စစ်အစိုးရကြီးစိုးတဲ့ အနှစ် (၂၀) ကျော်ကာလမှာ လမ်းဖောက်တံတားဆောက်တာကို ဂုဏ်ယူဝင့်ကြွားစွာ မကြာခဏ ပြောလေ့ရှိပါတယ်။ ဒါပေမဲ့ ၂၀၁၆ ကို ရောက်လာလို့ နိုင်ငံ (၁၄၀) က အခြေခံအဆောက်အုံကဏ္ဍရဲ့ အရည်အသွေးကို စစ်ဆေးလိုက်တဲ့အခါမှာ မြန်မာဟာအဆင့် (၁၃၄) အောက်ဆုံးပိုင်းက လိုက်နေတာကို တွေ့ရကြောင်း ကမ္ဘာ့ပြိုင်ဆိုင်မှုအညွှန်းမှာ ဖော်ပြထားပါတယ်။ နိုင်ငံပေါင်း (၁၄၀) မှာ မြန်မာထက်သာတာ (၁၃၃) နိုင်ငံရှိပြီး မြန်မာထက်ညံ့တာ (၆) နိုင်ငံသာ ရှိပါတယ်။ အာဆီယံ (၁၀) နိုင်ငံမှာလည်း လျှပ်စစ်ဓါတ်အားသုံးစွဲမှု အနည်းဆုံးဟာ မြန်မာနိုင်ငံ ဖြစ်နေပါတယ်။
ဒါကြောင့်မို့ လာမယ့် (၁၀) နှစ်အတွင်း အိမ်ထောင်စုအားလုံး လျှပ်စစ်သုံးနိုင်မယ့် အမျိုးသားလျှပ်စစ်ဓါတ်အားစီမံကိန်း (NEP--National Electrification Plan) အကောင်အထည်ဖော်ဖို့ စီစဉ်နေပါတယ်။ ၂၀၁၄ မှာ အိမ်ထောင်စု (၂) သန်းကျော် လျှပ်စစ်မီးရနေရာက ၂၀၃၀ မှာ အိမ်ထောင်စု (၉) သန်းကျော်အထိ မီးပေးနိုင်မယ့် ရည်ရွယ်ချက် ဖြစ်ပါတယ်။ ဒီနေရာမှာ တိုင်းနဲ့ပြည်နယ်အစိုးရ ပါဝင်နိုင်မယ့် အခန်းကဏ္ဍကို အာရှဖောင်ဒေးရှင်း က လွန်ခဲ့တဲ့ ဧပြီလက အစီရင်ခံစာ ထုတ်ပြန်ထားပါတယ်။
တိုင်းနဲ့ပြည်နယ်ပါဝင်နိုင်တဲ့ အခန်းကဏ္ဍတွေနဲ့ ပတ်သက်ပြီး အာရှဖောင်ဒေးရှင်းက အစီရင်ခံစာတွေ ထုတ်ပြန်လာတာ ၂၀၁၃ ခုနှစ်ကတည်းက ဖြစ်ပါတယ်။ ၂၀၁၈ ဒုတိယ (၆) လပိုင်းမှာ ရှမ်းပြည်နယ်၊ ရန်ကုန်၊ တနင်္သာရီ၊ ပဲခူး နဲ့ နေပြည်တော် နယ်မြေတွေကို ကွင်းဆင်းလေ့လာထားတဲ့အပေါ်မှာ အခြေခံပြီးတော့ ဧပြီလမှာ အစီရင်ခံစာ ထုတ်ပြန်ခဲ့တာပါ။ မြန်မာပြည်မှာ လျှပ်စစ်ဓါတ်အား သုံးစွဲမှု မမျှမတ ဖြစ်နေတာ အတော်ကြာပါပြီ။ တပြည်လုံးသုံးတဲ့ လျှပ်စစ်စွမ်းအင်ရဲ့ တဝက်လောက်ကို ရန်ကုန်နယ်မြေက သုံးစွဲပါတယ်။ တိုင်းနဲ့ပြည်နယ် (၁၄) ခုအနက် (၉) ခုမှာ လျှပ်စစ်ဓါတ်အားသုံးစွဲသူ (၄၀) ရာခိုင်နှုန်းတောင် မရှိတာကို တွေ့ရပါတယ်။ ဓါတ်အား (၅၆) ရာခိုင်နှုန်းကို ရေအားလျှပ်စစ်ကရယူပြီး (၄၁) ရာခိုင်နှုန်းကို သဘာဝဓါတ်ငွေ့က ရယူပါတယ်။ ကျောက်မီးသွေးသုံးဓါတ်အားက (၂) ရာခိုင်နှုန်းရှိပြီး ဒီဇယ်သုံးဓါတ်အားက (၁) ရာခိုင်နှုန်းသာ ရှိပါတယ်။ ခြောက်သွေ့ရာသီမှာ ရေအားလျှပ်စစ် ထုတ်လုပ်မှု ကျဆင်းတာဟာ ပြဿနာ ဖြစ်ပါတယ်။
လျှပ်စစ်ဓါတ်အားကို အစိုးရက အရှုံးခံပြီး ဖြန့်ဖြူးနေတာမို့ သုံးစွဲတဲ့ အိမ်ထောင်စုများလေလေ ရှုံးတဲ့ပမာဏကလည်း များလေလေ ဖြစ်ပါတယ်။ ဒီနှစ်ထဲမှာ ဒေါ်လာသန်း (၁၀၀၀) လောက် အစိုးရက စိုက်ရလိမ့်မယ်လို့ ခန့်မှန်းပါတယ်။ ဒီအတိုင်း ရေရှည်ဆက်သွားလို့ မဖြစ်နိုင်ပါဘူး။ အခြေခံဥပဒေအရ တိုင်းနဲ့ပြည်နယ်အစိုးရတွေမှာ စွမ်းအင်နဲ့ဆိုင်တဲ့ လုပ်ပိုင်ခွင့် အသင့်အတင့် ရှိပါတယ်။ လုပ်ပိုင်ခွင့်ဘောင်ထဲကနေ လျှပ်စစ်ဓါတ် ထုတ်လုပ်ဖို့ အာရှဖောင်ဒေးရှင်းက အကြံပေးထားပါတယ်။ ကျေးရွာ (၆၄၀၀၀) ရှိတဲ့အနက် (၆) ရာခိုင်နှုန်းကိုသာ လျှပ်စစ်ဓါတ်အား ပေးနိုင်ပါသေးတယ်။ ဒီဇယ်နဲ့ ရေအားလျှပ်စစ် အသေးစားတွေ အသုံးများလာပါတယ်။ ရှမ်းပြည်နယ်မှာ ရေအားလျှပ်စစ် အသေးစား (၅၀၀၀) ကျော် ရှိတာကို ဥပမာပေးပြီး မီဂါဝပ် (၃၀) မကျော်တဲ့ မီးစက်တည်ဆောက်တာဟာ စီးပွားရေး တွက်ချေကိုက်တယ်လို့ ဆိုပါတယ်။
ထိုင်းနိုင်ငံမှာ လျှပ်စစ်ဓါတ်အား (၂၀) ရာခိုင်နှုန်းကို မီဂါဝပ် (၅၀) မကျော်တဲ့ စက်ရုံလေးတွေက ထုတ်လုပ်နေတာကို သင်ခန်းစာ ယူသင့်တယ်လို့ ဆိုပါတယ်။ လျှပ်စစ်စွမ်းအား ထုတ်လုပ်မှုနဲ့ ဖြန့်ဖြူးမှုကို ပြည်ထောင်စုအစိုးရက ဗဟိုချုပ်ကိုင်မှုသုံးပြီး ကြိုးကိုင်နေတာဟာ တိုးတက်ဖွံ့ဖြိုးမှုကို အဟန့်အတား ဖြစ်စေတယ်လို့ အာရှဖောင်ဒေးရှင်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ လက်ရှိအစိုးရက (၂၀၁၅) မှာ စွမ်းအင်ပေါ်လစီအသစ် ချတဲ့အခါမှာ အသွင်မတူတဲ့ စီမံကိန်း (၃) ခု ပေါ်လာပါတယ်။ အာရှဖွံ့ဖြိုးရေးဘဏ်ရဲ့ စီမံကိန်း၊ ကမ္ဘာ့ဘဏ်ရဲ့ စီမံကိန်းနဲ့ ဂျပန်ရဲ့ JICA စီမံကိန်းတွေ ဖြစ်ပါတယ်။ ၂၀၃၀ မှာ အိမ်ထောင်စုတိုင်း လျှပ်စစ်ဓါတ်အား သုံးနိုင်ရမယ်ဆိုတဲ့ ရည်ရွယ်ချက်ကလွှဲပြီး အစိုးရမှာ စီမံကိန်း မရှိပါဘူး။ ဒါကြောင့် တိုင်းနဲ့ပြည်နယ်အစိုးရတွေကို လုပ်ပိုင်ခွင့်ပိုပေးဖို့ အာရှဖောင်ဒေးရှင်း က အကြံပြုထားပါတယ်။
ဗဟိုအစိုးရအတည်ပြုချက်နဲ့ အကောင်အထည်ဖော်တဲ့ စွမ်းအင်စီမံကိန်းကြီးတွေဟာ တာဝန်ခံမှု၊ ပွင့်လင်မြင်သာမှု၊ သဘာဝပတ်ဝန်းကျင်နဲ့ လူ့အခွင့်အရေး လေးစားမှု စတာတွေ ကင်းမဲ့တဲ့ အစဉ်အလာရှိတာကြောင့် ဒေသခံပြည်သူတွေက လက်မခံလိုကြပါဘူး။ တိုင်းနဲ့ပြည်နယ်အသီးသီးရဲ့ လိုအပ်ချက်နဲ့အညီ အကောင်အထည်ဖော်နိုင်မယ့် အသေးစားဓါတ်အားစီမံကိန်းတွေကို ဗဟိုအစိုးရဌာနတွေ လုပ်မပေးနိုင်ဘူးလို့ ဒေသခံတွေက မြင်ကြပါတယ်။ ပုဂ္ဂလိကကဏ္ဍ တင်ပြထားတဲ့ စွမ်းအင်စီမံကိန်းကို အကဲဖြတ်နိုင်တဲ့ အရည်အချင်းရှိတဲ့ ဝန်ထမ်းနဲ့ ဝန်ကြီးတွေ ရှိဖို့ကလည်း အရေးကြီးပါတယ်။
မြန်မာဘက်က လုပ်ချင်ကိုင်ချင်စိတ် ရှိကြပေမယ့် စွမ်းအင်ထုတ်လုပ် ဖြန့်ဖြူးရေး အတတ်ပညာကို နားမလည်တဲ့အတွက် နှောင့်နှေးကြန့်ကြာရပါတယ်။ နေရောင်ခြည်-ဆိုလာ ဓါတ်အားလုပ်ချင်တဲ့ နိုင်ငံခြားကုမ္ပဏီတခုဟာ သက်ဆိုင်ရာအစိုးရဝန်ထမ်းတွေနဲ့ တွေ့နိုင်ဖို့ အတော်စောင့်ရပါတယ်။ လုပ်ငန်းဖြစ်နိုင်၊ မဖြစ်နိုင် ကိုယ့်စရိတ်နဲ့ ကိုယ်လေ့လာဖို့အတွက် အတည်ပြုချက်ယူရတာ လနဲ့ချီပြီး ကြာတတ်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် အသေးစားဓါတ်အားပေး လုပ်ငန်းဆိုင်ရာ အတတ်ပညာကို နားလည်အောင် တိုင်းနဲ့ပြည်နယ် ဝန်ထမ်းနဲ့ ဝန်ကြီးတွေကို သင်တန်းပေးဖို့ အချိန်ရောက်နေပြီလို့ အာရှဖောင်ဒေးရှင်းအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။