သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့တရားရုံးစနစ်


ရန်ကုန်မြို့ရှိ ဗဟိုတရားရုံးချုပ် အဆောက်အဦးမြင်ကွင်းတခု။ ဇွန် ၁၊ ၂၀၁၂။
ရန်ကုန်မြို့ရှိ ဗဟိုတရားရုံးချုပ် အဆောက်အဦးမြင်ကွင်းတခု။ ဇွန် ၁၊ ၂၀၁၂။
အဖြစ်များလာတဲ့ စိတ်ကျရောဂါ
please wait

No media source currently available

0:00 0:07:01 0:00
တိုက်ရိုက် လင့်ခ်


အရင်အစိုးရတွေလက်ထက်မှာ အုပ်ချုပ်ရေးဘက်က တရားစီရင်ရေးမှာ ဝင်ရောက်စွက်ဖက်တာကြောင့် တရားမျှတမှု မရှိဘူးလို့ လွှတ်တော်ရှေ့နေတွေ ဝေဖန်တာ ကြာပါပြီ။ ဒါပေမဲ့ လက်ရှိ အစိုးရလက်ထက်မှာလည်း အရင်ပုံစံအတိုင်း ဆက်သွားနေလို့ တိုးတက်မှုမရှိဘူးလို့ NLD ပါတီက တာဝန်ရှိပုဂ္ဂိုလ်ကပါ ပြောပါတယ်။ နိုင်ငံခြားဥပဒေရေးရာ အဖွဲ့အစည်းနဲ့ ဥပဒေပညာရှင်တွေကလည်း မြန်မာတရားရုံးစနစ်ရဲ့ အားနည်းချက်တွေကို ထောက်ပြကြပါတယ်။ မြန်မာပြည်မှာ တရားလွှတ်တော်ချုပ်၊ အခြေခံဥပဒေဆိုင်ရာခုံရုံးနဲ့ စစ်ဖက်ဆိုင်ရာတရားရုံးစသဖြင့် တရားရုံး (၃) မျိုး ရှိပါတယ်။

ဒီအထဲမှာ နိုင်ငံသူနိုင်ငံသားနဲ့ အများဆုံး ထိတွေ့နေတာဟာ တရားလွှတ်တော်ချုပ် ဖြစ်ပါတယ်။ နောက်တော့ တိုင်းနဲ့ပြည်နယ် တရားသူကြီးချုပ် (၁၄) ဦးရှိပြီး သူတို့အောက်မှာ ခရိုင်တရားရုံး (၇၂) ခု၊ မြို့နယ်တရားရုံး (၃၃၀) နဲ့ အထူးတရားရုံး (၂၂) ခု ရှိပါတယ်။ ဒါပေမဲ့ မြို့နယ်တရားရုံးနဲ့ ဥပဒေရုံးတွေဟာ သီးခြားမတည်ရှိဘဲ အုပ်ချုပ်ရေးရုံးတွေနဲ့ စုပေါင်းတည်ရှိတာ မဆလခေတ်ကတည်းက ဖြစ်ပါတယ်။ အခုလည်း မြို့နယ်တရားရုံးအချို့ဟာ အထွေထွေအုပ်ချုပ်ရေးဌာနပိုင်မြေပေါ်မှာ ရုံးဖွဲ့ထားရတဲ့အတွက် သီးခြားရပ်တည်နိုင်တဲ့သဘော ကင်းလွတ်နေတယ်လို့ မြင်ကြပါတယ်။

