သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံခြားရေးဝန်ကြီးရဲ့ ဖြေရှင်းချက်များ


Menlu Birma, Wunna Maung Lwin
Menlu Birma, Wunna Maung Lwin

ဦးသိန်းထိုက်ဦး ။ ။ အမေရိကန်ပြည်ထောင်စုအပါအဝင် အနောက်နိုင်ငံတွေရဲ့ အရေးယူပိတ်ဆို့မှုတွေဟာ မြန်မာပြည်ရဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေကို အဟန့်အတားဖြစ်စေတယ်ဆိုပြီး ဒီအရေးယူဟန့်တားပိတ်ဆို့မှုတွေကို ရုတ်သိမ်းပေးဖို့ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် တောင်းဆိုလိုက်ပါတယ်။ ပြီးခဲ့တဲ့ စနေနေ့၊ အောက်တိုဘာလ (၂၂) ရက်နေ့က ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ဗွီအိုအေ မြန်မာပိုင်းအစီအစဉ်က အယ်ဒီတာ ဒေါ်ခင်စိုးဝင်းနဲ့ ဦးဝဏ္ဏမောင်လွင် သီးခြားတွေ့ဆုံ မေးမြန်းခန်းမှာ ဦးဝဏ္ဏမောင်လွင် က ပိတ်ဆို့ဒဏ်ခတ်မှုတွေဟာ လူထုကို အကြပ်အတည်းရောက်အောက်၊ အုံ့ကြွမှုတွေဖြစ်အောင၊် နိုင်ငံရေးအရ မတည်မငြိမ်ဖြစ်အောင် ရည်ရွယ်ချက်နဲ့ ပြဌာန်းထားတာဖြစ်တယ်လို့ ပြောဆိုပါတယ်။

မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့ထားတဲ့ အနောက်နိုင်ငံတွေကတော့ မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အဆုံးသတ်ရေး၊ အာဏာရှင်ဆန်တဲ့ အုပ်ချုပ်ရေးမှ ပါဝင်ပတ်သက်နေသူတွေနဲ့ အုပ်ချုပ်ရေးကို ပံ့ပိုးထားတဲ့လူတွေကိုပဲ ပစ်မှတ်ထားပြီး အရေးယူပိတ်ဆို့နေတာလို့ ပြောဆိုပါတယ်။ မြန်မာပြည် လွတ်မြောက်ရေးနဲ့ ဒီမိုကရေစီ အက်ဥပဒေ အပါအဝင်၊ တခြား အရေးယူပိတ်ဆို့မှုတွေကြောင့် ဥပဒေမဲ့ လုပ်ရပ်တွေကို ပံ့ပိုးရာရောက်မယ့် အမေရိကန်ဒေါ်လာ သန်းပေါင်းများစွာကို မြန်မာအစိုးရလက်ထဲ မရောက်အောင် တားဆီးနိုင်ခဲ့တယ်ဆိုပြီးတော့လည်း ပိတ်ဆို့ဒဏ်ခတ်ရေးကို ထောက်ခံတယ့် အမေရိကန်လွှတ်တော်အမတ်တွေက ဆိုပါတယ်။ ဒီလို အရေးယူပိတ်စို့မှုအပေါ် သဘောထားအမြင် အပါအဝင်၊ နိုင်ငံရေးအကျဉ်းသားတွေရဲ့ကိစ္စနဲ့ သတင်းလွတ်လပ်ခွင့်တွေနဲ့ ပတ်သက်လို့လည်း မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် ကို ဒေါ်ခင်စိုးဝင်း က မေးမြန်းခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ နိုင်ငံရေးလုပ်လို့ အဖမ်းခံထားရသူ မရှိဘူးလို့ ဦးဝဏ္ဏမောင်လွင် က ပြောဆိုပါတယ်။ နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့ လူ့အခွင့်အရေးအဖွဲ့တွေကတော့ မြန်မာနိုင်ငံအတွင်း နိုင်ငံရေးယုံကြည်ချက်ကြောင့် ဖမ်းဆီးခံထားရသူ နိုင်ငံရေးအကျဉ်းသား နှစ်ထောင်လောက် ရှိနေဆဲဖြစ်ပြီး အားလုံးကို လွှတ်ပေးဖို့ တောင်းဆိုနေပါတယ်။ ဒီအချိန်မှာပဲ ဦးဝဏ္ဏမောင်လွင် က အရင်တုန်းက စစ်အစိုးရဘက်က မကြာခဏပြောဆိုခဲ့တဲ့အတိုင်း ဖမ်းဆီးခံထားရသူတွေထဲမှာ နိုင်ငံရေးအကျဉ်းသားတွေ မရှိပါဘူးဆိုပြီး ထပ်မံပြောဆိုသွားတာ ဖြစ်ပါတယ်။

