မြန်မာကျေးလက်မှာ လူမှုစီးပွားရေး ပြောင်းလဲလာပုံကို ကမ္ဘာ့ဘဏ်အုပ်စုနဲ့ ပညာအလင်းပွင့် မြန်မာ့သုတေသနအဖွဲ့တို့ ပူးတွဲရေးသားထားတဲ့ အစီရင်ခံစာတစောင် မနှစ်က ထွက်လာပါတယ်။ ငါးကြိမ်မြောက် နယ်လှည့်သုတေသနလို့ ဆိုပါတယ်။ မကွေး၊ မန္တလေး၊ ဧရာဝတီ၊ ချင်း၊ ရခိုင်၊ ရှမ်းစတဲ့ တိုင်းနဲ့ပြည်နယ်က ကျေးရွာ (၅၄) ရွာမှာ သုတေသနလုပ်ပြီး ရေးသားထားတာပါ။ သုံးနှစ်အတွင်း ပြောင်းလဲလာပုံကို လေ့လာတင်ပြထားပါတယ်။ တိုးတက်ပြောင်းလဲလာတဲ့နေရာ ရှိသလို ဆင်းရဲတွင်းက မတက်နိုင်သေးတဲ့ ဒေသတွေလည်း ရှိပါတယ်။ အလုပ်သမား မရနိုင်တာကလည်း ပြဿနာ ဖြစ်ပါတယ်။
ရွာသူရွာသားတွေဟာ အတိုးသက်သာစွာ ငွေချေးနိုင်တဲ့ အခြေအနေ ရောက်လာပါတယ်။ အစိုးရကပေးမယ့် ဝန်ဆောင်လုပ်ငန်းကို မျှော်လင့်နေကြပြီး မျှော်လင့်သလို ဖြစ်မလာရင် ဆန္ဒပြဖို့ အဆင်သင့်ပဲလို့ ဆိုပါတယ်။ အလွယ်တကူ ငွေချေးနိုင်အောင် မြန်မာ့လယ်ယာလုပ်ငန်း ဖွံ့ဖြိုးရေးဘဏ်က စီစဉ်တာဟာ တောင်သူလယ်သမားကို အကျိုးရှိစေပါတယ်။ ဒါပေမဲ့ မြေယာမှတ်ပုံတင် ရှိသူကိုသာ ဦးစားပေးနေတာမို့ ချမ်းသာတဲ့ လယ်သမားကြီးတွေကိုသာ ချေးငှားသလို ဖြစ်နေပြီး၊ မြေယာမဲ့တွေ၊ လူငယ်တွေနဲ့ အမျိုးသမီးတွေဟာ ချေးငွေရရှိရေးအတွက် အခက်အခဲ ကြုံတွေ့နေရဆဲ ဖြစ်ပါတယ်။
၂၀၁၂ မှာ ပြဌာန်းတဲ့ ရပ်ကွက်နဲ့ ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေ အကောင်အထည်ဖော်ချိန်ကစပြီး ကျေးရွာအဆင့် အုပ်ချုပ်ရေးမှာ လုပ်ပိုင်ခွင့်တွေ ပြောင်းလဲသွားပါတယ်။ ရွေးကောက်ပွဲလုပ်တဲ့ ကျေးရွာအုပ်စုအားလုံးမှာ ယခင်အုပ်ချုပ်ရေးမှူးဟောင်း တဝက်နီးပါးကို ဖယ်ရှားလိုက်တာ တွေ့ရပါတယ်။ ဒီလို အုပ်ချုပ်ရေးမှာ အပြောင်းအလဲ ရှိလာပေမယ့် ကျေးရွာ (၈၀) ရာခိုင်နှုန်းမှာ လူမှုဆက်ဆံရေး ကောင်းမွန်တာ တွေ့ရတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ လူမှုစီးပွားရေး အဆင့်အတန်းနိမ့်ကျသူတွေဟာ ကျေးရွာလုပ်ငန်းတွေမှာ ပါဝင်လုပ်ကိုင်နိုင်ဖို့ အဟန့်အတား ရှိနေဆဲ ဖြစ်ပါတယ်။ ကျေးရွာပြင်ပက စီးပွားရေးလုပ်ငန်းကို အားထားလာကြပြီး ရွှေ့ပြောင်းလုပ်ကိုင်မှုတွေ များပြားလာတာမို့ လူမှုရေးသွေးစည်းမှု အားနည်းလာတာကိုလည်း ထောက်ပြပါတယ်။ ကျေးရွာအုပ်ချုပ်ရေးမှူး သြဇာကျဆင်းလာတဲ့အတွက် စုပေါင်းလုပ်ငန်းကို လှုံဆော်ဆောင်ရွက်ရာမှာ အခက်အခဲ ဖြစ်နေတဲ့ ကျေးရွာတွေ ရှိလာတယ်လို့ ဆိုပါတယ်။
ကျေးရွာအဆင့် အခြားအဖွဲ့အစည်းတွေမှာလည်း အကန့်အသတ်နဲ့ ပြောင်းလဲလာပါတယ်။ အခု ဖွဲ့စည်းလိုက်တဲ့ ကျေးရွာအထောက်အကူပြု ကော်မတီဟာ ရွာတိုင်းမှာရှိတာ မဟုတ်ပါဘူး။ ရှိတဲ့ရွာမှာ သြဇာသိပ်ရှိတာ မဟုတ်ပါဘူး။ NGO အဖွဲ့အစည်း ဦးဆောင်တဲ့ ကျေးလက်ဖွံ့ဖြိုးရေးကော်မတီဟာ စီမံကိန်းကိုသာ ဦးစားပေးဆောင်ရွက်ပြီး ကျေးရွာတခုလုံးကို အုပ်ချုပ်ဖို့ကိစ္စမှာတော့ ထိရောက်မှု မရှိဘဲ ဖြစ်နေပါတယ်။ ကျေးရွာရပ်မိရပ်ဖအဖွဲ့တွေ သြဇာတိကမ္မ ကျဆင်းလာတာ တွေ့ရတယ်ဆိုပေမယ့် ရှေးကရှိခဲ့တဲ့ လူမှုရေးနဲ့ ဘာသာရေးအဖွဲ့အစည်းတွေကတော့ အပြောင်းအလဲ မရှိတာ များပါတယ်။ အမျိုးသမီးကို နေရာပေးထားတဲ့ စီမံကိန်းမှာတော့ အမျိုးသမီး ပါဝင်လုပ်ကိုင်ဖို့ ခက်ခဲနေတာ တွေ့ရပါတယ်။
ကျေးလက်အသိုက်အဝန်းဟာ သူတို့ရဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို သူတို့ဘာသာ ဆုံးဖြတ်ပြီး လုပ်ကိုင်နိုင်တဲ့ အရည်အသွေး နည်းပါးနေတုန်းပဲလို့ ဆိုပါတယ်။ သုတေသန လုပ်နေစဉ်ကာလမှာ ကျေးလက်ပညာရေး၊ အခြေခံအဆောက်အအုံနဲ့ ချေးငွေ အစိုးရက သိသိသာသာ တိုးပေးပါတယ်။ ဒါကလဲ ရွာကတောင်းဆိုတာ မဟုတ်ဘဲ၊ အထက်ကဆုံးဖြတ်ပြီး ချမှတ်ပေးတာ ဖြစ်ပါတယ်။ ကျေးလက်ဆိုင်ရာ ဆုံးဖြတ်ချက်တွေကို မြို့နယ်အဆင့်မှာ ချမှတ်ကြတာ များတာမို့ ကျေးလက်ဘဝနဲ့ ကင်းကွာနေပါတယ်။ မြို့နယ်ဖွံ့ဖြိုးရေး အထောက်အကူပြု ကော်မတီဟာ ဒေသခံပြည်သူ့အကျိုးစီးပွားကို ကိုယ်စားပြုရမှာ ဖြစ်ပေမယ့် ကော်မတီဝင်တွေဟာ မြို့နဲ့နီးကပ်စွာ နေထိုင်တဲ့ ဒေသခံထိပ်ပိုင်းလွှာ ဖြစ်နေပါတယ်။ အစိုးရဝန်ဆောင်မှုကို မကျေနပ်တဲ့အခါ နိုင်ငံရေးပါတီနဲ့ တက်ကြွလှုပ်ရှားသူတွေက ရွာသားတွေဘက်က ကူညီပါတယ်။
