ဒီတပတ် မြန်မာ့ဒီမိုကရေစီရေးရာ ဆွေးနွေးခန်းမှာ လူထုအုံ့ကြွမှုနဲ့ ဒီမိုကရေစီပြောင်းလဲမှု ဘယ်လိုဆက်နွှယ်မှုရှိ၊ ပြည်သူလူထုအနေနဲ့ ဘယ်လို ပါဝင်လုပ်ဆောင်သင့်သလဲဆိုတာကို ဦးသန်းလွင်ထွန်း က ဗြိတိန်နိုင်ငံ မဟာဗျူဟာလေ့လာရေးဌာန က မြန်မာ့အရေး သုံးသပ်သူ ဒေါက်တာဇာနည် ကို ဆက်သွယ်မေးမြန်း ဆွေးနွေးထားပါတယ်။
ဦးသန်းလွင်ထွန်း ။ ။ လစ်ဗျား (Libya) နိုင်ငံ အာဏာရှင်ခေါင်းဆောင် Moammar Gadhafi အောက်တိုဘာလ ၂၀ ရက်နေ့ကပဲ လက်နက်ကိုင်အုံ့ကြွတော်လှန်သူများရဲ့ လက်ချက်နဲ့ ဇာတ်သိမ်းသွားခဲ့ပါသည်။ အာရပ်တော်လှန်ရေး လှိုင်းတံပိုးနဲ့အတူ တူးနီးရှား (Tunisia)၊ အီဂျစ် (Egypt) ခေါင်းဆောင်တွေ ပြုတ်ကျခဲ့ပြီး အခု ဂဒါဖီရဲ့ အဖြစ်ကတော့ အဆိုးဆုံးပါ။ အာရှတိုက်က မြန်မာနိုင်ငံမှာလည်း လူထုအုံ့ကြွမှုတွေ ဖြစ်လာမလားလို့ မျှော်လင့်ပြီး အာဏာပိုင်တွေကို ဖြုတ်ချနိုင်ဖို့ စိတ်ကူးယဉ်နေသူတွေ ရှိနေပါတယ်။ ဒါပေမဲ့လည်း ဒီအခြေအနေတွေ တူနိုင်မလားဆိုတာကို ဗြိတိန်နိုင်ငံ မဟာဗျူဟာလေ့လာရေးဌာနက မြန်မာ့အရေးလေ့လာသုံးသပ်နေသူ ဒေါက်တာဇာနည် ကို ကျနော် ဆက်သွယ်မေးမြန်းထားပါတယ်။
ကိုဇာနည် ။ ။ နံပတ်တစ် သင်ခန်းစာကတော့ ပြည်သူ့ရဲ့ ထောက်ခံမှု၊ ပြည်သူ့ရဲ့ ကြည်ညိုမှု၊ လေးစားမှု မရှိဘဲနဲ့။ ဆိုလိုတာကတော့ ပြည်သူ့မေတ္တာခံယူမှု မရှိဘဲနဲ့ အာဏာယူထားတဲ့ ခေါင်းဆောင်တွေ ဗမာပြည်မှာဖြစ်ဖြစ်၊ တခြားနိုင်ငံမှာပဲဖြစ်ဖြစ် သူတို့မှာ ကြောက်လန့်၊ ကျီးလန့်စာစာ ဘယ်လောက်ပဲ ချမ်းသာချမ်းသာ၊ ဘယ်လောက်ပဲ လက်နက်အင်အားတောင့်တောင့် ကျီးလန့်စာစာ နေရတဲ့ဘဝက ဘယ်တော့မှ လွတ်မှာမဟုတ်ဘူး။ အဲဒါကတော့ ရှင်းတယ် - ဆဒမ်ဟူစိန် (Saddam Hussein) ကြိုးစင်ပေးခံရတာကိုပဲကြည့်ကြည့်၊ နောက်တခါ ဂဒါဖီ (Gaddafi)
ခွေးသေ၊ ဝက်သေ သေတဲ့ပုံစံမျိုးပဲဖြစ်ဖြစ် အာရှတိုက်မှာဆိုရင် ပတ်ချုန်းဟီ (Park Chung Hee) ဆိုရင် ၁၉၇၀ ပတ်ဝန်းကျင်မှာ ညစာ ထမင်းစားပွဲမှာ သူ အသတ်ခံရတယ်။ ဆူဟာတို (Suharto) ဆိုရင်လည်း အကျယ်ချုပ်ခံရတယ်။ ပြည်သူ့မေတ္တာ ခံယူမှု မရှိတဲ့ခေါင်းဆောင်တွေကတော့ အထူးသဖြင့်တော့ ကျီးလန့်စာ နေရတယ်လို့ မြင်မိတယ်။