ဂျပန်ခရီးစဉ်က ပြန်လာတဲ့ ဦးဝဏ္ဏမောင်လွင် နဲ့ ဒေါ်ခင်စိုးဝင်း တို့ တွေ့ဆုံမေးမြန်းခဲ့တာတွေကို ဒီတပတ် မြန်မာ့ဒီမိုကရေစီရေး အစီအစဉ်မှာ တင်ပြထားပါတယ်။

ဒေါ်ခင်စိုးဝင်း ။ ။ အခု ဂျပန်နိုင်ငံခရီးစဉ်မှာ အရင်တုန်းက ဆိုင်းငံ့ထားတဲ့ ODA လို့ခေါ်တဲ့ ဂျပန်နိုင်ငံက ပေးအပ်နေတဲ့ ဖွံ့ဖြိုးမှုအကူအညီတွေကို ပြန်လည်ပေးအပ်မှာနဲ့ ပတ်သက်တာနဲ့ သူတို့ ဆွေးနွေးမယ်လို့ ပြောပါတယ်။ အဲဒီ ဆွေးနွေးမယ့်အထဲမှာလည်း ခြွင်းချက်နဲ့ ပြန်ပေးမယ့် အစီအစဉ်၊ လူမှု့ရေးနဲ့ ပတ်သက်တဲ့ အကူအညီတွေပေးမယ်။ ပြီးတော့ ဒီမိုကရေစီရေးကို ရှေ့ရှုမယ့် စီမံကိန်းတွေအတွက်ပေးမယ်။ ဝန်ကြီး အခုသွားခဲ့တဲ့ ခရီးစဉ်အတွင်းမှာ သူတို့ပြောထားတဲ့အတိုင်းပဲ စီမံကိန်းတွေနဲ့ ပတ်သက်ပြီးတော့ သူတို့ဘက်က ကမ်းလှမ်းမယ့် အကူအညီတွေ ရခဲ့ပါသလားရှင့်။

ဦးဝဏ္ဏမောင်လွင် ။ ။ အထူးသဖြင့်တော့ မြန်မာနိုင်ငံနဲ့ ဆက်ဆံရေးမှာ စာမျက်နှာတရပ် ဖွင့်လှစ်လိုတယ်ဆိုတဲ့ အနေအထားနဲ့ မြန်မာနိုင်ငံခြားရေးဝန်ကြီးကို ဂျပန်နိုင်ငံကို တရားဝင်ဖိတ်တာဖြစ်ပါတယ်။ ဒီသွားတဲ့အခါမှာ ODA တောင်းခံမှုကိစ္စတခုတည်းအတွက် သွားတာမဟုတ်ပါဘူး။ ODA တောင်းခံမှုကိုလည်း သူတို့ပြန်ပေးမယ်ဆိုတဲ့ အနေအထားတွေက သူတို့ဘက်က မီဒီယာတွေနဲ့ စတင်ပြောကြားတဲ့ကိစ္စတွေ ဖြစ်ပါတယ်။ ကျနော်ကတော့ နှစ်နိုင်ငံ ဆက်ဆံရေးကို တိုးမြှင့်ပြီးတော့ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုကိုလည်း ဆက်လက်ပြီး ဘယ်လိုပူးပေါင်း အကောင်အထည်ဖော်မလဲ။ စီးပွားရေး၊ ဖွံ့ဖြိုးတိုးတက်ရေးအပိုင်းတွေမှာ ဘယ်လိုပူးပေါင်း ဆောင်ရွက်မလဲဆိုတဲ့ အနေအထားတွေကို သွားရောက်ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။ အကူအညီထောက်ပံ့ရေးတွေနဲ့ ပတ်သက်လို့ကတော့ သူတို့အနေနဲ့ နှစ်နိုင်ငံ ဆက်လက်ပြီးတော့ ဆွေးနွေးသွားဖို့တွေ ရှိတယ်။ အရင်လုပ်လက်စ ရပ်ဆိုင်းနေတဲ့ စီမံကိန်းတွေနဲ့ ပတ်သက်ပြီးတော့လည်း နှစ်တွေကြာသွားတာ ဖြစ်တဲ့အတွက် သူတို့အနေနဲ့ လေ့လာရေးအဖွဲ့တွေ စေလွှတ်မယ်။ နောက်တခါ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး၊ ရင်းနှီးမြုပ်နံှမှုအပိုင်းမှာ ဘယ်လိုပူးပေါင်းဆောင်ရွက်ကြမယ်ဆိုတဲ့ အခွင့်အလမ်းတွေကို ပူးပေါင်းရှာဖွေကြမလဲ။ ပြီးတော့ ဖွံ့ဖြိုးတိုးတက်ရေး ပိုင်းဆိုင်ရာတွေမှာ ဘယ်လိုဆက်လက် ထောက်ပံ့မလဲဆိုတဲ့ နည်းလမ်းတွေ ရှာဖွေကြမယ်ဆိုတဲ့ ကိစ္စတွေကို ဆွေးနွေးခဲ့ပါတယ်။

ဒေါ်ခင်စိုးဝင်း ။ ။ နောက်တခုက အခု တဖြည်းဖြည်းနဲ့ နီးကပ်လာပါပြီ။ ၂၀၁၄ ခုနှစ်မှာ မြန်မာနိုင်ငံက အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ တာဝန်ယူပါမယ်။ ယူပါမယ်ဆိုပြီး အဆိုပြုထားတာ ရှိပါတယ်။ အဲဒီတော့ ဝန်ကြီးတို့အနေနဲ့ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ တာဝန်ယူမှုကို အဆင်သင့် ရှိပါပြီးလားရှင့်။

