့ သဘာဝဓါတ်ငွေ့နဲ့ ရေနံရောင်းချဖို့ ကိစ္စတွေ တခြားစီးပွားရေးကိစ္စတွေကို သဘောတူညီချက်လုပ်ဖို့ မျှော်လင့်ခဲ့တယ်ပေါ့။

ကပ်စ်ဂန် ။ ။ အခုနပြောသလို အဓိက (၃) ချက် ရှိတာပေါ့။ စီးပွားရေးနဲ့ ပတ်သက်ပြီ လာတယ်ဆိုရင် အခုနပြောသလို အိန္ဒိယအနေနဲ့ လိုအပ်ချက်အများကြီး ရှိလာတယ်။ သူတို့ရဲ့ စီးပွားရေးအခြေအနေ အဆင်ပြေလာတယ်ဆိုရင် သူတို့ရဲ့ စီးပွားရေးအဆင်ပြောတယ်ဆိုရင် သူတို့အတွက် လိုအပ်တဲ့ natural resources ရေနံတွေ အမြတ်ရမယ်။ ရပြီးတော့ တချိန်ကြတော့ နအဖက သူတို့ရပ်တည်နိုင်ဖို့ ပိုက်ဆံတွေ လိုချင်တာပေါ့။ နှစ်ဘက်စလုံး အဆင်ပြေလို့ လုပ်တာဖြစ်တယ်။ အိန္ဒိယအတွက်လည်း အကျိုးရှိတယ်။ ဗမာအစိုးရအတွက်လည်း အကျိုးရှိတယ်။

ဦးသန်းလွင်ထွန်း ။ ။ အခုနောက်ပိုင်း အတော်လေးကို ခေတ်စားလာတဲ့စကားက ဘာလဲဆိုတော့ အနာဂတ်မှာ energy security စွမ်းအင်နဲ့ သဘာဝအရင်းအမြစ်တွေ ဖူလုံဖို့အတွက် ဖြစ်တယ်။ ဒေသအတွင်းမှာဆိုရင် အိန္ဒိယနိုင်ငံ နဲ့ တရုတ်နိုင်ငံ တို့က အရှိန်အဟုန်နဲ့ ဖွံ့ဖြိုးနေတဲ့ နိုင်ငံကြီးတွေဖြစ်တော့ သူတို့ရဲ့ အနာဂတ်တွေအတွက် ဖွံ့ဖြိုးမှုတွေ ထိန်းသွားဖို့အတွက် စွမ်းအင်နဲ့ သဘာဝအရင်းအမြစ်တွေ လိုနေတယ်ဆိုတော့ သဘာဝအရင်းအမြစ် ကြွယ်ဝတဲ့ မြန်မာနိုင်ငံထဲက သဘာဝအရင်းအမြစ်ပစ္စည်းတွေကို ရဖို့ဆိုတာ သူတို့ရဲ့ အဓိကရည်မှန်းချက်ဖြစ်လာတော့ ဒီအချက်က အခုန ငဲကျင်ပေါင် ပြောထားတဲ့ တရုတ်နဲ့ အိန္ဒိယ ဆက်ဆံရေးအခြေအနေဆီကို ဆက်သွားနိုင်မလား။

ကပ်စ်ဂန် ။ ။ ကျနော့်အမြင်မှာတော့ အိန္ဒိယအစိုးရနဲ့ ဗမာစစ်အစိုးရတို့ရဲ့ engagement policy ဆက်ဆံရေးပေါ်လစီ က shorten policy ရေတိုဆက်ဆံရေး ပေါ်လစီ လို့ မြင်တယ်။ ဘာကြောင့်လည်းဆိုတော့ ဘာပဲပြောပြော အိန္ဒိယအစိုးရအနေနဲ့ နအဖအစိုးရနဲ့ တချိန်လုံး engagement လုပ်မယ်လို့ မထင်ခဲ့ဘူး။ ဖြစ်လည်းမဖြစ်နိုင်ဘူး။ တနေ့နေ့ကျရင် ဒီမိုကရေစီစံနစ် အပြောင်းအလဲရှိလာမယ်။ သူတို့အနေနဲ့ ဒီမိုကရေစီနိုင်ငံနဲ့ ပိုပြီမှ engagement သုံးမှ relationship ဆက်ဆံရေးပိုကောင်းမယ်လို့ မြင်တယ်။ ဒါပေမဲ့ တချိန်ကြရင် အခုနပြောသလို တရုတ်အနေနဲ့ စီးပွားရေးအရကော နယ်မြေဒေသချဲ့ချင်တဲ့ဆန္ဒရှိတော့ အိန္ဒိယအနေနဲ့ ဒီကိစ္စကို တုံ့ပြန်ချင်တာပေါ့။ ဒီအတွက် နအဖနဲ့ အဆက်အသွယ်မရှိဘူးဆိုရင် ဒီကိစ္စကို လုပ်လို့မရဘူး။ လုပ်လို့မရဘူးဆိုတာ သိတဲ့အခါကြတော့ ဒီမိုကရေစီ လှုပ်ရှားမှုကို အားပေးတာ နည်းနည်းလျှော့ပြီးတော့ shorten အနေနဲ့ စစ်အစိုးရနဲ့ ပြေလည်ဖို့လုပ်လာတာ ဖြစ်တယ်။

