မြန်မာ့လူနေ့မှုဘဝကို ဘက်ပေါင်းစုံလေ့လာသုံးသပ်ပြီး အခြေခံလိုအပ်ချက် ချို့တဲ့နေသူတွေ ဘယ်လောက်ရှိတယ်ဆိုတာကို ခန့်မှန်းထားတဲ့ (၉၄) စာမျက်နှာ စစ်တမ်း လွန်ခဲ့တဲ့ ဒီဇင်ဘာလက ထွက်လာပါတယ်။ ကမ္ဘာ့ဘဏ်အုပ်စုနဲ့ မြန်မာအစိုးရ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဦးစီးဌာန ပူးတွဲရေးသားထားတဲ့ စစ်တမ်း ဖြစ်ပါတယ်။ အဲဒီမတိုင်မီကလည်း ကမ္ဘာ့ဘဏ်အုပ်စုက မြန်မာအစိုးရ ဗဟိုစာရင်းအင်အားနဲ့ ပူးတွဲပြီး မြန်မာ့လူနေမှုဘဝအကြောင်း ရေးဖူးပါတယ်။ ဒီတခါတော့ ဘဝရဲ့ အခြေခံလိုအပ်ချက်တွေကို ပြည်သူတွေ ဖြည့်ဆည်းနိုင်ခြင်း ရှိမရှိ အကဲဖြတ်ထားပါတယ်။
ကျန်းမာရေး၊ အိမ်ယာ၊ အလုပ်အကိုင်၊ ပညာရေး၊ အိမ်သုံးပစ္စည်း၊ ရေနဲ့မိလ္လာစတဲ့ အခြေခံ လိုအပ်ချက် (၆) မျိုးကို ဖြည့်ဆည်းနိုင်သလား။ (သို့မဟုတ်) ချို့တဲ့နေသလားဆိုတာကို ဆန်းစစ်ထားပါတယ်။ ယာယီအမိုးအကာလုပ်ပြီး နေထိုင်မှု၊ အလင်းရောင်ရဖို့၊ ဖရောင်းတိုင် (သို့မဟုတ်) ရေနံဆီ သုံးစွဲမှုစတာမျိုးကို ချို့တဲ့မှုအဖြစ် သတ်မှတ်ထားပါတယ်။ အိမ်ယာချို့တဲ့မှုကို အများဆုံးတွေ့ရပါတယ်။ တိုင်းပြည်လူဦးရေတဝက်လောက်မှာ အိမ်ယာချို့တဲ့နေပါတယ်။ အိမ်အသုံးအဆောင်ပစ္စည်းနဲ့ ရေမိလ္လာ၊ မီးရောင် ရရှိမှုဟာ ဒုတိယအများဆုံး ချို့တဲ့မှု ဖြစ်ပါတယ်။
သောက်ရေကို မြစ်၊ ချောင်း၊ အင်း၊ အိုင်နဲ့တွင်းက အလွယ်တကူ ရယူတာဟာ ရေချို့တဲ့မှုဖြစ်ပြီး၊ အိမ်သာမရှိမှု၊ ခွက်အိမ်သာနဲ့ တွင်းအိမ်သာသုံးမှုကို မိလ္လာချို့တဲ့မှုလို့ သတ်မှတ်ပါတယ်။ မြန်မာလူဦးရေ (၄၀) ရာခိုင်နှုန်း သောက်နေတဲ့ရေဟာ ကျန်းမာရေးနဲ့ မညီညွှတ်ဘူးလို့ ဆိုပါတယ်။ ကျေးလက်မှာ သုံးဆလောက် ပိုဆိုးပါတယ်။ အလုပ်လုပ်ရမယ့်အရွယ်မှာ အလုပ်မရှိတာဟာ ချို့တဲ့မှု ဖြစ်ပါတယ်။ မိသားစုထဲမှာ အရွယ်ရောက်သူတဝက်လောက်ဟာ လုပ်ခအနည်းအကျဉ်းသာရတဲ့ ယာယီကျပန်း အလုပ်ကလွဲပြီး အခြားလုပ်စရာမရှိတာဟာလည်း အလုပ်အကိုင် ချို့တဲ့မှု ဖြစ်ပါတယ်။ ဆယ်နှစ်ကျော်တဲ့ မိသားစုဝင် တဝက်လောက်ဟာ စာမတတ်ဘူးဆိုရင် ပညာရေးချို့တဲ့မှုလို့ သတ်မှတ်ပါတယ်။ စာမတတ်သူဦးရေ (၉) ရာခိုင်နှုန်းရှိပြီး မူလတန်းပညာရေး ချို့တဲ့သူဟာ (၁၄) ရာခိုင်နှုန်း ရှိပါတယ်။ ကိုယ်အင်္ဂါမသန်းစွမ်းမှုနဲ့ ကလေးအသေအပျောက်ကိုကြည့်ပြီး ကျန်းမာရေးချို့တဲ့မှုကို တိုင်းတာပါတယ်။
တိုင်းပြည်လူဦးရေရဲ့ (၅) ရာခိုင်နှုန်းမှာ ကိုယ်လက်အင်္ဂါမသန်စွမ်းမှုရှိပြီး ကလေးအသေအပျောက်နှုန်းကတော့ (၇) ရာခိုင်နှုန်း ရှိတယ်လို့ ဆိုပါတယ်။ ကျေးလက်ဒေသမှာ ကျန်းမာရေးချို့တဲ့မှု ပိုမိုများပြားပါတယ်။ ဆက်သွယ်ရေးကိရိယာတွေဖြစ်တဲ့ ရေဒီယို၊ ရုပ်မြင်သံကြား၊ တယ်လီဖုန်း၊ ကွန်ပြူတာ စတာတွေနဲ့ သွားလာရေးအတွက် စက်ဘီး၊ မော်တော်ကား၊ လှည်း၊ လှေ စတာတွေ မရှိတာကို အိမ်သုံးပစ္စည်း ချို့တဲ့မှုအဖြစ် သတ်မှတ်ပါတယ်။ တိုင်းပြည်လူဦးရေ (၄၂) ရာခိုင်နှုန်းဟာ အိမ်သုံးပစ္စည်း ချို့တဲ့မှု ခံစားနေရတယ်လို့ ဆိုပါတယ်။ ပြည်သူလူထုအများစုဟာ ချို့တဲ့နေကြပြီး လူနည်းစုကသာ ချို့တဲ့မှု ကင်းရှင်းနေပါတယ်။ လူဦးရေ (၈၄) ရာခိုင်နှုန်း ချို့တဲ့မှုတခုခုကို ခံစားနေရပြီး (၁၆) ရာခိုင်နှုန်းမှာ ချို့တဲ့မှု မရှိပါဘူး။
