(Zawgyi/Unicode)
COVID-19 ကပ်ရောဂါအကြပ်အတည်းနဲ့အတူ လူစုလူဝေးတွေ အလုပ်ရုံတွေကို လူခွဲဖို့လုပ်နေရချိန်မှာ၊ ရန်ကုန်တိုင်းအတွင်းက စိုးရိမ်စရာအခြေအနေတရပ်ကတာ့ လူဦးရေ ၅ သိန်းလောက်ရှိတဲ့ စက်မှုဇုံအလုပ်သမားတွေအရေးကိစ္စဖြစ်ပါတယ်။
အလုပ်တွေပိတ်မယ်ဆိုရင် သူတို့အတွက် ဥပဒေအရ ခံစားခွင့် အပြည့်အဝရရှိဖို့ တောင်းဆိုနေသလို၊ အလုပ်ရှင်က အလုပ်ရုံပိတ်ပြီး လစာမပေး ထွက်ပြေးသွားတာကြောင့် အလုပ်သမားဆန္ဒပြမှုတွေကလည်း ရန်ကုန်ဆင်ခြေဖုံးတွေမှာ ကြုံနေရပါတယ်။ ဒီအကြောင်းကိုဇော်ထက် စုံစမ်းမေးမြန်းထားပါတယ်။
COVID-19 ရောဂါပိုး စိုးရိမ်ရတဲ့အခြေအနေကြောင့် အစိုးရရုံးဝန်ထမ်း၊ ကုမ္ပဏီဝန်ထမ်းတွေ နေအိမ်ကနေ အလုပ်လုပ်နေရတဲ့အချိန်၊ ဧပြီလ တလ စက်ရုံပိတ်ပြီး လစာခံစားခွင့်တွေရဖို့ အလုပ်သမားတွေဘက်က တောင်းဆိုမှုတွေရှိနေပါတယ်။ အစိုး၊ အလုပ်ရှင် ထပ်ပြီးညှိနှိုင်းလို့ မပြေလည်ဘူးဆိုရင် တောင်းဆိုမှုတွေက ဒီထက်ပိုပြီးကျယ်ပြန့်လာနိုင်တယ်လို့ အလုပ်သမားသမဂ္ဂတွေက ပြောပါတယ်။
အလုပ်သမားဥပဒေအရဆိုရင် ဒီလိုပိတ်တဲ့အခါမှာ အလုပ်သမားတွေက မူရင်းလုပ်ခလစာရဲ့ ပမာဏ တစုံတရာကို အစိုးရလူမ ှုဖူလုံကြေးအဖြစ်ရရှိမှာဖြစ်ပြီး၊ အလုပ်ရှင်ဘက်ကတော့ ကျန်ပမာဏကို ထောက်ပံ့ပေးရမှာပါ။ ဒီအတွက်လည်း အလုပ်သမားတွေဘက်က အလုပ်ရှင်တွေကို ညှိုနှိုင်းနေပါတယ်။ ဒါပေမယ့် အလုပ်ရှင်တွေဘက်ကရော အစိုးရဘက်ကပါ စက်ရုံတွေပိတ်ဖို့ လိုလားဟန်မပြသေးပါဘူး။
ရောဂါပိုးကူးစက်ပျံနှံ့ လာမှာစိုးတာကြောင့် အခြားအလုပ်ခွင်တွေနည်းတူ၊ စက်ရုံတွေကို ဧပြီလတလ ပိတ်ပေးဖို့နဲ့ အဲဒီကာလအတွင်း သူတို့ခံစားခွင့်တွေ အပြည့်အဝရရှိဖို့ အလုပ်သမားတွေက မျှော်လင့်ပါတယ်။ ဒီအတွက် အစိုးရဘက်က စက်ရုံတွေပိတ်ဖို့ တရားဝင်ကြေညာချက်မျိုးထွက်စေဖို့ အလုပ်သမားတွေဘက်က လိုလားနေပါတယ်။
“ တကယ်လို့ ဒီကြေညာချက်တွေ ထွက်လာတယ်ဆိုရင်တော့ ဒါတွေက ပြီးသွားမှာပါ။ မထွက်လာဘူး ဆိုရင်တော့ ပိုပြီးတော့ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာနိုင်တဲ့ အနေအထားတော့ ရှိတာပေါ့။ အခု ကျန်းမာရေးကြောင့် ပိတ်ရမယ်ဆိုရင် လူမှုဖူလုံရေး ရန်ပုံငွေထဲက ၆၀% ပေးဖို့ဆိုတာ သဘောထား ရှိပြီး ဖြစ်ပါတယ်။ အလုပ်ရှင်က ဒီဟာကို သူတို့ဘက်က၊ ပုံမှန်အခြေအနေမှာ ဆိုရင်တောင် ပေးရမယ့် တာဝန်ရှိတယ်လေ။ ဒါကြောင့်မို့ အလုပ်သမားတွေကို ဧပြီလတလစာအတွက် တိုက်တိုက်တွန်းတွန်း ပြောနေတာဖြစ်ပါတယ်၊ ဖြစ်လာမယ်လို့ မျှော်လင့်ပါတယ်။”
မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် CTUM ဗဟိုအလုပ်အမှုဆောင်နဲ့ မြန်မာနိုင်ငံ ကုန်ထုတ်နှင့် စက်မှုလက်မှု အလုပ်သမားများ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်ခိုင်ဇာအောင် ပြောသွားတာပါ။
မတ်လ ၂၅ရက် နေပြည်တော်မှာ အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင်ဆွေးနွေးပွဲမှာ စက်ရုံတွေယာယီပိတ်ပြီး အလုပ်သမားတွေရဲ့ ‘ အိမ်မှာနေ ခွင့်’ ကို အရေးကြီးကိစ္စ အနေနဲ့ သတ်မှတ်ပေးဖို့ အလုပ်သမားသမဂ္ဂတွေက တောင်းဆိုခဲ့ပါတယ်။
စက်ရုံတွေပိတ်တဲ့ကိစ္စဟာ အလုပ်ရှင်နဲ့ အလုပ်သမား နှစ်ဘက် ညှိနှိုင်းမှု အပေါ်မှာပဲ မူတည်ကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ အလုပ်သမားရေးရာဆိုင်ရာ အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်က ဗွီအိုအေကို ပြောပါတယ်။
“ အလုပ်ရှင်တွေက တချို့က ကုန်ကြမ်းတွေလည်း ရှိသေးတယ်ပေါ့၊ ပြောချင်တာက အလုပ်ရှင်က ပိတ်ချင်တဲ့သူကတော့ ခံစားခွင့်တွေပေးပြီး ပိတ်နေကြပြီ။ ကုန်ကြမ်းရှိတဲ့သူတွေကတော့ လည်မယ်ပေါ့။ အလုပ်သမားတွေကတော့ ပိတ်ပေးဖို့ Lock down လိုဟာမျိုးတွေလုပ်ပေးဖို့ ဟာမျိုးတွေ ပါတာပေါ့။ အဲဒါကတော့ နောက်ဆုံးတော့ အလုပ်ရှင်နဲ့ အလုပ်သမားညှိပါ။ တချို့က အလုပ်ရှင်တွေကျတော့ stay home leave လိုဟာမျိုး ဥပဒေအရ with pay ခေါ်တာပေါ့ လုပ်ခလစာနဲ့ပေးကြတယ်။ တချို့အလုပ်ရှင်တွေကျ partial တဝက်နှုန်း ပေးလို့ရမလား ဒါမှမဟုတ်ရင်လည်း နိုင်ငံတော်က လူမှုဖူလုံကြေးတို့ ဘာတို့ အလုပ်သမားဝန်ကြီးဌာနက ဘာကူညီမလဲ ကျနော်တို့ ဆွေးနွေးကြသေးတော့ နောက်ဆုံးအချုပ်ကတော့ အလုပ်ရှင်၊ အလုပ်သမား ညှိနှိုင်းလိုက်ပါ။ သူတို့အချင်းချင်း ညှိတဲ့အပေါ်မှာ အခရာကျတယ်။”
ဒီအချိန်မှာပဲ လုပ်သားလျှော့ချတတာမျိုး တရားမဝင်ပိတ်သိမ်းတဲ့ စက်ရုံမျိုးတွေလည်းရှိနေပြီး၊စက်ရုံကိုပိတ် လစာလည်း မပေးပဲ ရှောင်ပြေးသွားတဲ့ စက်ရုံပိုင်ရှင်တွေလည်း ရှိနေပါတယ်။ ဒီနေ့မှာပဲ အဲလိုအထည်ချုပ်စက်ရုံ ၂ခုက ဝန်ထမ်းတွေဟာ လစာမပေးဘဲ ထွက်ပြေးသွားတဲ့ စက်ရုံပိုင်ရှင်ကိစ္စကိုဖြေရှင်းပေးဖို့ ရန်ကုန်တိုင်းအစိုရရုံးရှေ့သွားပြီး တောင်းဆိုနေကြပါတယ်။
.................
(Unicode)