သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကျွန်းသစ်ခိုးမှု သမိုင်း (၂)


Home of Teak, Burma Forest
Home of Teak, Burma Forest
ကျွန်းသစ်ခိုးမှု သမိုင်း (၂)
please wait

No media source currently available

0:00 0:05:31 0:00
တိုက်ရိုက် လင့်ခ်

သစ်ခိုးထုတ်မှုမှာ ဒေသခံပြည်သူတွေကို အရေးယူလေ့ရှိပြီး အစိုးရခေါင်းဆောင်ပိုင်းအထိ လာဘ်ထိုးနိုင်တဲ့ သူခိုးချုပ်ကြီးတွေကိုတော့ အရေးမယူနိုင်တာကို လန်ဒန်အခြေစိုက် ပတ်ဝန်းကျင်စုံစမ်းရေးအေဂျင်စီ EIA ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ခိုးထုတ်ခံရတဲ့ မြန်မာ့ကျွန်းသစ်တွေ နိုင်ငံစုံရောက်သွားပုံကို (၂) နှစ် စုံစမ်းစစ်ဆေးပြီး ရေးသားခဲ့တဲ့ အစီရင်ခံစာ ဖြစ်ပါတယ်။ သန်းကြွယ်သူဌေးတွေရဲ့ ဇိမ်ခံသင်္ဘော ကုန်းပတ်ကြမ်းခင်းပြင်ဟာ ကျွန်းသားပါ။ ဒါကြောင့် ဗမာစစ်အစိုးရကို ဒဏ်ခတ်အရေးယူတဲ့ နိုင်ငံကြီးတွေမှာလည်း ခိုးထုတ်လာတဲ့ ကျွန်းသစ်ကို ဈေးကောင်းကောင်းပေးပြီး ဝယ်ကြပါတယ်။

၂၀၀၇ ကနေ ၂၀၁၇ အထိ ဆယ်နှစ်အတွင်း ကျွန်းသစ်ဒေါ်လာသန်း (၃၀၀၀) ဖိုး ခိုးထုတ်တယ်လို့ EIA အဖွဲ့က ခန့်မှန်းကြပါတယ်။ မြန်မာ့ထွက်ကုန်ကို ပိတ်ပင်ထားတဲ့ အမေရိကန်ကတောင် ကျွန်းသစ်ဒေါ်လာ (၂၅) သန်းဖိုး ဝယ်ယူတယ်လို့ ဆိုပါတယ်။ သစ်ခိုးမှုနဲ့ ထိုင်းကုမ္ပဏီတွေကို ၁၉၉၃ မှာ နှင်ထုတ်တယ်ဆိုပေမယ့် ဒီအထဲက ခရိုနီကုမ္ပဏီ (၅) ခုဟာ ဒီနေ့အထိ သစ်လုပ်ငန်းမှာ သြဇာရှိနေပါတယ်။ ထိုင်းဆာဝပ် (Thai Sawat) ကုမ္ပဏီဟာ ထိပ်ပိုင်းအထိ ပေါက်ရောက်ပါတယ်။ အစိုးရနဲ့ ကုမ္ပဏီဖက်စပ်လုပ်တဲ့ အကျိုးတူပူးပေါင်းဆောင်ရွက်မှုစနစ်မှာလည်း ကျွန်းသစ်တွေ ခိုးထုတ်ခံရပြန်ပါတယ်။