ဦးဝဏ္ဏမောင်လွင် ။ ။ ကျနော်တို့ကတော့ အဆင်သင့် ဖြစ်နေပါပြီ။ ၂၀၀၅ ခုနှစ် ASEAN Summit မှာကတည်းက မြန်မာနိုင်ငံအနေနဲ့ အဆင်သင့်ဖြစ်နေတဲ့အချိန်မှာ အချိန်မရွေး ပြန်ပြီး ဥက္ကဋ္ဌတာဝန်ကို ပြန်ယူနိုင်ပါတယ်ဆိုတဲ့ ဆုံးဖြတ်ချက် ကတိကဝတ်တွေလည်း ရှိခဲ့ပါတယ်။ ဒါပေမဲ့ ကျနော်တို့အနေနဲ့ အလှည့်ကျ ဥက္ကဋ္ဌကို ၂၀၁၄ ခုနှစ်မှာ အဆင်သင့်ဖြစ်ပြီဆိုတဲ့ အကြောင်းကို ဒီနှစ် ဧပြီလမှာပဲ တရားဝင်စာနဲ့ အကြောင်းကြားခဲ့ပြီး မေလမှာလုပ်ခဲ့တဲ့ 18th Summit မှာလည်း ဒီကိစ္စကို ဆွေးနွေးခဲ့ပါတယ်။ ဆွေးနွေးတဲ့အခါမှာ အာဆီယံဝန်ကြီးများအဆင့်မှာတော့ positively consider about ဆိုတဲ့ စာလုံးလေးနဲ့ အပြုသဘောဆောင်ပြီးတော့၊ စဉ်းစားပြီးတော့ သက်ဆိုင်ရာ နိုင်ငံခေါင်းဆောင်တွေကို ဆက်လက်ထောက်ခံ တင်ပြကြမယ်ဆိုတာတွေ ဆုံးဖြတ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ 18th Summit မှာပဲ ထိပ်သီးခေါင်းဆောင်တွေအပိုင်းမှာလည်း မြန်မာနိုင်ငံရဲ့ အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ယူရေးကို ထောက်ခံကြပါတယ်။ ဒါနဲ့ ပတ်သက်ပြီးတော့ လာမယ့် ၁၉ ကြိမ်မြောက် Summit မှာ ဆုံးဖြတ်ပေးမယ်။ ဒီ ဆုံးဖြတ်မပေးခင် ကာလအတွင်းမှာ လက်ရှိ အလှည့်ကျ ဥက္ကဋ္ဌဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးကို မြန်မာနိုင်ငံကို အလည်အပတ် ဖိတ်ခေါ်ပေးပါဆိုတဲ့ ကမ်းလှမ်းချက်တွေအရ ကျနော်အနေနဲ့ ဖိတ်ခေါ်ခဲ့ပါတယ်။ ဖိတ်ခေါ်ခဲ့တဲ့အတွက် လာမယ့် လကုန်ပိုင်းမှာ မာတင်အနေနဲ့ မြန်မာနိုင်ငံကို လာမှာဖြစ်ပါတယ်။

ဒေါ်ခင်စိုးဝင်း ။ ။ ဝန်ကြီး ဟိုတလောတုန်းက ကုလသမဂ္ဂညီလာခံမှာ မိန့်ခွန်းပြောကြားခဲ့တုန်းက မြန်မာနိုင်ငံကို တားဆီးပိတ်ဆို့ထားတဲ့ အရေးယူမှုတွေ၊ ပိတ်စို့မှုတွေ sanctions တွေကို ရုတ်သိမ်းပေးပါဆိုပြီး ဝန်ကြီးပြောတာကို ကြားမိပါတယ်။ အဲဒီတော့ အမေရိကန်ဘက်ကလည်း ပြောထားတာ ရှိပါတယ်။ Sanctions လုပ်ထားရတဲ့ အကြောင်းရင်းက ပြုပြင်ပြောင်းလဲမှု လုပ်မှ sanctions တွေ ရုတ်သိမ်းပေးလို့ရမယ်လို့ ပြောပါတယ်။ အဲဒီတော့ ဝန်ကြီးအနေနဲ့ ပိုပြီး မြန်မာနိုင်ငံအနေနဲ့ ပြုပြင်ပြောင်းလဲရေးတွေ ပိုပြီးဖြစ်လာအောင်ဆိုပြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးတယောက်အနေနဲ့ အစိုးရအဖွဲ့ကို ဘယ်လိုများ အကြံပြုချင်ပါသလဲရှင်။