လူဦးရေ (၈၄) ရာခိုင်နှုန်းမှာ (၁) ရာခိုင်နှုန်းကျော်ကျော်ဟာ ချို့တဲ့မှု (၆) မျိုးစလုံး ခံစားနေရပါတယ်။ ချို့တဲ့မှု (၁) မျိုးထက်ပိုသူက (၆၀) ရာခိုင်နှုန်း၊ ချို့တဲ့မှု (၂) မျိုးထက်ပိုသူက (၄၀) ရာခိုင်နှုန်း ရှိတယ်လို့ ဆိုပါတယ်။ ချို့တဲ့မှုမျိုးစုံ ခံစားရတဲ့ အတိုင်းအတာပမာဏဟာ ကျေးလက်နဲ့မြို့ပြအကြား အလွန်ကွဲပြားခြားနားပါတယ်။ ကျေးလက်လူဦးရေဟာ ချို့တဲ့မှုမျိုးစုံကို ကြုံတွေ့နေရပါတယ်။ ချို့တဲ့မှု (၃) မျိုးထက် မနည်းခံစားနေရသူဦးရေဟာ ကျေးလက်မှာ (၆၀) ရာခိုင်နှုန်း မြို့ပြမှာ (၂၀) ရာခိုင်နှုန်း ရှိပါတယ်။ တိုင်းဒေသကြီးနဲ့ ပြည်နယ်အကြားမှာလည်း ချို့တဲ့မှု ပမာဏ သိသိသာသာ ကွာခြားပါတယ်။ ချို့တဲ့မှု (၅) မျိုးထက်ပိုပြီး ကြုံတွေ့နေရတဲ့ လူဦးရေကိုကြည့်ရင် ရခိုင်ပြည်နယ်မှာ (၆၀) ရာခိုင်နှုန်း၊ ကရင်ပြည်နယ် (၃၆) ရာခိုင်နှုန်း၊ ရန်ကုန်တိုင်းမှာ (၁၀) ရာခိုင်နှုန်း ရှိနေတာကို တွေ့ရပါတယ်။
ချို့တဲ့မှုနှုန်းအများဆုံးဟာ ရခိုင်ပြည်နယ်ဖြစ်ပြီး၊ အနည်းဆုံးဟာ ရန်ကိုင်တိုင်း ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်အောက်မှာတော့ ဧရာဝတီတိုင်း၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်း၊ ချင်းပြည်နယ်နဲ့ ရှမ်းပြည်နယ် ရှိပါတယ်။ သူတို့ထက် ချို့တဲ့မှုနည်းသူတွေကတော့ ပဲခူးတိုင်း၊ မွန်ပြည်နယ်၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ကယားပြည်နယ်၊ နေပြည်တော်၊ ကချင်ပြည်နယ်၊ မန္တလေးတိုင်းနဲ့ ရန်ကိုင်တိုင်းတို့ ဖြစ်ကြပါတယ်။ လက်နက်ကိုင် တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ ကချင်ပြည်နယ်ဟာ ချို့တဲ့မှု တတိယအနည်းဆုံး ဖြစ်ပါတယ်။
ရှမ်းပြည်နယ်မှာ ရေမိလ္လာနဲ့ ပညာရေး ချို့တဲ့မှုက (၅၀) ရာခိုင်နှုန်း ရှိပါတယ်။ ချင်းပြည်နယ်မှာ အိမ်သုံးပစ္စည်း ချို့တဲ့မှုဟာ အများဆုံး ဖြစ်ပြီး၊ ရခိုင်ပြည်နယ်မှာတော့ အိမ်ယာချို့တဲ့မှုဟာ အများဆုံး ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်နဲ့ ဆက်စပ်နေတဲ့ ချင်းပြည်နယ်ရဲ့ တောင်ပိုင်းမြို့နယ်တွေဟာ မြောက်ပိုင်းမြို့နယ်တွေထက် ပိုပြီးချို့တဲ့နေတာ တွေ့ရပါတယ်။ ချို့တဲ့မှုနှုန်း နည်းပါးတဲ့ ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းရဲ့ မြောက်ပိုင်းဒေသမှာ အချို့တဲ့ဆုံး မိသားစုတွေကို တွေ့နိုင်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီးဟာ ချို့တဲ့မှုအနည်းဆုံး ဖြစ်တယ်လို့ သတ်မှတ်ထားပေမယ့် ဧရာဝတီတိုင်းနဲ့ ဆက်စပ်နေတဲ့ ရန်ကုန်တိုင်းရဲ့ မြစ်ဝကျွန်းပေါ်မြို့နယ်တွေမှာတော့ ချို့တဲ့မှုနှုန်း မြင့်မားနေပါတယ်။