အကျိုးတူစနစ်မှာ အစိုးရဘက်က စက်ရုံနဲ့ အလုပ်သမားကိစ္စ တာဝန်ယူထားပြီး၊ ကုမ္ပဏီဘက်က သစ်ထုတ်လုပ်ရေးနဲ့ အရည်အသွေးကို တာဝန်ယူထားပါတယ်။ ဒါပေမဲ့ ကျွန်းသစ်ကို သတ်မှတ်ထားတဲ့ဈေးနဲ့ ကုမ္ပဏီက အစိုးရဆီက ဝယ်ယူရပါတယ်။ အကျိုးတူလုပ်ခွင့်ရတဲ့ ကုမ္ပဏီ (၆) ခုမှာ ထိုင်းဆာဝပ်နဲ့ ဘိန်းဘုရင်လောစစ်ဟန်ရဲ့ အေးရှားဝေါလ် (Asia World) ကုမ္ပဏီလည်း ပါဝင်ကြောင်း မြန်မာနိုင်ငံသစ်တောသမိုင်းမှာ ဖော်ပြထားပါတယ်။ ကျွန်းသစ်အကောင်းစားကို အညံ့စားတံဆိပ်ရိုက်ပြီး မလိမ့်တပတ်နဲ့ သစ်ခိုးတဲ့နည်းကို သုံးကြပါတယ်။ ဒီနည်းအရ သစ်အကောင်းစားဟာ ကုမ္ပဏီလက်ထဲရောက်ပြီး အစိုးရဆီမှာ အညံ့စားတွေသာ ကျန်ခဲ့ပါတယ်။ စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်ဟာ သစ်မှောင်ခိုးလုပ်ငန်းမှာ ပါဝင်တဲ့ စစ်ဗိုလ် (၁၂၇) ဦးကို (၁၉၉၄) မှာ ထောင် (၇) နှစ်စီ ချမှတ်လိုက်တဲ့အမှုဟာ လူသိများပါတယ်။

မြန်မာနယ်စပ်က ယူနန်ပြည်နယ်ထဲ သစ်ခိုးသွင်းတာကို လူသိများပါတယ်။ ထရပ်ကားတွေနဲ့ သယ်ယူသလို၊ သစ်တုံးတွေကို မော်တော်ဆိုင်ကယ်နဲ့ သယ်ယူတာမျိုးလည်း ရှိပါတယ်။ ၂၀၁၅ မှာ တရုတ်သစ်ခုတ်သမား (၁၅၅) ယောက် ကချင်ပြည်နယ်မှာ အဖမ်းခံရပါတယ်။ ဒါပေမဲ့ ခေါင်းဆောင်ပိုင်းအထိ ပေါက်ရောက်တဲ့ တရုတ်မှောင်ခိုတွေကို အားနာလို့ အားလုံးကို ပြန်လွှတ်ပေးလိုက်ပါတယ်။ ထိုင်းဆာဝပ်ကုမ္ပဏီက ထိုင်းတရုတ် ချန်ပေကျိ ဆိုသူဟာ လူသိနည်းတဲ့ သစ်သူခိုးဂိုဏ်းချုပ်ကြီး ဖြစ်ပါတယ်။ အကောင်းစားသစ်ကို အညံ့စားတံဆိပ်ရိုက်ပြီး အစိုးရသစ်လုပ်ငန်းဌာနကို မလိမ့်တပတ်လုပ်တဲ့နေရာမှာ ချန်ပေကျိဟာ အစွမ်းထက်ပါတယ်။ ဗမာစစ်ဗိုလ်ကြီးတွေရဲ့ ဟောင်ကောင်နဲ့ စင်္ကာပူဘဏ်စာရင်းထဲကို သစ်ခိုးငွေတွေသွင်းပေးတဲ့ သစ်သူခိုးချုပ်ကြီး ချန်ပေကျိဟာ သြဇာအရှိန်အဝါရှိသူ ဖြစ်ပါတယ်။

