သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြည်သူ့နိုင်ငံရေးမျှော်မှန်းချက်


People participate in a protest of amendments to the 2008 Myanmar Constitution
People participate in a protest of amendments to the 2008 Myanmar Constitution
တိုက်ရိုက် လင့်ခ်

ပြည်သူတွေ နိုင်ငံရေးမှာ ဘယ်လောက်စိတ်ဝင်စားသလဲ။ လွှတ်တော်နဲ့ အစိုးရအဖွဲ့ကို ဘယ်လိုမြင်သလဲ။ နိုင်ငံရေးပါတီတွေကို ဘယ်လိုသဘောထားသလဲ စသဖြင့် ပြည်သူ့သဘောထားကို ခန့်မှန်းနိုင်ဖို့အတွက် ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှုအဖွဲ့က လွန်ခဲ့တဲ့ ဇူလိုင်လက စစ်တမ်းထုတ်ပြန်လိုက်ပါတယ်။ ‘ပြည်သူ့နိုင်ငံရေးမျှော်မှန်းချက်’ ဆိုတဲ့ စာမျက်နှာ (၁၈၀) ကျော် စစ်တမ်း ဖြစ်ပါတယ်။ မြို့နယ် (၂၃၃) ခုနဲ့ ရပ်ကွက်ကျေးရွာ (၅၁၁) ခု ကောက်ယူတဲ့စစ်တမ်း ဖြစ်ပါတယ်။ ဒါပေမဲ့ ရန်ကုန်မြို့တော်မှာ မေးမြန်းတာကပိုပြီး မြို့နယ် (၄၀) ကျော်မှာတော့ လုံခြုံရေးကြောင့် မေးမြန်းနိုင်ခြင်း မရှိဘူးလို့ ဆိုပါတယ်။

ဝနဲ့မိုင်းလားနယ်မြေဖြစ်တဲ့ မိုင်းမော၊ ပန်ဆန်း (ပန်ခမ်း)၊ ပန်ဝိုင်၊ နာဖန်းနဲ့ မိုင်းလားမြို့နယ်တွေမှာ စစ်တမ်းမကောက်နိုင်တာများပါတယ်။ ၂၀၂၀ နောက်ပိုင်းမှာ ကျင်းပမယ်လို့ မျှော်လင့်ရတဲ့ ရွေးကောက်ပွဲအတွက် အရေးကြီးတဲ့စစ်တမ်း ဖြစ်ပါတယ်။ ၂၀၁၆ မှာ စစ်တမ်းကောက်တုန်းက မေးမြန်းခံရသူတွေထဲမှာ နိုင်ငံရေးစိတ်ဝင်စားသူ တဝက်ကျော် (၆၀) ရာခိုင်နှုန်း ရှိခဲ့ပေမယ့် ၂၀၁၉ ရောက်တော့ စိတ်ဝင်စားသူ နည်းသွားတာတယ် (၃၀) ရာခိုင်နှုန်းလို့ ဆိုပါတယ်။ နိုင်ငံရေးကို စိတ်ဝင်စားကြပေမယ့် ဆန္ဒပြပွဲနဲ့ ကန့်ကွက်ပွဲတွေမှာ ပါဝင်ဖူးသူဦးရေဟာ (၆) ရာခိုင်နှုန်း အလွန်နည်းပါတယ်။