ဦးသန်းလွင်ထွန်း ။ ။ အခု ဒီအခြေအနေမှာ စိတ်ဝင်တစားနဲ့ သုံးသပ်လာကြတာက အထူးသဖြင့် အာရပ်ဖက်မှာ ဖြစ်ခဲ့တဲ့ အဖြစ်အပျက်တွေကို ကြည့်မယ်ဆိုရင် ဒါက နှစ်ပေါင်းကြာရှည် အာဏာရှင်တွေရဲ့ ဖိနှိပ်မှုအောက်မှာ နေနေရတာကနေ အပြောင်းအလဲ တစုံတရာကို တောင့်တလာပြီးတော့ ဖိနှိပ်ခံရလို့ အုံ့ကြွလာတဲ့ လူထုအနေနဲ့ အာဏာရှင်တွေကို ဖြုတ်ချလိုက်တဲ့ အနေအထားအထိ တချို့နိုင်ငံတွေမှာ ရောက်ခဲ့တယ်။ အနောက်နိုင်ငံတွေရဲ့ ကူညီအားပေးမှုတွေ၊ ပြင်ပဘေး နိုင်ငံတွေရဲ့ ကူညီမှုတွေလည်း ပါကောင်းပါလိမ့်မယ်။ ဒါပေမဲ့ ဒီလို အခြေအနေမျိုးတွေဟာ အာရှတိုက်၊ မြန်မာနိုင်ငံလို မြောက်ကိုရီးယား လို နိုင်ငံမျိုးတွေမှာ အလားတူဖြစ်လာနိုင်မယ့် အနေအထားတွေ ရှိသလား။
ကိုဇာနည် ။ ။ ကျနော် ထင်တာကတော့ လူထုထကြွပြီးတော့ ပုန်ကန်လို့၊ လက်နက်ကိုင်တာပဲဖြစ်ဖြစ်။ အနုနည်းနဲ့ ဂန္ဒီ (Gandhi) ပုံစံမျိုး၊ မာတင်လူသားကင် (Martin Luther King) တို့လို့ ပုံစံမျိုး၊ အနုနည်းနဲ့ အာဏာဖိဆန်ပြီး။ ကျနော်တို့ဆီမှာလည်း ရှိပါတယ်။ ဝံသာနု ဂျီစီဘီအေ ခေတ်ထဲက စပြီး ရှိခဲ့တာ - သပိတ်မှောက်တယ်ဆိုတာ။ အဲဒီလို အနုနည်းနဲ့ဖြစ်ဖြစ်၊ အကြမ်းဖက်နည်းနဲ့ဖြစ်ဖြစ် အုပ်ချုပ်မှုက ယိုးယွင်းပျက်ဆီးပြီး၊ မတရား ပြည်သူကို ဖိနှိပ်ပြီး ပြည်သူ့စားဝတ်နေရေး အဆင်မပြေဘူး။ နိုင်ငံရဲ့ ဂုတ်သွေးစုပ်တဲ့ အနေအထားရောက်လာရင်တော့ ဒါအမြဲတမ်း အဲဒီအခြေအနေက ရှိတယ်။ ဘာဖြစ်လို့လည်းဆိုတော့ သံဃာအရေးအခင်း ၂၀၀၇ မတိုင်ခင်လေးမှာ သြဂုတ်၊ စက်တင်ဘာလမှာ ကိုမင်းကိုနိုင်၊ ကိုဌေးကြွယ် နဲ့ တခြား ၈၈ ကျောင်းသားခေါင်းဆောင်ဟောင်းတွေနဲ့ တခြားခေါင်းဆောင်တွေပေါင်းပြီးတော့ ကုန်ဈေးနှုန်းတွေ ကျရေးလုပ်ခဲ့တာရှိတယ်။ အဲဒါပြီးတဲ့နောက်မှာ သံဃာတော်တွေရဲ့ အရေးအခင်း ၂၀၀၇ မှာ လာတယ်။ အဲဒီတော့ အဲဒီအချိန်တုန်းက ဘယ်သူကမှ ပညာရှင်တွေဆိုရင် ကျနော်အပါအဝင် David Steinberg, ကျနော် ပညာရှင် ၉၉.၉ ရာခိုင်နှုန်းက ဗမာပြည်မှာ လူထုအုံ့ကြွမှု လုံးဝမဖြစ်နိုင်ဘူးလို့ သတ်မှတ်ထားပြီးသာ။ အဲဒီအချိန်မှာ ထပ်ဖြစ်တဲ့ဆိုတော့ ကျနော်တို့လည်း ရှင်းရှင်းပြောရရင် လူထုထက် နှစ်ရက်သုံးရက် ကြိုသိတဲ့အနေအထားကလွှဲလို့ရှိရင် တကယ်တမ်းမှာ ကျနော်တို့မှာလည်း ဒိဗ္ဗ စက္ခုဉာဏ် မရှိတော့ အဲဒါကို ဖြစ်မလာ မဖြစ်ဘူးလားဆိုတာကို မပြောနိုင်ဘူး။ ဒါပေမဲ့ ဖြစ်ဖို့အခြေအနေရှိလာဆိုရင်တော့ လုံးဝရှိတယ်။