ဦးသန်းလွင်ထွန်း ။ ။ ဒေသအတွင်းမှာ သြဇာလွှမ်မိုးမှုရှိအောင် အပြိုင်အဆိုင်လုပ်တဲ့ သဘောပေါ့။

ကပ်စ်ဂန် ။ ။ ဟုတ်တယ် အပြိုင်အဆိုင်လုပ်တာပေါ့။

ဦးသန်းလွင်ထွန်း ။ ။ အဲဒီကိစ္စနဲ့ ပတ်သက်လို့ ဒီမိုကရေစီနိုင်ငံကြီးတခုအနေနဲ့ တကယ့် ဒီမိုကရေစီ စံနှုန်းတွေကို ဘေးချိတ်ပြီး ဒေသအတွင်း သြဇာလွှမ်အောင် ဒါမှမဟုတ် စီးပွားရေးအတွက် အကျိုးအမြတ်တွေ ရယူလိုမှုအတွက် ကြည့်ပြီးလုပ်နေတော့ တော်တော်လေးလည်း ဝေဖန်ခံနေရတယ်။ အဲဒီလို ဝေဖန်ခံနေရတဲ့ ကိစ္စတွေအတွက် အိန္ဒိယပြည်တွင်း နဲ့ နိုင်ငံရေးလောကမှာ ဘယ်လိုတုံ့ပြန်မှုတွေ ရှိသလဲ။

ကပ်စ်ဂန် ။ ။ ကျနော် သိသလောက်တော့ အိန္ဒိယပြည်သူ တော်တော်များများက ကျနော်တို့ ဒီမိုကရေစီလှုပ်ရှားမှုကို တော်တော်အားပေးကြတယ်။ အားပေးသလို ကျနော်တို့ လူဒုက္ခသည်တွေနဲ့ ဒီမိုကရေစီ လှုပ်ရှားနေကြသူများလည်း အခြေချနေနိုင်ကြတယ်။ ၁၉၉၃ မှာလည်း Jawaharlal ဆု အမြင့်ဆုံး civilian ဆုကို ဒေါ်အောင်ဆန်းစုကြည်ကို ပေးအပ်ခဲ့တယ်။ အဲဒါက မြန်မာ့ဒီမိုကရေစီ လှုပ်ရှားမှုကို အားပေးတဲ့သဘောဖြစ်တယ်။ ဒါပေမဲ့ ၁၉၉၁ ခုနှစ်ကတည်းက look east policy ခေါ် အရှေ့မျှော်ပေါ်လစီ ကို စလာတယ်။ ဝန်ကြီးချုပ် P.V. Narasimha Rao ကွန်ဂရက်အစိုးရလက်ထက်က စတင်လာခဲ့တယ်။ ဒါပေမဲ့ အရှေ့မျှော်ပေါ်လစီကို တကယ်စလုပ်ခဲ့တာကတော့ ၁၉၉၈ - ၂၀၀၄ ခုနှစ်အကြား ဝန်ကြီးချုပ် Atal Bihari Vajpayee လက်ထက်မှာဖြစ်တယ်။

ဦးသန်းလွင်ထွန်း ။ ။ အဲဒီမှာ မူဝါဒတွေ သိသိသာသာ ပြောင်းလဲလာလား။

ကပ်စ်ဂန် ။ ။ ဟုတ်ကဲ့ သိသိသာသာ ထွက်လာတယ်။ အပြောင်းအလဲ ရှိလာတာပေါ့။

ဦးသန်းလွင်ထွန်း ။ ။ အပြောင်းအလဲက ဘာလဲ။ အရှေ့မျှော် ရည်မှန်းချက်က ဘာလဲ။

ကပ်စ်ဂန် ။ ။ အပြောင်းအလဲဆိုတာက ဒီမိုကရေစီလှုပ်ရှားမှုကို အားပေးတာ နည်းနည်းလျှော့ ဘေးဖယ်လိုက်ပြီး စစ်အစိုးရနဲ့ ဆက်သွယ်လာတယ်။

