မြန်မာပြည်မှာ လက်နက်ကိုင်ပဋိပက္ခ ဖြစ်ပွားတဲ့ဒေသတွေကို Asia Foundation သုတေသီအဖွဲ့က ၂၀၁၆ မှာ စစ်တမ်းကောက်ယူပြီး လွန်ခဲ့တဲ့ အောက်တိုဘာလမှာ အစီရင်ခံစာ ထုတ်ပြန်ပါတယ်။ တိုင်းနဲ့ပြည်နယ် (၁၄) ခု အနက် (၁၁) ခုမှာ လက်နက်ကိုင် လှုပ်ရှားမှုရှိကြောင်း The Contested Areas of Myanmar ဆိုတဲ့ စာမျက်နှာ (၁၄၀) အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ မြို့နယ်ပေါင်း (၃၃၀) အနက် (၁၁၈) ခုမှာ အစိုးရကို ဆန့်ကျင်တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ရှိနေပါတယ်။ တချို့ဆိုရင် နေပြည်တော်လို၊ ရန်ကုန်လို နေရာမျိုးနဲ့ ကီလိုမီတာ တစ်ရာလောက်သာ ကွာဝေးတာကို တွေ့ရပါတယ်။
တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့ပေါင်း (၂၀) ကျော် ရှိတဲ့အနက် အပစ်အခတ်ရပ်စဲဖို့ သဘောတူ လက်မှတ်ထိုးထားတာက (၈) ဖွဲ့ ရှိပါတယ်။ လက်ရှိ အစိုးရလက်ထက်မှာ နိုင်ငံရေးဆွေးနွေးလို့ တိုးတက်မှု ရှိပေမယ့် တိုက်ပွဲဖြစ်ပွားနေဆဲမို့ နိုင်ငံရေး၊ စီးပွားရေး ပြုပြင်မှုကို ခက်ခဲစေပါတယ်။ အစီရင်ခံစာကို နှစ်ပိုင်းခွဲ တင်ပြထားပါတယ်။ အပိုင်း (၁) မှာ လက်နက်ကိုင် ပဋိပက္ခ အခြေအနေကို သုံးသပ်ပြီး မဖြစ်ပွားတဲ့ဒေသတွေရဲ့ လူမှုစီးပွားရေး အခြေအနေ ကွာခြားပုံနဲ့ နိုင်ငံခြား အကူအညီအကြောင်း တင်ပြထားပါတယ်။ အပိုင်း (၂) မှာ နိုင်ငံခြားကူညီထောက်ပံ့မှုရဲ့ အကျိုးသက်ရောက်ပုံကို ရှင်းပြထားပါတယ်။
ဒါကြောင့် လက်နက်ကိုင်ပဋိပက္ခဒေသအကြောင်း အစီရင်ခံစာကို VOA က နှစ်ပိုင်းခွဲပြီး တင်ပြပါမယ်။ လွတ်လပ်ရေးရစဉ်က စခဲ့တဲ့ ပြည်တွင်းစစ်ဟာ အခုထိ အရှိန်မသေသေးပါဘူး။ မြို့နယ် (၁၀၀) ကျော်က လူဦးရေ (၁၂) သန်းကျော်ဟာ ပြည်တွင်းစစ်ဒဏ်ကို ခံနေရတုန်း ဖြစ်ပါတယ်။ ၂၀၁၅-၁၆ မှာ မြို့နယ် (၆၃) ခုမှာ တိုက်ပွဲ (၁၀၀၀) ကျော် ဖြစ်ပွားခဲ့ပါတယ်။ ရှမ်းနဲ့ကချင်ပြည်နယ်မှာ စစ်ပြေးဒုက္ခသည် တသိန်းနီးပါး