[[Zawgyi/Unicode]]
ကနေဒါနိုင်ငံဝေဟင်မှာ အမေရိကန်တိုက်လေယာဉ်ကပစ်ချခဲ့တဲ့ အမျိုးအစားမသိရတဲ့ အရာဝတ္ထုတခုရဲ့အပျက်အစီးအပိုင်းအစတွေကို စုံစမ်းစစ်ဆေးသူတွေ ရှာဖွေနေကြောင်း ကနေဒါဝန်ကြီးချုပ်ကပြောပါတယ်။
“ပျက်ကျသွားတဲ့ အရာဝတ္ထုကို စုံစမ်းစစ်ဆေးနိုင်ဖို့ ရှာဖွေရေးအဖွဲ့တွေ ကွင်းဆင်းရှာဖွေနေပါပြီ။” လို့ ကနေဒါဝန်ကြီးချုပ် Justin Trudeau က တနင်္ဂနွေနေ့မှာ သတင်းထောက်တွေကို ပြောလိုက်တာပါ။ ပစ်ချခဲ့တဲ့အရာဟာ ဘယ်လိုအမျိုးအစားလဲဆိုတာကို ဝန်ကြီးချုပ်က မပြောပေမဲ့ အရပ်ဖက် လေကြောင်းလုံခြုံရေးအတွက် ခြိမ်းခြောက်မှုဖြစ်နိုင်ကြောင်း ပြောခဲ့ပါတယ်။
အမေရိကန် အထက်လွှတ်တော်ခေါင်းဆောင်ကတော့ Alaska ပြည်နယ်ပေါ်မှာ အစောပိုင်းပစ်ချခဲ့တဲ့ အရာဝတ္ထုတခုနဲ့ ကနေဒါမှာပစ်ချခဲ့တဲ့ယာဉ် ၂ ခုစလုံးဟာ မိုးပျံပူဖောင်းတွေဖြစ်နိုင်ကြောင်း အမေရိကန်ရုပ်သံ ABC ကို ပြောဆိုခဲ့တာပါ။ သောကြာနေ့က Alaska မှာ ပစ်ချခဲ့တာနဲ့ ကနေဒါမှာ စနေနေ့က ပစ်ချလိုက်တဲ့ အရာဝတ္ထုတွေဟာ မိုးပျံပူဖောင်းတွေ ဖြစ်နိုင်တယ်လို့ အမေရိကန်အမျိုးသားလုံခြုံရေး အရာရှိတွေက ယူဆထားကြောင်း အထက်လွှတ်တော် လူများစုဒီမိုကရက်ခေါင်းဆောင် Chuck Schumer ကပြောပါတယ်။
လွန်ခဲ့တဲ့သီတင်းတပတ်ကျော်က တောင်ကယ်ရိုလိုင်းနားကမ်းရိုးတန်းမှာ ပစ်ချခဲ့တဲ့ တရုတ်မိုးပျံပူဖောင်းထက်တော့ အရွယ်အစားငယ်ကြောင်းလည်း ပြောဆိုခဲ့တာပါ။ ပထမဆုံးပစ်ချခဲ့တဲ့ ပေ ၂၀၀ လောက်အမြင့်ရှိတဲ့ မီးပုံပျံကိုတော့ တရုတ်နိုင်ငံက ထောက်လှမ်းရေးအတွက် အသုံးချနေတယ်လို့ အမေရိကန်တာဝန်ရှိသူတွေကစွပ်စွဲထားပေမဲ့ တရုတ်အစိုးရကတော့ အရပ်ဖက် သုတေသနလုပ်ငန်းအတွက်ဖြစ်ကြောင်း ကာကွယ်ပြောဆိုထားပြီး ပစ်ချဖျက်ဆီးခဲ့တဲ့အပေါ်မှာလည်း ပြင်းပြင်းထန်ထန် တုံ့ပြန်ထားပါတယ်။
============
[[Unicode]]