သုတေသနလုပ်တဲ့ ကျေးရွာတွေအားလုံးဟာ LIFT ခေါ်တဲ့ Livelihoods and Food Security Trust Fund အသက်မွေးဝမ်းကျောင်းနဲ့ စားနပ်ရိက္ခာ ဖူလုံရေး ရန်ပုံငွေအဖွဲ့ဆိုတဲ့ အလှုရှင်အဖွဲ့ရဲ့ ထောက်ပံ့မှုကို ရရှိကြပါတယ်။ ဒီရန်ပုံငွေအဖွဲ့မှာလည်း နိုင်ငံခြားအဖွဲ့အစည်း (၁၃) ဖွဲ့ ပါဝင်ပါတယ်။ ဒီရန်ပုံငွေအဖွဲ့က ထောက်ပံ့တဲ့ အကူအညီအပြင် အခြားအလှုရှင်တွေရဲ့ အကူအညီကိုရတဲ့နေရာဟာ ချင်းပြည်နယ် ဖြစ်ပါတယ်။ ကျေးလက်ဖွံ့ဖြိုးရေး ကော်မတီတွေဟာ စီမံကိန်းပြီးတာနဲ့ ပျက်ပြယ်သွားကြတာများတဲ့အတွက် ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးမှာ အလှုရှင်စီမံကိန်းတွေ ဘယ်လောက် ကူညီခဲ့တယ်ဆိုတာကို အနည်းငယ်လောက်သာ သိနိုင်ပါတော့တယ်။
လက်ရှိ ကျေးလက်အုပ်ချုပ်ရေးစနစ်အရ ကျေးရွာတွေဟာ သူတို့ရဲ့ ဖွံ့ဖြိုးတိုးတက်ရေးမှာ တက်ကြွစွာ ပါဝင်ခြင်း မရှိသေးဘူးလို့ ဆိုပါတယ်။ ကျေးရွာကို ပြောရေးဆိုခွင့်နဲ့ လုပ်ပိုင်ခွင့် ပိုပေးနိုင်တဲ့ အုပ်ချုပ်ရေးစနစ်ကို ကျင့်သုံးနိုင်ဖို့အတွက် လက်ရှိ စည်းကမ်းနည်းလမ်းတွေကို သုံးသပ်ပြီး ပြင်ဆင်နိုင်ဖို့ လိုပါတယ်။ ဒီနေရာမှာ ကျေးရွာအုပ်ချုပ်ရေးမှူးကို လုပ်ပိုင်ခွင့် ပြန်လည်ပေးအပ်တာမျိုးနဲ့ ကျေးရွာဖွံ့ဖြိုးမှု ထောက်ပံ့ရေးကော်မတီကို ပြန်လည်အားဖြည့်တာမျိုးတွေ ရှိလာနိုင်ပါတယ်။ ကျေးလက်ဖွံ့ဖြိုးရေးကို မြို့နယ်က မလုပ်နိုင်တဲ့အတွက် ဖွံ့ဖြိုးရေးအကူအညီကို ကျေးလက်နဲ့ မြို့နယ် ဆက်သွယ်လုပ်ကိုင်ရမယ်လို့ ကမ္ဘာ့ဘဏ်အုပ်စုနဲ့ ပညာအလင်းပွင့် မြန်မာ့သုတေသနအဖွဲ့ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။