ဦးသန်းလွင်ထွန်း ။ ။ အဓိကက အိန္ဒိယနိုင်ငံအကျိုးစီးပွားအတွက်လား။ တခြား ဘာရည်မှန်းချက်တွေ ရှိနေလို့လဲ။

ကပ်စ်ဂန် ။ ။ အချက် (၃) ချက်ရှိတယ်။ ပထမအချက်က စီးပွားရေးပါတယ်။ နောက်တခုက တရုတ်နိုင်ငံရဲ့ နယ်ချဲ့လာတာကို အပြန်အလှန်လုပ်ချင်လို့ ဖြစ်တယ်။ တတိယအချက်ကတော့ အိန္ဒိယရဲ့ အရှေ့မြောက်ဒေသမှာရှိတဲ့ လက်နက်ကိုင်တွေကို ကျနော်တို့ ဗမာပြည်အတွင်းမှာရှိတယ်။ စစ်ကိုင်တိုင်း အထက်ပိုင်း တမူးမြို့နယ်မှာဆိုရင် အိန္ဒိယသူပုန်တွေ ရှိနေတယ်။ ဗမာအစိုးရက သူတို့ကို လွတ်လပ်စွာ နေခွင့်ပြုထားတယ်။ အဲဒါတွေကို တခါတလေကြရင် အိန္ဒိယအစိုးရအနေနဲ့ ထိန်းနိုင်ချင်တဲ့ ဆန္ဒရှိတယ်။

ဦးသန်းလွင်ထွန်း ။ ။ အိန္ဒိယနိုင်ငံ အရှေ့မြောက်ဘက်မှာရှိတဲ့ ပြည်နယ်တွေက ကျနော်ထင်တယ် ပြည်နယ် (၃) ခုလား - မဏီပူရ၊ အာသံ နဲ့ မီဇူးရမ် ပြည်နယ်တွေဖြစ်တယ် မဟုတ်လား။ အဲဒီမှာရှိတဲ့ သူပုန် လှုပ်ရှားမှုတွေက ဗမာပြည်အတွင်းမှာ အခြေစိုက်နေတာလား။

ကပ်စ်ဂန် ။ ။ နာဂလန်လည်းပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ ဒီ သူပုန်အဖွဲ့တွေက အိန္ဒိယဗဟိုအစိုးရကို တော်လှန်နေတဲ့ သူပုန်အဖွဲ့တွေက ဗမာပြည်အတွင်းမှာ အခြေစိုက်နေကြတာလား။

ကပ်စ်ဂန် ။ ။ ဟုတ်တယ် ဗမာပြည်အတွင်းမှာ အခြေစိုက်နေကြတယ်။

ဦးသန်းလွင်ထွန်း ။ ။ အခုလက်ရှိလည်း ဒီလိုဘဲလား။

ကပ်စ်ဂန် ။ ။ တမူးမြို့နယ်က ပြည်သူလူထုကို သွားမေးရင် လက်နက်ကိုင်အဖွဲ့ တော်တော်များများ လွတ်လပ်စွာ နေထိုင်ခွင့်ပြုထားတယ်ဆိုတာကို ပြောပြလိမ့်မယ်။

ဦးသန်းလွင်ထွန်း ။ ။ အခုလို ဗမာစစ်အစိုးရ နဲ့ အိန္ဒိယအစိုးရတို့ အလည်အပတ်ခရီးစဉ်တွေ အပြန်အလှန်လုပ်တယ်။ တွေ့ဆုံဆွေးနွေးမှုတွေ လုပ်တယ်ဆိုတော့ ဆွေးနွေးမှုတိုင်းမှာ ကျနော်တို့ကြားတာကတော့ ဒေသအတွင်း သူပုန်နှိမ်းနှင်မှုကို အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှုတွေပါတယ်ဆိုတော့ အိန္ဒိယဘက်က သူပုန်တွေကို ဗမာအစိုးရက ကူညီပြီးတော့ နှိမ်နှင်တာတွေ ဖြတ်တောက်မှုတွေ မရှိဘူးလား။

ကပ်စ်ဂန် ။ ။ သူတို့ ကြိုးစားခဲ့တယ်။ သူတို့စာချုပ်တွေထဲမှာ အများကြီး သဘောတူညီမှုတွေ ရှိခဲ့ပေမယ့် တကယ်လက်တွေ့မှာတော့ ဗမာစစ်အစိုးရက အဲဒီလောက် တကယ်အပြတ်လုပ်တာ မရှိဘူးလို့ မြင်တယ်။

ဦးသန်းလွင်ထွန်း ။ ။ ဗမာစစ်အစိုးရက ထိထိရောက်ရောက် မကူညီဘူးဆိုတာ ဘာသဘောလဲ။ အိန္ဒိယအစိုးရကို အကြပ်ကိုင်ထားတဲ့ သဘောလား။

ကပ်စ်ဂန် ။ ။ ဟုတ်တယ် အဲဒီလို သဘောဖြစ်တယ်။

ဦးသန်းလွင်ထွန်း ။ ။ ဘာကို မျှော်လင့်လိုလဲ။

ကပ်စ်ဂန် ။ ။ အခုန ပြောသလို အိန္ဒိယနိုင်ငံကလည်း ဘယ်လိုပြောပြော မြန်မာဒီမိုကရေစီ လှုပ်ရှားမှုတွေကို အိန္ဒိယမှာ ခွင့်ပြုထားတော့ ဗမာစစ်အစိုးရကလည်း အိန္ဒိယအစိုးရကို အပြည့်အဝ ယုံကြည်မှုမရှိဘူး။

ဦးသန်းလွင်ထွန်း ။ ။ ကျနော်တို့ ပထမဦးဆုံး ပြောခဲ့တဲ့အချက်ကို ပြန်ကြည့်မယ်ဆိုရင် ဘာလဲဆိုတော့ ဒေသအတွင်း ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီနိုင်ငံကြီးတခုအနေနဲ့ စောစောက ငဲကျင်ပေါင် ပြောတဲ့ စီးပွားရေးအကျိုး၊ ဒေသအတွင်း သြဇာလွှမ်မိုးမှု၊ ပြည်တွင်းသောင်းကျန်းမှု နှိမ်နှင်ရေး ဒီ အကျိုးအမြတ်တွေ မျှော်ကိုးတာ ထားလိုက်။ ဒီမိုကရေစီနိုင်ငံကြီးတခုအနေနဲ့ သူတို့အနေနဲ့ ထားရှိရမယ့် တန်းဖိုးထားရမယ့် ဒီမိုကရေစီ လူ့အခွင့်အရေး စံနှုန်းတွေကို ဘေးဖယ်ထားပြီးတော့ နိုင်ငံတကာက အကြီးအကျယ် ဝေဖန်နေတဲ့ အပြစ်တင် ရှုတ်ချခံနေရတဲ့ စစ်အစိုးရခေါင်းဆောင်ကို လက်ခံတယ်၊ လည်ပတ်ခွင့်တွေပြုတယ်၊ အပြန်အလှန် ရင်နှီးမှုတွေ ပြောတဲ့အပြင်ကို လူသိရှင်ကြား ဝေဖန်မှုတွေ မလုပ်ခဲ့ဘူးကိစ္စက ဒါက ဒေသအတွင်းမှာ ဘယ်လို စံနှုန်းတွေကို ရှေ့ရှုသွားစေမယ်လို့ ယူဆသလဲ။

ကပ်စ်ဂန် ။ ။ ဒီဟာနဲ့ ပတ်သက်တဲ့ဟာတခုကတော့ အခုနပြောခဲ့သလို စစ်အစိုးရနဲ့ အိန္ဒိယအစိုးရ ဆက်ဆံရေးက shorten policy ရေတိုဆက်ဆံရေးလို့ မြင်တယ်။ စီးပွားရေး၊ တရုတ်အရေး တို့အတွက် ရေတိုလုပ်ကိုင်ခြင်း ဖြစ်တယ်။ တနေ့နေ့ကြရင် ဗမာပြည်မှာလည်း အပြောင်းအလဲရှိမှာပဲ။ ဒီမိုကရေစီစံနစ်လည်း ရှိမယ်။ ကျနော်တို့ တခုသိရမှာက international relationship နိုင်ငံတကာဆက်ဆံရေး နဲ့ international politics နိုင်ငံတကာ နိုင်ငံရေးမှာ အရေးကြီးတဲ့အချက်တချက်က national interest နဲ့ security က တော်တော် အရေးကြီးတယ်။ အိန္ဒိယအနေနဲ့ ဒီမိုကရေစီနိုင်ငံ အကြီးဆုံးဖြစ်ပေမယ့် သူတို့ရဲ့ security (လုံခြုံရေး) national interest က အဓိကဖြစ်တော့ အိန္ဒိယအစိုးရအနေနဲ့ သူတို့ရဲ့ immediate interest ကိုကြည့်ပြီး လုပ်နေတယ်လို့ ကျနော်အနေနဲ့ မြင်ပါတယ်။

XS
SM
MD
LG