မြန်မာအစိုးရခေါင်းဆောင်ပိုင်းရဲ့ သားသမီးတွေ နိုင်ငံခြားမှာ ပညာသင်တဲ့အခါမှာ ချန်ပေကျိ ကပဲ ငွေကြေးထောက်ပံ့ပါတယ်။ စင်္ကာပူအထက်တန်းကျောင်းမှာ စာသင်သူကစပြီး အမေရိကန်နဲ့ ဥရောပတက္ကသိုလ်တွေမှာ ပညာသင်နေတဲ့ မျက်နှာကြီးသားသမီးတွေရဲ့ ပညာသင်စရိတ်ကို ချန်ပေကျိ က ထုတ်ပေးပါတယ်။ ဒီနည်းလမ်းနဲ့ စစ်အုပ်စုရဲ့ နောင်လာနောင်သားတွေကို ချန်ပေကျိ က ဝယ်ထားတာလို့ EIA အစီရင်ခံစာမှာ သုံးသပ်ထားပါတယ်။ ဒါပေမဲ့ ၂၀၁၈ မှာ ချန်ပေကျိ ကွယ်လွန်သွားတဲ့အတွက် ပညာသင်ကြေး ထောက်ပံ့လာဘ်ထိုးတာကို ခန့်မှန်းရခက်နေပါတယ်။ ချန်ပေကျိနေရာကို သူ့ရဲ့လူယုံတော် ဟန်ဇော်လင်းက ဆက်ခံတယ်လို့ ဆိုပါတယ်။ ကျွန်းသစ်အများဆုံး ခိုးထုတ်သူဟာ တရုတ်ကုန်သည်များဖြစ်ပြီး အမေရိကန်နဲ့ ဥရောပမှာလည်း ခိုးထုတ်ကျွန်းတွေအတွက် ဈေးကွက်ရှိပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်တွေ ချုပ်ကိုင်ထားတဲ့ နယ်စပ်ဒေသတွေမှာ သစ်ခိုးဂိုဏ်းတွေ စီးပွားရှာလေ့ ရှိပါတယ်။ နယ်စပ်မှာ ကျွန်းတုံးလေးတွေဖြတ်ပြီး မော်တော်ဆိုင်ကယ်အစီး (၃၀၀) နဲ့ ယူနန်ပြည်နယ်ထဲကို သစ်ခိုးပို့တဲ့ တရုတ်မှောင်ခိုဂိုဏ်းလည်း ရှိပါတယ်။ မော်တော်ဆိုင်ကယ်တစီးဟာ တနေ့ ကျွန်းတုံး (၂) တန် သယ်ယူပို့ဆောင်နိုင်ပါတယ်။ တရုတ်ပြည်မှာ ကြမ်းခင်းပျဉ် လိုအပ်တာရယ်၊ အနောက်တိုင်းမှာ သင်္ဘောကုန်းပတ်ကြမ်းခင်းပျဉ် လိုအပ်တာရယ်ကြောင့် ကျွန်းသစ်ခိုးထုတ်မှု ဆက်လက်ရှင်သန်နေပါတယ်။ ကျွန်းသစ်အလွန်အကျွံ ထုတ်ယူမှုနဲ့ ခိုးထုတ်မှုစတာတွေရှိလို့ သစ်တောထိန်းသိမ်းဖို့ ခက်ပါတယ်။

ကျွန်းပင်ကို သင်းသတ်ပြီး ခြောက်သွားမှာ ခုတ်လဲှထုတ်လုပ်ခဲ့တာ မြန်မာမင်းများလက်ထက်ကတည်းက ဖြစ်ပါတယ်။ စစ်အစိုးရတက်လာတော့ ခြောက်တဲ့အထိ မစောင့်နိုင်တော့ပါဘူး။ ဒီအချိန်မှာ သစ်ပါးလွှာထုတ်လုပ်တဲ့ နိုင်ငံခြားကုမ္ပဏီတွေက ကျွန်းစိုကို လိုချင်ကြပါတယ်။ သစ်ပါးလွှာထုတ်လုပ်ရာမှာ ကျွန်းလုံးလတ်ဆတ်ပြီး စိုနေဖို့ လိုတာမို့ ကျွန်းစိုကိုရော ကျွန်းခြောက်ကိုပါ အလွန်အကျွံ ထုတ်ယူလာကြပါတယ်။ ခိုးထုတ်တဲ့ကျွန်းသစ်ကို မဝယ်ဖို့ စည်းကမ်းသတ်မှတ်တာတွေဟာ လက်တွေ့အကောင်အထည် ဖော်လို့မရတာ များပါတယ်။ ခိုးထုတ်သူရှိနေသရွေ့ ဝယ်သူလည်း ရှိနေမှာဖြစ်လို့ ခိုးမထုတ်နိုင်အောင် လုပ်တာဟာ အကောင်းဆုံးနည်းလမ်း ဖြစ်လိမ့်မယ်လို့ ယူဆရပါတယ်။

==Unicode==








XS
SM
MD
LG