ရှိပါတယ်။ သေဆုံးသူ (၆၀၀) နဲ့ ဒဏ်ရာရသူ (၇၀၀) ကျော်ရှိပြီး တဝက်နီးပါးဟာ အရပ်သားတွေ ဖြစ်ပါတယ်။ အစိုးရတပ်မှာ အင်အား နှစ်သိန်းခွဲကနေ သုံးသိန်းအထိ ရှိနိုင်ပြီး၊ အင်အား ငါးထောင်ကျော်တဲ့ တိုင်းရင်းသားတပ်ဖွဲ့က ငါးဖွဲ့ ရှိပါတယ်။ အစိုးရတပ် လက်အောက်ခံ နယ်ခြားစောင့်တပ်ဖွဲ့ (၂၃) ဖွဲ့နဲ့ ပြည်သူ့စစ် (၁၅) ဖွဲ့ကိုတော့ တိုင်းရင်းသားတပ်ဖွဲ့အဖြစ် မသတ်မှတ်ဘူးလို့ ဆိုပါတယ်။
နှစ်ပေါင်းများစွာ စစ်ရေးအရ အဆုံးအဖြတ် ပေးနိုင်ဖို့ ကြိုးပမ်းလာခဲ့တဲ့ အစိုးရတပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အကြား ရေရှည်ငြိမ်းချမ်းရေး လုပ်နိုင်ဖို့ အခက်အခဲ ရှိပါတယ်။ စစ်ရေးမလုပ်ရင် တပြည်လုံး ထိန်းမနိုင်သိမ်းမရ ဖြစ်ကုန်မယ်လို့ စစ်တပ်က ယူဆပါတယ်။ တိုင်းရင်းသား လက်နက်ကိုင်ဘက်ကလည်း အစိုးရတပ်ရဲ့ ဖိနှိပ်မှုနဲ့ လက်ဝါးကြီးအုပ်ချုပ်မှုကို ဆန့်ကျင်တာဟာ မှန်တယ်လို့ ယူဆပါတယ်။ လက်နက်ကိုင်အဖွဲ့တွေဟာ သူတို့ ကြီးစိုးရာဒေသကို ကိုယ်ပိုင်နယ်မြေအဖြစ် သတ်မှတ်ပြီး စင်ပြိုင်အုပ်ချုပ်ရေးစနစ် တည်ထောင်ပါတယ်။ အစိုးရတပ်နဲ့ တိုင်းရင်းသားတပ်ဖွဲ့ဟာ မိမိ ချုပ်ကိုင်ရာဒေသက သဘာဝသယံဇာတကိုလည်း အသုံးပြုပါတယ်။ ကိုယ်ကျိုးစီးပွားကိုသာ အဓိက ထားကြပါတယ်။ အစိုးရက ဖွဲ့ထားတဲ့ နယ်ခြားစောင့်တပ်နဲ့ ပြည်သူ့စစ်ဟာလည်း ကိုယ်ကျိုးစီးပွားကိုသာ အာရုံပြုပါတယ်။
စေ့စပ်ဆွေးနွေးပြီး အပစ်အခတ်ရပ်စဲထားတဲ့ နေရာတွေမှာ ချုပ်ကိုင်တဲ့ နယ်နမိတ် မသတ်မှတ်ဘဲ နားလည်မှုနဲ့ သွားလာလှုပ်ရှားကြပါတယ်။ အရှေ့တောင်ပိုင်းဒေသမှာ တိုင်းရင်းသားလက်နက်ကိုင်ရဲ့ ခွင့်ပြုချက်ရပြီးမှ အစိုးရလုပ်ငန်းကို လုပ်နိုင်တာမျိုး ရှိပါတယ်။ အစိုးရကျောင်းရှိသလို၊ တိုင်းရင်းသားကျောင်းလည်း ရှိပါတယ်။ အစိုးရကို မြေခွန်ဆောင်ရသလို၊ တိုင်းရင်းသားလက်နက်ကိုင်ကိုလည်း ဆက်ကြေးပေးရတာမျိုး တွေ့ရပါတယ်။ နယ်စပ်နဲ့ နီးလေလေ ဗဟိုအစိုးရရဲ့ ထိရောက်မှု အားနည်းလေလေ ဖြစ်ပါတယ်။ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး နဲ့ ဖွံ့ဖြိုးရေးဟာ အပြန်အလှန် အမှီပြုနေတယ်ဆိုပြီး ဖွံ့ဖြိုးရေးလုပ်ငန်းကို နယ်စပ်ရေးရာဝန်ကြီးဌာနက အကောင်အထည် ဖော်ပါတယ်။ လက်နက်ကိုင် ပဋိပက္ခ ဖြစ်ပွားခဲ့တဲ့ဒေသမှာ ဖွံ့ဖြိုးရေးအထူးစီမံကိန်း (၂၄) ခုကို အကောင်အထည်ဖော်ဖို့ ကြိုးပမ်းပါတယ်။
ဒါပေမဲ့ ဖွံ့ဖြိုးရေးအကောင်အထည်ဖော်ရုံနဲ့ ရေရှည်ခံမယ့် ငြိမ်းချမ်းရေး မရနိုင်တာ ထင်ရှားပါတယ်။ စီးပွားရေး အပြောင်းအလဲ ဖြစ်လာတဲ့အတွက် ပြိုင်ဆိုင်မှု၊ တင်းမာမှုတွေ များလာပြီး ပဋိပက္ခ ပိုဖြစ်တာကြောင့် နိုင်ငံရေးအရ ဖြေရှင်းနိုင်စွမ်း မရှိတဲ့ အခြေအနေ ရောက်နေပါတယ်။ ဖွံ့ဖြိုးရေး စီမံကိန်းကြောင့် အစိုးရအနေနဲ့ အပေါ်စီးရတာမျိုး ရှိလာပေမယ့် ပဋိပက္ခကို အဆုံးသတ်ပြီး နယ်စပ်ဒေသ တည်ငြိမ်အောင် မလုပ်နိုင်ဘဲ ဖြစ်နေပါတယ်။ ဖွံ့ဖြိုးရေးလုပ်ငန်း ကန်ထရိုက် ရရှိရေးနဲ့ ကုန်သွယ်ရေးလမ်းကြောင်း ရရှိရေးအတွက် ပဋိပက္ခ ဖြစ်လာပါတယ်။ အစိုးရတပ်ကလည်း ပိုပြီးတော့ စီးပွားရှာလာပါတယ်။
အပစ်အခတ်ရပ်စဲပြီး ဖွံ့ဖြိုးရေးလုပ်နေတုန်း ပဋိပက္ခ ပြန်ဖြစ်တဲ့နေရာတွေ ရှိလာပါတယ်။ အစိုးရတပ် လက်အောက်ခံဖြစ်သွားတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေထဲမှာလည်း ပဋိပက္ခ ရှိလာပါတယ်။ ဒါကြောင့် အပစ်အခတ်ရပ်စဲတာဟာ အညံ့ခံတာနဲ့အတူတူဖြစ်ပြီး ဖွံ့ဖြိုးရေးဆိုတာ ဗဟိုအစိုးရရဲ့ ကိုယ်ကျိုးရှာလုပ်ငန်းသာ ဖြစ်တယ်လို့ တိုင်းရင်းသားလက်နက်ကိုင်တချို့က ယူဆလာကြပါတယ်။ စီးပွားရေး ပူးပေါင်းဆောင်ရွက်ပြီး ငြိမ်းချမ်းရေးရယူမယ့် အစိုးရအစီအစဉ်ကို အယုံအကြည်မရှိတဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေရှိကြောင်း လက်နက်ကိုင် ပဋိပက္ခ ဒေသများ (၁) မှာ ဖော်ပြပါတယ်။ ရှေ့အပတ် အပိုင်း (၂) မှာ နိုင်ငံခြားအကူအညီအကြောင်း တင်ပြသွားပါမယ်။