ဦးဝဏ္ဏမောင်လွင် ။ ။ ကျနော်အနေနဲ့ကတော့ sanctions ဆိုတဲ့ ကိစ္စသည် political pressure ပေါ့။ နိုင်ငံရေး ဖိအားပေးမှုတရပ်အနေနဲ့ ကျင့်သုံးလာတယ်။ ကျင့်သုံးတာကလည်း တရားမျှတမှုမရှိဘူးဆိုတာကို ခံယူထားပါတယ်။ ဘာကြောင့်လည်းဆိုတော့ ဒီရည်ရွယ်ချက်တွေရဲ့ အရင်းအမြစ်မှာ ပြည်သူလူထုတွေ ကြပ်တည်းမယ်။ စားဝတ်နေရေးတွေ ခက်ခဲမယ်။ ဒီလိုဖြစ်လာရင် လူထုတွေက လမ်းပေါ်ထွက်လာပြီး ဆူပူမှုတွေ ဖြစ်လာမယ်။ အစိုးရတွေ ပြုတ်ကျမယ်။ ဒီလို ရည်ရွယ်ချက်မျိုးတွေနဲ့ လုပ်တာဆိုရင်တော့ မမှန်ကန်ပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ပထမဦးဆုံး ခံစားရမှာကတော့ ပြည်သူတွေဖြစ်တယ်။ ပြည်သူတွေအနေနဲ့ အကြပ်အတည်းတွေရောက်မယ်။ အကြပ်အတည်း အခြေအနေရောက်အောင် တွန်းပို့တဲ့ ဗျူဟာမျိုးဖြစ်တယ်။ မဟာဗျူဟာမျိုး၊ နည်းဗျူဟာမျိုး ဖြစ်နေတာကြောင့် ပြည်သူလူထုတွေ ပထမဦးဆုံး အခက်အခဲတွေ့မယ့် ကိစ္စဖြစ်ပါတယ်။ ကျနော်တို့ နိုင်ငံအနေနဲ့တော့ ဘယ်လိုပဲ ပိတ်ဆို့မှုတွေ လုပ်ပါစေ ကိုယ်ထူးကိုယ်ချွန်၊ ကိုယ့်အားကိုယ်ကိုး ဒါတွေကို ကျော်လွှာပြီးတော့ ဒီအဆင့်ထိရောက်အောင် ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီတော့ ဒီ pressure tactics တွေက မမှန်ကန်တော့ဘူး။ ပြည်သူလူထုကိုပဲ ထိခိုက်တယ်။ နောက်တခုကတော့ အခုအချိန်မှာလည်း pressure တွေ ရှိနေသိတိုင်း မြန်မာနိုင်ငံက ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းကို သွားနေပြီ။ မိမိရဲ့ အသွင်ကူးပြောင်းရေးမှာလည်း ကူးပြောင်းမှာလည်း ကူးပြောင်းသင့်တဲ့အချိန်မှာ တည်တည်ငြိမ်ငြိမ်နဲ့ စနစ်သစ်တရပ်ကို ကူးပြောင်းနေခဲ့တယ်။ အခြေခံစနစ်သစ်တရပ်ကို ကူးပြောင်းဖို့ အခြေခံတွေကို ခိုင်ခိုင်မာမာ။ ဒီကြားထဲ ပိတ်ဆို့မှုတွေကြားထဲက ကျနော်တို့ ကြိုးစားလာတယ်။ ဒီအတွက် မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုနဲ့ အရှိန်အဟုန်နဲ့ democratic society တရပ်နဲ့ ထူးထောင်နေတဲ့အချိန်မှာ ဒီလို pressure တွေ တဖတ်သက် ကန့်သတ်ထားတာ မမှန်တော့ဘူး။ နောက်တခုကတော့ လူသားတွေထဲမှာ လူ့အခွင့်အရေးနဲ့ ပတ်သက်လာလို့ရှိရင် လူ့အခွင့်အရေး အပြည့်အဝပေးရမယ်လို့ ပြောနေတဲ့ နိုင်ငံကြီးတွေအနေနဲ့ နိုင်ငံတနိုင်ငံနဲ့ ပြည်သူလူထုရဲ့ ဖွံ့ဖြိုးတိုးတက်မှု အခွင့်အရေး the rights to development ကို ဆက်ပိတ်စို့နေတဲ့ အနေအထားမျိုး ဖြစ်တဲ့အတွက်ကြောင့် မြန်မာနိုင်ငံသားတွေရဲ့ rights အနေနဲ့ ဒီ right တခုကို ရပိုင်ခွင့်တခုကို ပိတ်ဆို့တားဆီးတာ မမှန်ကန်ဘူး။ ဒါမို့လို့ ဒီ sanctions တွေ ရုတ်သိမ်းသင့်တယ်ဆိုတဲ့ အနေအထားနဲ့ ထည့်သွင်းပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ဒေါ်ခင်စိုးဝင်း ။ ။ Sanction ရုတ်သိမ်းမယ်၊ မရုတ်သိမ်းဘူးဆိုတဲ့ နေရာမှာ အခု အများဝိုင်းပြောနေကြတာက မြန်မာနိုင်ငံမှာ အခုလောလောဆယ် ပြုပြင်ပြောင်းလဲရေးတွေ လုပ်လာပါတယ်။ ဒါပေမဲ အခုရှိနေတဲ့ အကျဉ်းသားတွေ နိုင်ငံရေးအကျဉ်းသားတွေ၊ ယုံကြည်ချက်ကြောင့် အကျဉ်းကျနေတဲ့ နိုင်ငံရေးအကျဉ်းကျသားတွေအားလုံး မလွတ်သေးဘူး။ တိုင်းရင်းသားဒေသတွေမှာလည်း တိုက်ပွဲတွေ ဆက်လက်ဖြစ်နေတုန်းပဲ။ အဲဒါတွေကြောင့် အဲဒီကိစ္စတွေကို ဖြေရှင်းပေးဖို့လည်း လိုအပ်တယ်ဆိုပြီး ဝိုင်းဝန်ပြောဆိုတိုက်တွန်းနေကြတာပါ။ အဲဒါနဲ့ ပတ်သက်ပြီးတော့ ဝန်ကြီးဘယ်လို ပြောချင်ပါသလဲ။

ဦးဝဏ္ဏမောင်လွင် ။ ။ ဒါနဲ့ ပတ်သက်ပြီးတော့လည်း အကြိမ်ပေါင်းများစွာ ပြောခဲ့ပါပြီ။ နိုင်ငံရေးအကျဉ်းသား၊ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရတဲ့ အကျဉ်းသား။ မြန်မာနိုင်ငံရဲ့ position နဲ့ အနေအထားမှာတော့ ဒီဝေါဟာရတွေ မရှိပါဘူး။ ဒီ category တွေလည်း မရှိပါဘူး။ အကျဉ်းသားတွေကို သမ္မတကြီးအနေနဲ့ စာနာထောက်ထားပြီးတော့ ဖွဲ့စည်းပုံအခြေခံဥပဒေကနေ အပ်နှင်းထားတဲ့ အာဏာအရ လွတ်ငြိမ်းချမ်းသာခွင့် ခြောက်လတာ ကာလအတွင်းမှာ နှစ်ကြိမ်ပေးပြီးပါပြီ။ အဲဒီအထဲမှာလည်း ပြန်လည်ပြီးတော့ နိုင်ငံတော်ရဲ့ လုံခြုံရေးအတွက်ကိုလည်း အန္တရာယ်မရှိမယ့်လူမျိုးတွေ၊ နောက်တခါ ကျန်းမာရေးအရ ချို့တဲ့တယ့်လူတွေ၊ အသက်အရွယ် ကြီးရင့်တဲ့လူတွေ၊ စည်းကမ်းနဲ့ အကျင့်စာရိတ္တ ကောင်းမွန်စွာနဲ့ ပြုပြင်ထိန်းသိမ်းတဲ့လူတွေ အများအပြား ပါရှိလာပါတယ်။ ဒီလို ပါရှိတဲ့အထဲမှာလည်း တချို့ပြောနေတဲ့ ဒီခေါင်းစဉ်တပ်ထားတဲ့ လူတွေလည်း ပါကြပါတယ်။ အဲဒီတော့ ဒီအကျဉ်းကျနေတဲ့လူတွေမှာ နိုင်ငံရေးပါတီဝင်တချို့လည်း ရှိနိုင်တယ်။ နိုင်ငံရေးပါတီတွေနဲ့ ဆက်စပ်နေတဲ့လူတွေလည်း ပါနိုင်တယ်။ သို့သော် သူတို့ ဒီလို ပြစ်ဒဏ်ကျခံနေခြင်းသည် နိုင်ငံရေးလုပ်လို့ မဟုတ်ပါဘူး။ မြန်မာနိုင်ငံမှာ နိုင်ငံရေးလုပ်လို့ အကျဉ်းကျနေတာ မရှိပါဘူး။ ပြစ်ဒဏ် တည်ဆဲဥပဒေတခုကို ချိုးဖောက်လို့သာ ပြစ်ဒဏ်ကျခံနေရခြင်း ဖြစ်ပါတယ်။ အဲဒီတော့ လွတ်ငြိမ်းချမ်းသာခွင့် ပေးတယ်ဆိုတဲ့အခါမှာလည်း သူ့ရဲ့ အပြုအမှုနဲ့ အနေအထိုင်၊ အကျင့်အကြံ၊ ကျန်းမာရေး အခြေအနေတွေပေါ် မူတည်တယ်။ နောက် သူ့ရဲ့ မိသားစုအခြေအနေ၊ သူ့ရဲ့ နိုင်ငံရဲ့ ကောင်းရာကောင်းကျိုးကို စေတနာနဲ့ ပါဝင်ဆောင်ရွက်နိုင်စေလိုတဲ့ ဆန္ဒတွေနဲ့ လွတ်ငြိမ်းချမ်းသာခွင့်ကို ပြန်လည်ပေးအပ်ခြင်း ဖြစ်ပါတယ်။