နိုင်ငံရေးကို စိတ်ဝင်စားသူများပေမယ့် ဆန္ဒပြပွဲနဲ့ လူထုစုဝေးပွဲတွေကို ရှောင်လာတဲ့သဘော ဖြစ်ပါတယ်။ ပြည်သူအချင်းချင်း ယုံကြည်မှုနည်းပါးနေသေးလို့ လက်တွေ့နိုင်ငံရေး လှုပ်ရှားမှုမှာ ပါဝင်မှုလျှော့နည်းနေတာလို့လည်း ယူဆနိုင်ပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲပြီးလို့ ၂၀၁၆ မှာ စစ်တမ်းကောက်ယူတော့ ပြည်သူအချင်းချင်း ယုံကြည်မှုရှိတယ်လို့ ပြောသူ (၄၀) ရာခိုင်နှုန်းနီးပါးရှိပြီး ၂၀၁၉ ရောက်တော့ (၂၅) ရာခိုင်နှုန်းသာ ပြည်သူအချင်းချင်း ယုံကြည်မှုရှိတယ်လို့ ဆိုပါတယ်။ အစိုးရဌာနတွေ၊ အာဏာပိုင်တွေနဲ့ အခြားအဖွဲ့အစည်းတွေကို ပြည်သူလူထုက ဘယ်လောက်ယုံကြည်သလဲဆိုတာကိုလည်း စစ်တမ်းယူထားပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်စုဟာ (၇၀) ရာခိုင်နှုန်းနဲ့ ယုံကြည်မှုအရဆုံး ဖြစ်နေပါတယ်။ ဒေါ်စုကို မယုံသူက (၁၀) ရာခိုင်နှုန်းသာ ရှိပါတယ်။ ပြည်နယ်မှာ (၃၀) ရာခိုင်နှုန်းကသာ ဒေါ်စုကို ယုံကြည်ကြပါတယ်။

ပြည်သူယုံကြည်မှု ဒုတိယအများဆုံးရသူဟာ သမ္မတ ဖြစ်ပါတယ်။ ပြည်နယ်တွေမှာတော့ သမ္မတကို ဒေါ်စုထက်ပိုပြီး ယုံကြည်နေပုံ ရပါတယ်။ ပြည်နယ်မှာ သမ္မတကို ယုံကြည်သူ (၃၃) ရာခိုင်နှုန်း ရှိပါတယ်။ တပ်မတော်ကို ယုံကြည်သူက (၄၀) ရာခိုင်နှုန်းကျော်ပြီး၊ မယုံကြည်သူက (၂၀) ရာခိုင်နှုန်းကျော် ရှိပါတယ်။ ဒါပေမဲ့ ပြည်နယ်တွေမှာတော့ တပ်မတော်ကို ယုံကြည်သူ မရှိပါဘူး။ ရဲတပ်ဖွဲ့ကိုလည်း ယုံကြည်သူကင်းမဲ့နေပါတယ်။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းကို ယုံကြည်သူ တပြည်လုံးမှာနည်းနေပြီး (၂၀)% မယုံကြည်သူကများ (၃၅)% ပါတယ်။ ဒါပေမဲ့ ပြည်နယ်တွေမှာ တိုင်းရင်းသားလက်နက်ကိုင်ကို ယုံကြည်သူ အလွန်နည်းပါး (၃)% နေတာဟာ ထူးခြားတယ်လို့ ဆိုနိုင်ပါတယ်။

တရားရုံးတွေကို မယုံကြည်သူဦးရေဟာ ယုံကြည်သူထက် ပိုများနေပါတယ်။ သတင်းမီဒိယာမှာတော့ နိုင်ငံပိုင်ကို ပုဂ္ဂလိကပိုင်ထက်ပိုပြီး ယုံကြည်နေတာ တွေ့ရပါတယ်။ အစိုးရသတင်းမီဒီယာမှာ ဝါဒဖြန့်မှုနည်းပါးလာလို့ ပြည်သူ့ယုံကြည်မှု ပိုမိုရရှိတာလည်း ဖြစ်နိုင်ပါတယ်။ ပုဂ္ဂလိကသတင်းမီဒီယာမှာ ထုတ်ဝေသူတွေများပြီး အရည်အသွေး ရှားပါးတာကြောင့် ‘ငါးသိုင်းများဟင်းဟုံ’ ဆိုသလို လိုတာထက် ပိုနေတာလည်း ဖြစ်နိုင်ပါတယ်။ ဘာသာရေးခေါင်းဆောင်၊ အရပ်သားအသင်းအဖွဲ့၊ နိုင်ငံရေးပါတီ၊ ပြည်ထောင်စုလွှတ်တော်၊ ရွေးကောက်ပွဲကော်မရှင်၊ ကုလသမဂ္ဂ စတာတွေမှာလည်း ပြည်သူ့ယုံကြည်မှု ကျဆင်းလာပါတယ်။ ဥပမာ ဘာသာရေးခေါင်းဆောင်တွေကို ၂၀၁၆ မှာ ယုံကြည်သူ (၈၀) ရာခိုင်နှုန်းရှိရာကနေ ၂၀၁၉ မှာ (၄၈) ရာခိုင်နှုန်း နည်းပါးသွားပါတယ်။ ဗုဒ္ဓဘာသာဝင်တွေထဲမှာ ဘာသာရေးခေါင်းဆောင်ကို ယုံကြည်သူများပြီး (၄၆) ရာခိုင်နှုန်း၊ မယုံကြည်သူက (၁၆) ရာခိုင်နှုန်း ရှိပါတယ်။

