ကမ္ဘာပေါ်မှာ အကြံဉာဏ်ပေးနိုင်တဲ့ ပညာရှင်အဖွဲ့ Think-Tank (၆၅၀၀) ကျော်ရှိတဲ့အနက် ထိပ်တန်းပညာရှင်အဖွဲ့ကို အမေရိကန်၊ အင်္ဂလန်နဲ့ ဥရောပနိုင်ငံတွေမှာ တွေ့နိုင်ပါတယ်။ တရုတ်ပြည်က လူမှုရေးသိပ္ပံအကယ်ဒမီကလည်း အဆင့် (၂၀) လောက်မှာ လိုက်နေပါတယ်လို့ Pennsylvania တက္ကသိုလ်ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ဒါပေမဲ့ အနှစ် (၅၀) ကျော် အမိန့််နာခံခဲ့တဲ့ မြန်မာပြည်မှာတော့ အကြံဉာဏ်ပေးနိုင်တဲ့ ပညာရှင်အဖွဲ့ မရှိဘူးလို့ Middle East North Africa Financial Network အဖွဲ့က ဇူလိုင် (၃၁) ရက်နေ့ထုတ် Asia Times မှာ ရေးသားထားပါတယ်။
ကမ္ဘာ့အရေးအခင်းတွေက မြန်မာပြည်ကို ဘယ်လို အကျိုးသက်ရောက်နိုင်တယ်ဆိုတာကို သဘောပေါက်ဖို့အတွက် နိုင်ငံခြားရေးရာ ကျွမ်းကျင်သူတွေရှိဖို့ လိုပါတယ်။ စစ်အာဏာရှင်ခေတ်မှာ ပြည်တွင်းရေးကိုသာ အာရုံစိုက်ကြတာမို့ အပြည်ပြည်ဆိုင်ရာအရေးကို ဦးစားမပေးတာ များပါတယ်။ နိုင်ငံခြားရေးဟာ ပြည်တွင်းရေးနဲ့ တိုက်ရိုက်မပတ်သက်ဘူးလို့ ယူဆကြပါတယ်။ Donald Trump အမေရိကန်သမ္မတ ဖြစ်လာတဲ့ကိစ္စ၊ တရုတ်နိုင်ငံရဲ့ ခေတ်သစ်ပိုးလမ်းမ၊ အကြမ်းဖက်ဝါဒနဲ့ ဘာသာရေးအယူသီးမှု စတာတွေ နားလည်ဖို့ အရေးကြီးပါတယ်။ နိုင်ငံခြားရေးဝန်ကြီးဌာနဟာ နိစ္စဓူဝတွေနဲ့ အချိန်ကုန်တာများပါတယ်။
တက္ကသိုလ်လောကမှာ သုတေသနလုပ်တာ ရှိပေမယ့် စာနယ်ဇင်းလောကမှာ တလွဲတချော် ရေးတာတွေကို တွေ့နိုင်ပါတယ်။ ဒါကြောင့် မြန်မာပြည်မှာ နိုင်ငံခြားရေးရာ ပညာရှင်အဖွဲ့ရှိဖို့ လိုအပ်ပါတယ်။ ဒေသဆိုင်ရာနဲ့ အပြည်ပြည်ဆိုင်ရာကိစ္စတွေမှာ ပညာရှင်အဖွဲ့ဟာ လွတ်လပ်စွာ ဓမ္မဓိဌာန်ကျကျ အကြံဉာဏ်ပေးနိုင်ပါတယ်။ လောလောဆယ်တော့ နိုင်ငံခြားရေးဝန်ကြီးဌာနက ပေါ်လစီ ချမှတ်ပြီး လုပ်ဆောင်နေပါတယ်။ လွှတ်တော်နှစ်ခုမှာ နိုင်ငံတကာဆက်ဆံရေးကော်မတီ ရှိပေမယ့် ကိုယ်စားလှယ်တွေ နားလည်သဘောပေါက်ဖို့အတွက် နိုင်ငံခြားရေးရာ ပညာရှင်အဖွဲ့က ရေးသားဖို့လိုပါတယ်။ ပညာရှင်အဖွဲ့ဟာ သုတေသနအဖွဲ့ ဖြစ်တာမို့ ပြည်သူလူထုကိုလည်း ပညာပေးနိုင်ပါတယ်။ ပညာရှင်သုတေသနအဖွဲ့ တည်ထောင်နိုင်ရင် နိုင်ငံခြားရေးရာ ကျွမ်းကျင်သူတွေ ပေါ်ထွက်လာနိုင်ပါတယ်။
စစ်အစိုးရလက်ထက်က ပိတ်ပင်ထားတဲ့ နိုင်ငံရေးသိပ္ပံ နဲ့ နိုင်ငံတကာဆက်ဆံရေး ဘာသာရပ်ကို တက္ကသိုလ်တွေမှာ (၂၀၁၃) ခုနှစ်မှာ ပြန်လည်သင်ကြားတဲ့အခါ လူကြိုက်များလာတာ တွေ့ရပါတယ်တဲ့။ ဒီနေရာမှာ နိုင်ငံခြားရေးရာပညာရှင်အဖွဲ့တွေနဲ့ သုတေသနအစီအစဉ်တွေရှိဖို့ လိုအပ်ပါတယ်။ နိုင်ငံခြားလေ့လာရေးမှာ မြန်မာက အားနည်းနေပေမယ့် ချင်းမိုင်တက္ကသိုလ်မှာ မြန်မာ့ရေးရာ သုတေသနအစီအစဉ် ရှိပါတယ်။ ယူနန်တက္ကသိုလ်မှာလည်း မြန်မာ့ရေးရာဌာန ရှိပါတယ်။ Australia နဲ့ စင်္ကာပူမှာလည်း မြန်မာ့ရေးရာအစီအစဉ်တွေ တိုးချဲ့နေပါတယ်။ အမေရိကန်နဲ့ ဥရောပမှာလည်း မြန်မာ့ရေးရာကို စိတ်ဝင်စားလာကြတာမို့ မြန်မာပညာရှင်အဖွဲ့တွေ ပေါ်ထွက်လာအောင် ဒီနိုင်ငံတွေက ကူညီနိုင်ပါတယ်။ နိုင်ငံတကာကလည်း ကူညီသင့်တယ်လို့ Middle East, North Africa-Financial Network အဖွဲ့က ယူဆပါတယ်။
လွန်ခဲ့တဲ့ မေလအစောပိုင်း ယူနန်ပြည်နယ် ဒဲ့ဟုန်းခရိုင် မန်ရှီမြို့တော်မှာ ပထမအကြိမ် တရုတ်ပညာရှင်အဖွဲ့ အစည်းအဝေး First Myanmar-China Think Forum ကျင်းပကြောင်း သိရပါတယ်။ မြန်မာနိုင်ငံ မဟာဗျူဟာနဲ့ နိုင်ငံတကာလေ့လာရေးအဖွဲ့ကို အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ဟောင်း ဦးဝင်းလွင် ခေါင်းဆောင်ပြီး တက်ရောက်ပါတယ်။ တက္ကသိုလ် ဆရာ၊ ဆရာမ၊ သုတေသီ၊ မီဒီယာကိုယ်စားလှယ်နဲ့ အရပ်သားအဖွဲ့မှ ကိုယ်စားလှယ်တရာကျော် တက်ရောက်ကြောင်း သိရပါတယ်။ တရုတ်-မြန်မာ သမိုင်းအဆက်အသွယ်နဲ့ ယဉ်ကျေးမှုဖလှယ်မှုအကြောင်း စီးပွားရေး၊ နိုင်ငံရေး ပူးပေါင်းလုပ်ကိုင်မှုအကြောင်း ကိုယ်စားလှယ်တွေ တင်ပြကြပါတယ်။ နယ်စပ်ကို သွားရောက်လေ့လာကြပြီး ၁၉၅၉ က မြန်မာနဲ့ တရုတ်ဝန်ကြီးချုပ်တို့ စိုက်ပျိုးခဲ့တဲ့ ချစ်ကြည်ရေးသစ်ပင်ကိုလည်း ကြည့်ရှုကြပါတယ်။
ဒါပေမဲ့ မန်ရှီ အစည်းအဝေးကို လေ့လာသူအဖြစ် တက်ရောက်ခဲ့တဲ့ အောင်အောင် (IR) ဆိုသူရဲ့ မေလ (၂၄) ရက်နေ့ထုတ် မြန်မာ့အလင်းဆောင်းပါးကိုကြည့်ရင် တရုတ် စည်းရုံးရေးဆင်းတဲ့ အမည်ခံအစည်းအဝေး ဖြစ်နေတာ ထင်ရှားပါတယ်။ အစည်းအဝေးအကြောင်း ရေးစရာမရှိလို့ ဒဲ့ဟုန်းနယ်ခရီးစဉ်ကို မှတ်တမ်းတင်ထားတဲ့ ဆောင်းပါး ဖြစ်ပါတယ်။ အစည်းအဝေး (၃) ရက် ကျင်းပဖို့ ကြေညာထားပေမယ့် တကယ့်အစည်းအဝေးက (၁) ရက်သာကြာပြီး လေ့လာရေးခရီးက (၂) ရက် ဖြစ်ပါတယ်တဲ့။ ပထမအကြိမ် မြန်မာ-တရုတ် ပညာရှင်အစည်းအဝေးကို စာတကြောင်းနဲ့သာ ဖော်ပြပါတယ်။
ဒဲ့ဟုန်းခရိုင်မှာ သူသွားခဲ့တဲ့ လေ့လာရေးခရီးအကြောင်းသာ ရေးသားထားတာ တွေ့ရပါတယ်။ အစည်းအဝေး တက်သူက ခရီးသွားမှတ်တမ်းရေးတော့ အစည်းအဝေးအကြောင်း မသိတာ မဆန်းပါဘူး။ ဒီဥပမာကြောင့် နိုင်ငံခြားရေးရာနဲ့ ပတ်သက်လာရင် အစိုးရစာနယ်ဇင်းတွေမှာ လေးနက်တဲ့ အရေးအသား အလွန်နည်းနေတယ်လို့ ပြောရပါလိမ့်မယ်။ မဇ္စိ ျမမီဒီယာ အယ်ဒီတာချုပ်ကတော့ သူတင်ပြခဲ့တဲ့ "တရုတ်-မြန်မာ ဆက်ဆံရေး မျက်နှာစာအလှည့်" ဆိုတဲ့ စာတမ်းကို မဇ္စိ ျမစာစောင်မှာ ပြန်လည်ဖော်ပြတဲ့အတွက် ပုဂ္ဂလိစာနယ်ဇင်းတန်းဖိုးကို မြှင့်တင်ရာရောက်တယ်လို့ ပြောရမှာ ဖြစ်ပါတယ်။