ဒေါ်ခင်စိုးဝင်း ။ ။ ဟုတ်ကဲ့ နောက်ထပ် ထပ်လွှတ်ဖို့ ရှိပါသလားရှင့်။

ဦးဝဏ္ဏမောင်လွင် ။ ။ သမ္မတကြီးမှာ ဖွဲ့စည်းပုံအခြေခံဥပဒေ အပ်နှင်းထားတဲ့ အခွင့်အာဏာအရ သင့်လျော်တဲ့အချိန်တွေမှာ သမ္မတကြီးအနေနဲ့ ဒါကို လွတ်ငြိမ်းချမ်းသာခွင့် ပေးခွင့်ရှိပါတယ်။

ဒေါ်ခင်စိုးဝင်း ။ ။ နောက်တခုက ကျမတို့ နိုင်ငံခြားမှာရှိနေတဲ့ သံရုံးအသီးသီးကို ပြည်ပရောက် မြန်မာနိုင်ငံသားတွေက အားကိုးကြပါတယ်။ အခက်အခဲရှိတဲ့အခါမှာ သွားပြီး အကူအညီတောင်းကြတာတွေ ရှိပါတယ်။ ဒါပေမဲ့ တချို့ သံရုံးတွေက များသောအားဖြင့် ပြောကြတာက အခွန်ပဲကောက်တယ်။ ပြီးတော့ တကယ်တမ်း အကူအညီကြတော့ မပေးကြဘူး။ နောက်တခါ ထောက်ခံစာလေး သွားတောင်းတဲ့အခါကြရင်လည်း တော်တော်လေးကို ခက်ခက်ခဲခဲ လုပ်ကြပါတယ်။ ဝန်ကြီးအနေနဲ့ ဒီလိုမျိုး သံရုံးမှာရှိတဲ့ သံအရာရှိတွေ၊ သံဝန်ထမ်းတွေ အကုန်လုံးကို မြန်မာနိုင်ငံသားတွေ အရေးနဲ့ ပတ်သက်ပြီးတော့ အကူအညီပေးဖို့များ ဝန်ကြီး ညွန်းကြားဖို့ ရှိပါသလားရှင့်။