ပြည်ထောင်စုတရားလွှတ်တော်ချုပ်ဟာ အောက်တရားရုံးတွေကို ကြီးကြပ်ကွပ်ကဲနိုင်တာကြောင့် အမြင့်ဆုံး တရားရုံး ဖြစ်ပါတယ်။ ဒါပေမဲ့ တရားလွှတ်တော်ချုပ် ဖွဲ့စည်းပုံ၊ တရားသူကြီးချုပ် ခန့်အပ်ပုံ နဲ့ ရာထူးသက်တမ်းကာလကိုကြည့်ရင် အုပ်ချုပ်ရေးက ဘယ်လောက် ချုပ်ကိုင်ထားတယ်ဆိုတာကို သိနိုင်ပါတယ်။ တကယ်တော့ စစ်အစိုးရ အာဏာသိမ်းပြီး မကြာမီ ၁၉၈၈ စက်တင်ဘာလ (၂၆) ရက်နေ့က ထုတ်ပြန်တဲ့ "တရားစီရင်ရေး ဥပဒေ" က သဘောတရားအားလုံးကို ၂၀၀၈ အခြေခံဥပဒေမှာ တွေ့နိုင်ပါတယ်။ ဦးသိန်းစိန်အစိုးရ မပေါ်ပေါက်မီ ၂၀၁၀ အောက်တိုဘာလ (၁၀) ရက်နေ့က ပြဌာန်းတဲ့ ပြည်ထောင်စုတရားစီရင်ရေးဥပဒေအတိုင်း ဆက်လက်ကျင့်သုံးနေပါတယ်။ အခြေခံဥပဒေက သတ်မှတ်တဲ့ အရည်အချင်းရှိသူကို တရားသူကြီးချုပ်အဖြစ် သမ္မတက ရွေးချယ်ခန့်အပ်တာကို လွှတ်တော်က လက်ခံရပါတယ်။

ဥပဒေဘွဲ့ရ စစ်မှုထမ်း ဦးထွန်းထွန်းဦး ကို သမ္မတဦးသိန်းစိန်က ၂၀၁၁ ဖေဖေါ်ဝါရီလမှာ တရားသူကြီးချုပ်အဖြစ် ခန့်အပ်ပါတယ်။ အခုမှ (၆၁) နှစ်သာ ရှိသေးတာမို့ အပြစ်မရှိရင် နောက်ထပ် (၉) နှစ် အမှုထမ်းနိုင်မှာ ဖြစ်ပါတယ်။ လွှတ်တော်ချုပ်တရားသူကြီး အနည်းဆုံး (၇) ဦး၊ အများဆုံး (၁၁) ဦးကို သမ္မတက ခန့်အပ်နိုင်ပါတယ်။ တရားလွှတ်တော်ချုပ်ဟာ နိုင်ငံအတွင်းက တရားရုံးအားလုံးကို ကြီးကြပ်ကွပ်ကဲ ရပါတယ်။ တရားလွှတ်တော်ချုပ်ဟာ နိုင်ငံအတွင်းက တရားအားလုံးကို ကြီးကြပ်ကွပ်ကဲရပါတယ်။ တရားလွှတ်တော်ချုပ်ကို စစ်မှုထမ်းဟောင်းက ဦးဆောင်နေတာဟာ တရားစီရင်ရေး၊ အုပ်ချုပ်ရေးနဲ့ စစ်တပ်ရဲ့ ဆက်သွယ်မှုကို ပြသရာရောက်ပါတယ်။ တိုင်းနဲ့ပြည်နယ် (၁၄) ခုက တရားသူကြီးချုပ်သူတွေကိုလည်း သမ္မတ က ရွေးချယ်ခန့်အပ်တာမို့ အမြင့်ဆုံးတရားရုံးတွေကိုမှာ လွတ်လပ်တဲ့ တရားစီရင်ရေးကို ကျင့်သုံးနိုင်ဖို့ အလားအလာ မရှိဘူးလို့ မြင်ကြပါတယ်။