ပြည်ရေးရွာရေး ဆောင်ရွက်တဲ့လမ်းကြောင်း မှန်မမှန် မေးမြန်းတဲ့အခါမှာ အများစုက (၃၇) ရာခိုင်နှုန်း လမ်းမှန်ဖြစ်ကြောင်း ဖြေကြားပြီး၊ လမ်းမှားလိုက်နေတယ်လို့ ဖြေသူက (၈) ရာခိုင်နှုန်း ရှိပါတယ်။ မှန်လားမှားလား မသိသူက (၅၀) ရာခိုင်နှုန်း ရှိပါတယ်။ အစိုးရသက်တမ်း နုသေးတာကြောင့် ဝေဖန်ဖို့ စောသေးတယ်လို့ ယူဆတာလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ လမ်းမှန်သွားနေတယ်လို့ မြင်သူဦးရေ သိသိသာသာ ကျဆင်းသွားတာ တွေ့ရပါတယ်။ ၂၀၁၄ မှာ လမ်းမှန်သွားနေတယ်လို့ ယုံကြည်သူ (၈၀) ရာခိုင်နှုန်း ရှိခဲ့ပေမယ့် အခုတော့ ယုံကြည်သူဦးရေ အဲဒီတဝက် (၄၀) ရာခိုင်နှုန်းတောင် မရှိတော့ပါဘူး။

အခြေခံအဆောက်အအုံနဲ့ ဝန်ဆောင်မှုကဏ္ဍတို့ကို မကျေနပ်သူ အများဆုံး (၄၀) ရာခိုင်နှုန်းဖြစ်ပြီး စီမံခန့်ခွဲမှုနဲ့ အုပ်ချုပ်ရေးကဏ္ဍကို မကျေနပ်သူက ဒုတိယအများဆုံး (၃၀) ရာခိုင်နှုန်း ဖြစ်ပါတယ်။ စီးပွားရေးအခြေအနေကို မကျေနပ်သူက တတိယအများဆုံး (၁၇) ရာခိုင်နှုန်း ဖြစ်ပါတယ်။ ပြည်တွင်းပဋိပက္ခ မဖြေရှင်းနိုင်မှု၊ အခြေခံဥပဒေ မပြင်ဆင်နိုင်မှု၊ လူ့အခွင့်အရေးဆုံးရှုံးမှု စတာတွေကို မကျေနပ်သူက ဆယ်ရာခိုင်နှုန်းအောက်မှာမို့ အလွန်နည်းပါးကြောင်း ‘ပြည်သူ့နိုင်ငံရေးမျှော်မှန်းချက်’ မှာ ဖော်ပြပါတယ်။ ရှေ အပတ်မှာ ပြည်ထောင်စုလွှတ်တော်နဲ့ ပတ်သက်တဲ့ ပြည်သူ့သဘောထားကို တင်ပြထားပါတယ်။

XS
SM
MD
LG