ဦးဝဏ္ဏမောင်လွင် ။ ။ ဒါက ကျနော်အနေနဲ့ သံရုံးအားလုံးကို ညွှန်းကြားထားပြီးဖြစ်ပါတယ်။ သံရုံးတွေမှာ ရှိနေတဲ့ သံတမန်ဝန်ထမ်းတွေရဲ့ ပင်မတာဝန်ထဲမှာ တခုက ပြည်ပမှာရောက်နေတဲ့ မြန်မာနိုင်ငံသားတွေရဲ့ အကျိုးစီးပွားကို ကာကွယ်ပေးဖို့ဆိုတာ ပါပါတယ်။ ဒါမို့လို့ သံတမန်ဝန်ထမ်းတွေအနေနဲ့ နိုင်ငံရပ်ခြားမှာ တာဝန်ထမ်းဆောင်တဲ့အခါမှာ မိမိတာဝန်ထမ်းဆောင်တဲ့ နေရာမှာရှိနေတဲ့ မြန်မာနိုင်ငံသားတွေ အကျိုးကို ဆောင်ရွက်ပေးရမယ်။ နိုင်ငံသားတွေ အခွန်ဆောင်တဲ့အခါမှာလည်း လွယ်ကူမှန်ကန်စွာ လုပ်ပေးရသလို၊ တချို့ သူတို့လိုချင်၊ လိုအပ်တဲ့ အခက်အခဲတွေကိုလည်း ကူညီဖြေရှင်းပေးရမယ်။ သို့သော်လည်း ထောက်ခံချက်ပေးတယ်။ တခါ အာမခံချက်တွေ ပေးရတယ်ဆိုရင် ကျနော်တို့ အသုံးနဲ့ဆိုရင် attestation တွေ ဒီလိုဟာမျိုးတွေ ပေးရတဲ့အခါမှာတော့ သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေ ရှိပါတယ်။ ဒီစည်းမျဉ်းစည်းကမ်းထဲကနေပြီး ပြည့်ပြည့်ဝဝ ဆောင်ရွက်ပေးဖို့ နိုင်ငံခြားမှာ မြန်မာနိုင်ငံသားတွေ အခက်အခဲတွေ့နေတယ်၊ ဒုက္ခတွေ့နေတယ်ဆိုလို့ရှိရင်လည်း တတ်နိုင်သမျှ ဆောင်ရွက်ပေးနိုင်ဖို့ အားလုံးကို ညွန်းကြားထားပြီး ဖြစ်ပါတယ်။ မီဒီယာတွေနဲ့ ပတ်သက်ပြီးတော့လည်း ကျနော်တို့ အစိုးရအနေနဲ့ ကျနော်တို့ ဆောင်ရွက်ချက်တွေကို ပွင့်ပွင့်လင်းလင်း၊ ထင်သာမြင်သာ ရှိစွာနဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို ကျနော်တို့ တက်တက်ကြွကြွ အရှိန်အဟုန်နဲ့ လုပ်နေတာဆိုတာကို အားလုံးအနေနဲ့ အသိပေးချင်တယ်။ အားလုံးကို သိစေမြင်စေချင်တယ်။ မီဒီယာတွေအနေနဲ့လည်း မိမိတို့ရဲ့ ကျင့်ဝတ်နဲ့အညီ မှန်ကန်မျှတတဲ့ သတင်းတွေကို ပေးနိုင်ဖို့ကိုလည်း ကျနော်ကလည်း မှန်မှန်ကန်ကန် ဖြောင့်ဖြောင့်မတ်မတ်နဲ့ အရှိကိုအရှိအတိုင်း တကယ့် ပကတိဖြစ်ရပ်မှန်အတိုင်း သတင်းတွေကို ပေးချင်ပါတယ်။ ဒါကြောင့်မို့လည်း ဒီကနေ လက်ခံတွေ့ဆုံပြီး ဆွေးနွေးခဲ့ခြင်း ဖြစ်ပါတယ်။

ဦးသိန်းထိုက်ဦး ။ ။ မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် နဲ့ ဗွီအိုအေမြန်မာပိုင်း အစီအစဉ်က ဒေါ်ခင်စိုးဝင်း တို့ ဘန်ကောက်မြို့မှာ တွေ့ဆုံမေးမြန်းခဲ့တာ ဖြစ်ပါတယ်။

XS
SM
MD
LG