တရားစီရင်ရေး လွတ်လပ်မှု ရှိတယ်ဆိုတဲ့ အင်္ဂလန်နိုင်ငံမှာတောင် Lord Chancellor က တရားသူကြီး ခန့်အပ်တဲ့ အစဉ်အလာကို ရပ်ဆိုင်းပြီး တရားရေးခန့်အပ်မှု ကော်မရှင်ကို (၂၀၀၆) မှာ စတင်ကျင့်သုံးပါတယ်။ ကော်မရှင်အဖွဲ့ဝင်တွေဟာ အရည်အချင်းအရ တရားမျှတစွာ ယှဉ်ပြိုင်ပြီး ရာထူးကို ရယူကြသူတွေ ဖြစ်ပါတယ်။ တရားစီရင်ရေး လွတ်လပ်မှု အားကောင်းလာအောင် ဖွဲ့စည်းတဲ့ ဒီကော်မရှင်ဟာ အစိုးရအဖွဲ့အစည်းတခု ဖြစ်ပါတယ်။ သက်ဆိုင်ရာ ဥပဒေပညာ အတွေ့အကြုံ ရှိသူတွေကို တရားသူကြီးအဖြစ် "တရားရေးရာ ခန့်အပ်မှုကော်မရှင်" က ခန့်ထားပါတယ်။ တရားသူကြီးအားလုံး အသက် (၇၀) မှာ အငြိမ်းစားယူရပါတယ်။ တရားသူကြီး ခန့်အပ်မှုကို ရှင်းရှင်းလင်းလင်း လုပ်ပြီးမှ ၂၀၀၇ မှာ တရားရေးဝန်ကြီးဌာန ဖွဲ့စည်းတာမို့ Lord Chancellor ဟာ ဝန်ကြီးဖြစ်လာပေမယ့် ရာထူမခန့်နိုင်တာ မဟုတ်ပါဘူး။

နိုင်ငံတော် အချုပ်အခြာအာဏာရဲ့ ခက်မသုံးဖြာဖြစ်တဲ့ ဥပဒေပြု၊ အုပ်ချုပ်ရေး နဲ့ တရားစီရင်ရေး အာဏာတို့ကို တတ်နိုင်သမျှ ပိုင်ခြားသုံးစွဲရင် အပြန်အလှန် ထိန်းကျောင်းနိုင်တယ်လို့ အခြေခံဥပဒေ ပုဒ်မ (၁၁-က) က ဖော်ပြထားပါတယ်။ တရားစီရင်ရေးမှာ အဂတိလိုက်စားတာတွေကို တိုင်စာတွေပေးကြပေမယ့် ပြဌာန်းထားတဲ့ နည်းလမ်းအတိုင်း တရားသူကြီးကို စွပ်စွဲပြစ်တင်တာမျိုး မတွေ့ရသေးပါဘူး။ ၂၀၁၃ မှာ ပြဌာန်းတဲ့ တရားရုံးများကို မထိမဲ့မြင်ပြု ဥပဒေကလည်း အဂတိလိုက်စားတဲ့ တရားရုံးကို အကာအကွယ်ပေးသလို ဖြစ်နေပါတယ်။ အကျင့်ဟောင်းကို စွန့်လွှတ်ဖို့ ခက်ခဲနေပုံရပါတယ်။

တရားသူကြီးတွေဟာ အုပ်ချုပ်သူ စစ်အာဏာပိုင်လက်အောက်မှာ နှစ်ပေါင်းများစွာ အမှုထမ်းခဲ့တာမို့ အထက်လူကြီးအကြိုက် လိုက်လုပ်ပြီး အဂတိလိုက်စားမှု သံသရာမှာ ကိုယ်ကျိုးရှာနေကြတာ ကြာပါပြီ။ နိုင်ငံရေးနဲ့ ပတ်သက်တဲ့အမှုမှာ စီရင်ချက်ဟာ သရုပ်အပျက်ဆုံးပါပဲ။ သီးခြားလွတ်လပ်ပြီး ဥပဒေကို ရိုသေလေးစားတဲ့ တရားရေးစနစ် ပေါ်ထွက်လာအောင် ၂၀၀၈ အခြေခံဥပဒေကစပြီး ပြင်ဆင်ဖို့ လိုပါတယ်။ နောက်တော့ တရားသူကြီး၊ တရားရုံးအမှုထမ်း၊ ဥပဒေအရာရှိ၊ ရှေ့နေနဲ့ ရဲတပ်ဖွဲ့ဝင်စတဲ့ တရားစီရင်ရေးမှာ ပါဝင်သူတွေ စိတ်ဓါတ်နဲ့ အလေ့အကျင့် ပြောင်းလာဖို့လည်း လိုပါတယ်။

XS
SM
MD
LG