အမေရိကန် ပြည်ထောင်စုမှာ ဒီကနေ့ဟာ ကိုလံဘတ်စ် အားလပ်ရက်နေ့ ဖြစ်သလို၊ ဌာနေတိုင်းရင်းသားနေ့ အဖြစ်နဲ့လည်း အားလပ်ရက်ကို ဆင်နွှဲကြပါတယ်။ အမေရိကတိုက်ကို ရှာဖွေတွေ့ရှိခဲ့သူအဖြစ် ခရစ္စတိုဖာ ကိုလံဘတ်စ် ကိုဂုဏ်ပြုတဲ့အနေနဲ့ အမေရိကန်မှာ ၁၉၃၇ ခုနှစ်ကတည်းက ကိုလံဘတ်စ် အားလပ်ရက်နေ့အဖြစ် သတ်မှတ်ခဲ့တာပါ။
အစဉ်အဆက် နေထိုင်သူတွေနဲ့ ယဉ်ကျေးမှု ထွန်းကားနေပြီးသား အမေရိကန်ကို ကိုလံဘတ်စ် ရှာဖွေတွေ့ရှိခဲ့တယ်ဆိုတဲ့ အယူအဆကိုတော့ အထူးသဖြင့် ဌာနေတိုင်းရင်းသားတွေ အပါအဝင် လက်မခံသူတွေ ရှိပါတယ်။ ကိုလံဘတ်စ်နေ့ဟာ အားလပ်ရက်နေ့တင်မဟုတ်ဘဲ ဌာနေတိုင်းရင်းသားတွေကို ကျေးကျွန်ပြုမှု၊ အတင်းအကျပ် ခရစ်ယာန်ဘာသာသွတ်သွင်းမှုတွေ အပါအဝင် အနောက်တိုင်းမှာ ကိုလိုနီနယ်ချဲ့တဲ့ အကြမ်းဖက် သမိုင်းရာဇဝင်တခု ဖြစ်တယ်လို့ အရီဇိုးနားပြည်နယ် တက္ကသိုလ်က အမေရိကန်အင်ဒီယန်း လေ့လာရေးဌာနက ပါမောက္ခ Leo Killsback ကပြောပါတယ်။
ဌာနေတိုင်းရင်းသားများနေ့ကိုတော့ အမေရိကန်အစိုးရ ရုံးပိတ်ရက်အဖြစ် မသတ်မှတ်သေးပေမဲ့ သမ္မတ Joe Biden ကတော့ ၂၀၂၁ မှာ တရားဝင်အသိအမှတ်ပြုထားပါတယ်။ တချို့ပြည်နယ်တွေမှာလည်း ကိုလံဘတ်စ်နေ့အစား ဌာနေတိုင်းရင်းသားများနေ့ အဖြစ် သတ်မှတ်ကျင်းပကြပေမဲ့ တချို့နေရာတွေမှာတော့ ကိုလံဘတ်စ်နေ့အဖြစ်ပဲ ဆက်ပြီး ကျင်းပနေဆဲ ဖြစ်ပါတယ်။