တိုင်းပြည်စီးပွားရေး ပြောင်းလဲလာတာနဲ့အတူ ကျေးလက်လူနေမှု အခြေအနေလည်း ပြောင်းလဲလာတတ်ပါတယ်။ ကျေးလက်ဒေသမှာ စိုက်ပျိုးလယ်ယာကို မှီခိုသူဦးရေ လျှော့နည်းလာတာဟာ ရိက္ခာနဲ့ အဟာရ ဖူလုံမှုကို အားနည်းစေတယ်လို့ သိရပါတယ်။ ဒါကြောင့် မြန်မာ့ကျေးလက်လူနေမှု အခြေအနေကို သိနိုင်အောင် လေ့လာနိုင်ဖို့ Sydney နဲ့ Western Australia တက္ကသိုလ်က သုတေသီတွေကို Australia သုတေသနကောင်စီက ရန်ပုံငွေ ထုတ်ပေးပါတယ်။ ဒီ သုတေသီတွေဟာ ရန်ကုန် နဲ့ မကွေးတက္ကသိုလ် ကျန်းမာရေးဌာနက သုတေသီတွေနဲ့ ပူးပေါင်းပြီး ကျေးလက်လူနေမှု အခြေအနေကို စစ်တမ်းကောက်ယူပါတယ်။
ဒါပေမဲ့ တတိုင်းပြည်လုံးကို စစ်တမ်းကောက်ယူဖို့ မဖြစ်နိုင်တဲ့အတွက် အပူပိုင်းဇုန်ဖြစ်တဲ့ မကွေးတိုင်း၊ မြေသြဇာကောင်းတဲ့ ဧရာဝတီတိုင်း နဲ့ တောင်ပေါ်ဒေသ ချင်းပြည်နယ်တို့မှာ သုတေသန လုပ်ပါတယ်။ မကွေးတိုင်းမှာ ရေစကြို နဲ့ ပခုက္ကူ၊ ဧရာဝတီတိုင်းမှာ ကျိုက်လတ် နဲ့ မအူပင်၊ ချင်းပြည်နယ်မှာ မင်းတပ် နဲ့ ကန်ပက်လက် စတဲ့မြို့တွေမှာ စာရင်းကောက်ယူပါတယ်။ မြို့နယ်တနယ်မှာ ရွာ (၂၀)၊ တရွာမှာ အိမ်ထောင်စု (၃၀) ကို စာရင်းကောက်တာမို့ ကျေးလက်အိမ်ထောင်စု (၃၆၀၀) ကို စာရင်းကောက်ယူပြီး တင်ပြထားတာ ဖြစ်ပါတယ်။ ဘွဲ့ရသူတွေကို လေ့ကျင့်သင်တန်းပေးပြီး စာရင်းကောက်ခိုင်းပါတယ်။
လူနေမှုအခြေအနေနဲ့ ပတ်သက်ပြီး ဦးသိန်းစိန်အစိုးရလက်ထက်မှာ စစ်တမ်း (၅) စောင်လောက် အဖွဲ့အစည်းအမျိုးမျိုး ထုတ်ဖူးပါတယ်။ ဒါပေမဲ့ Australia စစ်တမ်းရဲ့ ထူးခြားချက်က မြို့နယ်အဆင့်ကို အသေအချာ လေ့လာတာ ဖြစ်တယ်လို့ ဆိုပါတယ်။ ကျေးရွာ (၁၂၀) က အိမ်ထောင်စု (၃) ထောင်ကျော်၊ လူဦးရေ (၁) သောင်း (၅) ထောင်ကျော်ကို တွေ့ဆုံမေးမြန်းပြီး စာရင်းကောက်ယူတာ ဖြစ်ပါတယ်။ ချင်းပြည်နယ် အိမ်ထောင်စုမှာ မိသားစုဝင် (၅) ဦးရှိပြီး၊ မကွေးနဲ့ ဧရာဝတီမှာ (၄) ယောက် ရှိပါတယ်။ ဒါကလဲ ချင်းမိသားစုမှာ ကလေးဦးရေ ပိုများနေလို့ ဖြစ်ပါတယ်။ အိမ်သုံးပစ္စည်း မရှိကြသူက များပါတယ်။ မကွေးတိုင်းမှာသာ စားပွဲ၊ အိပ်ရာ ရှိသူများပြီး၊ တီဗီ ရှိသူက (၄၀) ရာခိုင်နှုန်းသာ ရှိပါတယ်။ ချင်းပြည်နယ်မှာတော့ (၁၀) ရာခိုင်နှုန်းလောက်သာ တီဗီ ရှိကြပါတယ်။ ဘက်ထရီ နဲ့ နေရောင်ခြည်ကို အားကိုးအသုံးများပါတယ်။
မကွေးနဲ့ ဧရာဝတီတိုင်းဟာ နွေရာသီမှာ အတော်ပူပေမယ့် ပန်ကာနဲ့ လေအေးစက်သုံးသူ အလွန်နည်းနေတာ တွေ့ရပါတယ်။ ဒီလို လျှပ်စစ်ပစ္စည်း သုံးနိုင်တဲ့ အခြေအနေမရှိတာ သိသာပါတယ်။ ချင်းပြည်နယ်မှာ လျှပ်စစ်ဓါတ်အား မသုံးနိုင်သူက အများစု ဖြစ်ပါတယ်။ ဒါပေမဲ ဧရာဝတီတိုင်းမှာလည်း ကျေးရွာ (၁) ရာခိုင်နှုန်းကျော်ကျော်ကသာ အစိုးရပေးတဲ့ လျှပ်စစ်ဓါတ်အားကို သုံးနိုင်ပါတယ်။ အများစုဟာ ပုဂ္ဂလိက (သို့မဟုတ်) ဒေသခံ စီမံကိန်းကိုသာ အားကိုကြပါတယ်။ လက်ကိုင်ဖုန်းသုံးသူ မကွေးတိုင်းမှာ (၈၀) ရာခိုင်နှုန်း၊ ဧရာဝတီတိုင်းမှာ (၇၀) ရာခိုင်နှုန်းရှိပြီး၊ ချင်းပြည်နယ်မှာ (၄၀) ရာခိုင်နှုန်း ရှိပါတယ်။ ရာသီဥတုလိုက်ပြီး နေအိမ်ပုံစံတွေလည်း ကွဲပြားသွားပါတယ်။ ချင်းပြည်နယ်မှာ သစ်သားထရံနဲ့ သွပ်မိုးအိမ် ခေတ်စားပြီး၊ မကွေးတိုင်းမှာ အများစုက ဝါးထရံနဲ့ သွပ်မိုး၊ ဧရာဝတီတိုင်းမှာလည်း ပုံစံအမျိုးမျိုး ရှိပါတယ်။
ချင်းပြည်နယ်နဲ့ မကွေးတိုင်းမှာ မော်တော်ဆိုင်ကယ်သုံးသူ (၃၀) ရာခိုင်နှုန်း ရှိပါတယ်။ ဒါပေမဲ့ မင်းတပ်နဲ့ ကန်ပက်လက်မှာ စက်ဘီး စီးသူမရှိဘဲ၊ ပခုက္ကူနဲ့ ရေစကြိုမှာတော့ (၁၀) ရာခိုင်နှုန်းလောက် စက်ဘီး စီးကြပါတယ်။ ကျိုက်လတ်နဲ့ မအူပင်မှာ စက်ဘီးရှိတဲ့ အိမ်ထောင်စု အတော်များပါတယ်။ စာရင်းကောက်တဲ့ရွာတွေမှာ မော်တော်ကားပိုင်တဲ့ အိမ်ထောင်စုဟာ မရှိသလောက်ပါ။ ရေကိုအမျိုးမျိုး သွယ်ယူကြပေမယ့် မင်းတပ်နဲ့ ကန်ပက်လက်မှာ ကြိုချက်သောက်သူ (၉၀) ရာခိုင်နှုန်းရှိပြီး၊ မကွေးနဲ့ ဧရာဝတီမှာတော့ (၁၀) ရာခိုင်နှုန်းလောက်သာ ရှိပါတယ်။ ရေကို အဝတ်နဲ့စစ်ပြီး သောက်သူက (၈၀) ရာခိုင်နှုန်းလောက် ရှိပါတယ်။ ရေကို အဝတ်နဲ့စစ်ယူတဲ့နည်းဟာ ရောဂါပိုးမွှားကို မကာကွယ်နိုင်ပါဘူး။
သန့်ရှင်းရေးဘက်မှာ ချို့ယွင်းနေတာတွေကိုလည်း ဖော်ပြပါတယ်။ ရေလောင်းအိမ်သာသုံးတဲ့ အိမ်ထောင်စုဦးရေဟာ ကျေးရွာကိုလိုက်ပြီး ကွဲပြားသွားပါတယ်။ ပခုက္ကူက ကျေးရွာတွေမှာ ရေလောင်းအိမ်သာသုံးသူ (၉၀) ရာခိုင်နှုန်း ရှိသလို၊ (၁၀) ရာခိုင်နှုန်းသာသုံးတဲ့ ရွာတွေလည်း ရှိပါတယ်။ မကွေးနဲ့ ချင်းပြည်နယ်မှာ တွင်းအိမ်သာကိုသာ အသုံးများကြပါတယ်။ ဒါပေမဲ့ လူဦးရေ (၁၀) ရာခိုင်နှုန်းဟာ လဟာပြင်ကို အိမ်သာလုပ်တုန်းပါ။ ပေါက်တူး၊ ဂေါ်ပြား၊ တံစဉ်၊ ထွန်ထယ်စတဲ့ ကိရိယာတွေအပြင် အခြားကုန်ထုတ်ကိရိယာတွေ အလွန်ရှားပါးပါတယ်။ ဒါပေမဲ့ ဧရာဝတီတိုင်းမှာ စက်မှုလယ်ယာ ရှိပါတယ်။
ဦးသိန်းစိန်လက်ထက်က ဧရာဝတီတိုင်းမှာ လယ်ထွန်းစက်သုံးသူ (၃) ဆလောက် တိုးပွားလာပါတယ်။ ဒါကြောင့် ကျေးလက်ကနေ မြို့တက်ပြီး အလုပ်လုပ်သူ များပြားလာပါတယ်။ ကျိုက်လတ်နဲ့ မအူပင်မှာ (၇) ဧကလောက် စိုက်ပျိုးသူတွေရှိပြီး၊ မကွေးမှာ (၅) ဧက၊ ချင်းပြည်နယ်မှာ (၃) ဧကလောက် စိုက်ပျိုးကြပါတယ်။ ဇာတိမြေက ထွက်ခွါပြီး စီးပွားရှာသူ ဦးရေလည်း တိုးပွားလာပါတယ်။ ဒါကြောင့် ချမ်းသာတဲ့ လယ်သမားလောက်သာ ဇာတိမြေမှာ ကျန်ရှိနေပါတယ်။ မြေယာမရှိတဲ့ မိသားစုတွေဟာ ရိက္ခာအတွက် အမြဲတမ်း ပူပန်နေရပါတယ်။ မြန်မာ့ကျေးလက်ဘဝမှာ အပြောင်းအလဲ ဖြစ်နေတာကို ထပ်မံလေ့လာ ဆန်းစစ်ဖို့လိုကြောင်း Australia သုတေသီစစ်တမ်းမှာ ဖော်ပြထားပါတယ်။