တရားစီရင်ရေး ဖြောင့်မတ်မှန်ကန်အောင် လုပ်ပေးဖို့ တရားလွှတ်တော်ချုပ်ကို တိုက်တွန်းတဲ့အဆိုကို တရားသူကြီးဦးစိုးညွှန့်က ကန့်ကွက်ပေမယ့် ပြည်သူ့လွှတ်တော်က အများစုထောက်ခံမဲနဲ့ လွန်ခဲ့တဲ့ မတ်လ (၇) ရက်နေ့က အတည်ပြုလိုက်ပါတယ်။ တရားသူကြီးတဦးတည်းက အဆုံးအဖြတ်ပေးတဲ့ လက်ရှိ တရားစီရင်ရေးစနစ်ကို ဂျူရီ (Jury) လူကြီးများအဖွဲ့က ဆုံးဖြတ်တဲ့စနစ်နဲ့ အစားထိုးဖို့ ပြည်သူ့လွှတ်တော်တွေ ဆွေးနွေးကြပါတယ်။ တဦးတည်းက စီရင်ချက်ချတဲ့ လက်ရှိတရားရုံးစနစ်မှာ လာဘ်ပေးလာဘ်ယူ လွယ်ကူတာမို့ တရားရုံးတွေကို အယုံအကြည် ကင်းမဲ့စေတယ်လို့ ဆိုပါတယ်။
Jury လူကြီးတွေ ပါဝင်တဲ့အဖွဲ့က ဆုံးဖြတ်မယ်ဆိုရင် အဂတိလိုက်စားမှု ကင်းရှင်းပြီး ပွင့်လင်းမြင်သာမယ်လို့ ယူဆကြပါတယ်။ Jury အဖွဲ့က စီရင်ချက်ချတဲ့စနစ်ကိုသာ ပြည်သူလူထုက ယုံကြည်လာလိမ့်မယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ နှစ်ပေါင်းများစွာ Jury စနစ် ကျင့်သုံးတဲ့ အင်္ဂလန်နိုင်ငံမှာ Jury အဖွဲ့ဟာ တရားသူကြီးရဲ့ အကူအညီကို အမြဲတမ်း ယူရပါတယ်။ စရိတ်ကုန်ကျတာမို့ မှုခင်းအသေးစားမှာ Jury စနစ် မသုံးပါဘူး။ ဒါကြောင့် ရာဇဝတ်မှု စုစုပေါင်းရဲ့ (၁) ရာခိုင်နှုန်းမှာသာ Jury စနစ် သုံးပါတယ်။ ဒီလို တစ်ရာခိုင်နှုန်းဆိုတာတောင် ရာဇဝတ်မှုပေါင်း သုံးသောင်းလောက် ရှိပါတယ်။
မြန်မာပြည်မှာလည်း ဗိုလ်ချုပ်ကြီးနေဝင်း ကြီးစိုးတဲ့ မဆလဆိုရှယ်လစ်ခေတ်မှာ ပြည်သူ့တရားစီရင်ရေး စနစ်ဆိုတာကို ကျင့်သုံးခဲ့ဖူးပါတယ်။ ဥပဒေ နားလည်တဲ့ တရားသူကြီးကို ဥပဒေ နားမလည်တဲ့ အရပ်သားနဲ့ အစားထိုးတာ ဖြစ်ပါတယ်။ ပြည်သူ့တရားရုံးမှာ ပြည်သူ့တရားသူကြီး (၃) ဦးက စီရင်ချက်ချပါတယ်။ မဆလပါတီဝင်က ပြည်သူ့တရားသူကြီး လုပ်တာများပါတယ်။ ဖြုတ်ပစ်လိုက်တဲ့ တရားသူကြီးကို တရားရုံးမှာ ဥပဒေအကြံပေးအဖြစ် ပြန်လည်ခန့်အပ်တာမျိုးရှိပေမယ့် သူတို့ရဲ့ အကြံပေးချက်ကို လိုက်နာဖို့ တာဝန်မရှိပါဘူး။ ပြည်သူ့တရားသူကြီးတွေ ပါတီက ခန့်အပ်တာမို့ မဆလပါတီရဲ့ သြဇာခံတရားစီရင်ရေး ဖြစ်ပါတယ်။ ဒီသရုပ်ပျက် တရားစီရင်ရေးကို တည်ထွင်သူဟာ ဗိုလ်ချုပ်ကြီးနေဝင်းရဲ့ အကြံပေး ပုဂ္ဂိုလ် ဒေါက်တာမောင်မောင် ဖြစ်ပါတယ်။ ဒါဟာ ဂျူရီစနစ် မဟုတ်ပါဘူး။
၂၀၁၅ မှာ ပြည်ထောင်စုတရားလွှတ်တော်ချုပ်က “တရားမျှတရေး အတူတကွ မြှင့်တင်ရေး” ဆိုတဲ့ တရားစီရင်ရေး မဟာဗျူဟာ သုံးနှစ်စီမံကိန်းကို စတင်အကောင်အထည်ဖော်ပါတယ်။ ဒီနှစ် စီမံကိန်း ပြီးဆုံးပါလိမ့်မယ်။ တရားဥပဒေစိုးမိုးရေးနဲ့ ရပ်ရွာအေးချမ်းသာယာရေး၊ ပြည်သူအများယုံကြည်တဲ့ ပြည်သူ့အကျိုးပြု တရားစီရင်ရေးစနစ် ပေါ်ထွန်းရေး၊ မှုခင်းကို ဥပဒေနဲ့အညီ မှန်မှန်နဲ့မြန်မြန် စီရင်ဆုံးဖြတ်ရေး၊ တရားရုံးဂုဏ်သိက္ခာမြှင့်တင်ရေး စတာတွေကို အဓိကရည်မှန်းချက်အဖြစ် ဖော်ပြပါတယ်။ ဒါပေမဲ့ အနှစ် (၅၀) က ရှိခဲ့တဲ့ လုပ်ထုံးလုပ်နည်းဟောင်းတွေဟာ နေသားကျ ခေါက်ရိုးကျိုးနေပြီဖြစ်လို့ တရားစီရင်ရေးမဏ္ဍိုင် ပြန်လည်တည့်မတ်အောင်လုပ်ဖို့ အခြေအနေမပေးသေးဘူးလို့ သုံးသပ်ကြပါတယ်။ ဒီမဟာဗျူဟာစီမံကိန်းရေးဆွဲနိုင်ဖို့ ကုလသမဂ္ဂနဲ့ အမေရိကန်အေဂျင်စီတို့က ကူညီကြပါတယ်။
တရားရုံးချုပ်က ပြည်သူလူထုအတွက် ရည်ရွယ်တဲ့ ပညာပေးစာစဉ်တွေကိုလည်း အမေရိကန်ရဲ့ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီကပဲ ထုတ်ဝေထားတာ တွေ့ရပါတယ်။ ရာဇဝတ်မှု၊ တရားမ,မှုနဲ့ စာချွန်တော်အကြောင်း သိကောင်းစရာဆိုတဲ့ လက်ကမ်းစာရွက်တွေနဲ့ “သင့်အတွက် တရားရုံး” ဆိုတဲ့စာစောင်ကို အမေရိကန်အကူအညီနဲ့ ထုတ်ဝေပါတယ်။ ပြည်သူအများ ယုံကြည်ကိုးစားတဲ့ ပြည်သူ့အကျိုးပြု တရားစီရင်ရေး အကောင်အထည်ဖော်နိုင်ဖို့အတွက် တရားရုံးနဲ့ ပြည်သူအကြား ဆက်ဆံမှုကို စစ်တမ်းကောင်ပါတယ်။ တရားရုံးကို ဆက်ဆံရာမှာ လွယ်ကူမှု၊ အဆင်ပြေမှု၊ လက်လှမ်းမီမှု စတာတွေနဲ့ ပတ်သက်ပြီး မေးမြန်းစုံစမ်းတဲ့အခါမှာ (၆၁) ရာခိုင်နှုန်းကသာ ကျေနပ်တယ်လို့ သိရတဲ့အတွက် (၈၀) ရာခိုင်နှုန်းအထိ ရအောင်ကြိုးစားမယ်လို့ “သင့်အတွက် တရားရုံး” စာစောင်မှာ ဖော်ပြထားပါတယ်။
တရားစီရင်ရေးမှာ အဂတိလိုက်စားတဲ့ အစဉ်အလာ ရင့်သန်နေတာ ကြာပါပြီ။ ဘယ်အစိုးရပဲတက်တက် တရားရေးဆိုင်ရာ အဂတိလိုက်စားမှုကတော့ အနည်းနဲ့အများ ရှိနေပါတယ်။ လာဘ်ပေးလာဘ်ယူ လုပ်နေတာကို သိပေမယ့် လက်ဆုပ်လက်ကိုင် ပြနိုင်ဖို့ ခက်ခဲပါတယ်။ မြန်မာပြည်မှာ တရားသူကြီး (၁၄၀၀) ကျော်နဲ့ ဥပဒေအရာရှိ (၁၂၀၀) ကျော်ရှိပြီး အမျိုးသားတဝက်၊ အမျိုးသမီးတဝက်ပါဝင်တဲ့ အမှုထမ်းလောက ဖြစ်ပါတယ်။ ရှေ့နေကတော့ သောင်းနဲ့ချီ ရှိနိုင်ပါတယ်။ တရားရုံးမှာ တရားသူကြီး၊ ဥပဒေအရာရှိ၊ ရှေ့နေနဲ့ ပြည်သူ့ရဲကို အမြဲတမ်းတွေ့နိုင်ပါတယ်။ ဒီလူတွေအကြား အပေးအယူလုပ်ပြီး အဂတိလိုက်စားကြတာမို့ ပြုပြင်ပြောင်းလဲဖို့ အခက်အခဲ ရှိပါတယ်။
စစ်အစိုးရတွေက တရားဥပဒေကို နှစ်ပေါင်းများစွာ မထိမဲ့မြင် လုပ်လာတဲ့ဆိုးကျိုးကို အခုခံစားနေရတာ ဖြစ်ပါတယ်။ တရားဥပဒေအထက်မှာ လူ ပုဂ္ဂိုလ် (သို့မဟုတ်) အဖွဲ့အစည်းတခုခု ရှိနေတာဟာ တရားဥပဒေ စိုးမိုးရေး မဖြစ်ထွန်းရတဲ့အချက်ပဲလို့ သူရဦးရွှေမန်း ပြောတာကိုလည်း မတ်လ (၇) ရက်နေ့ထုတ် DVB သတင်းမှာ ဖော်ပြပါတယ်။ တရားရေးမဏ္ဍိုင်မှာ အဂတိလိုက်စားမှု မပျောက်နိုင်တာဟာ ပါဝင်သူတွေဖြစ်တဲ့ တရားသူကြီး၊ ရှေ့နေ၊ ဥပဒေအရာရှိ၊ ရဲအဖွဲ့ဝင်နဲ့ ပြည်သူလူထုဟာ တရားဥပဒေကို အယုံအကြည်နည်းနေလို့လည်း ဖြစ်နိုင်တယ်လို့ သုံးသပ်ကြပါတယ်။