ဦးသန်းလွင်ထွန်း ။ ။ နိုင်ငံတနိုင်ငံမှာ ဒီမိုကရေစီစနစ်ကို အသွင်ပြောင်းကြဖို့ အခြေအနေတွေ စေ့ဆော်လာပြီဆိုရင် တချို့ကတော့ အောက်ခြေလူတန်းစားကနေ အုံ့ကြွပြီးတော့ တောင်းဆိုလာတဲ့အတွက်ကြောင့် ဖိနှိပ်တဲ့ စနစ်ကြီးတရပ် ပြိုလဲပြီး ဒီမိုကရေစီစနစ်ကို ပြောင်းလဲသွားတယ်။ နောက်တမျိုးကတော့ ခေါင်းဆောင်တွေပိုင်းက သဘောပေါက် နားလည်လာပြီး လူထုတွေလည်း သိပ်မကျေနပ်ဘူး။ အဲဒီတော့ သူတို့ကိုယ်တိုင်က ပြုပြင်ပြောင်းလဲရေးကို လိုလားပါတယ်ဆိုပြီးတော့ အထက်ပိုင်းကတော့ သဘောပေါက်ပြီးတော့ အပြောင်းအလဲတွေ စလုပ်လာတဲ့သဘော။ ဒီလို အတွေးအခေါ် နှစ်ရပ်။ အဲဒီလို အခြေအနေမျိုးမှာ တချို့ ပညာရှင်တရပ်ကတော့ မြန်မာနိုင်ငံမှာ စစ်တပ်ခေါင်းဆောင်တွေက ဗမာနိုင်ငံမှာ ပြောင်းလဲမှုကို လိုနေပါပြီဆိုတာကို သဘောပေါက်တဲ့အတွက်ကြောင့် ပြောင်းလဲမှုတွေကို တဖြည်းဖြည်းလုပ်နေပြီ။ အလားတူပဲ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံမှုတွေဘာတွေ လုပ်လာနေပြီ။ တဖြည်းဖြည်းပေါ့။ အခုအခြေအနေမျိုးမှာ လူထုဆန္ဒပြမှုတွေ လမ်းမပေါ်ထွက် အုံ့ကြွမှုတွေဖြစ်လာရင် ဒီလို ပြုပြင်ပြောင်းလဲမှုအရှိန်ကို ထိခိုက်သွားစေလိမ့်မယ်လို့တောင် တွေးခေါ်ပြီး ပြောလာကြတာရှိတယ်။ ဒါနဲ့ ပတ်သက်ပြီး ဒေါက်တာဇာနီအနေနဲ့ ဘယ်လိုမြင်ပါသလဲ။
ကိုဇာနည် ။ ။ အောက်ခြေက ဆန္ဒပြတာ၊ အောက်ခြေက မကျေနပ်မှု၊ ခံစားမှုတွေနဲ့ အုံ့ကြွလာလို့ ပြောင်းတာကတမျိုး။ နောက်တခါ အထက်ကနေ ဦးစီးဦးဆောင်လုပ်ပြီးတော့ တိုင်းပြည်ကိုပြောင်းဖို့ လုပ်တဲ့နေရာမှာ ကျနော်ထင်တယ် ideas နှစ်ခု။ အတွေးအခေါ်နှစ်ခုက တကယ်တမ်းကြတော့ အဲဒီ နှစ်ခုကို ခွဲဖို့ဆိုတာ ရေကို ဓါးနဲ့ ခုတ်သလိုပဲ။ အဲဒီ နှစ်ခုက လုံးဝ ဆက်နွှယ်နေတယ်။ ကျနော်တို့နိုင်ငံအနေအထားမှာ ကြည့်လိုက်လို့ရှိရင် အခုပြောနေတဲ့ သမ္မတသိန်းစိန်တို့၊ သူ့အနားမှာရှိတဲ့ သူရရွှေမန်းတို့ တခြားလူတွေ အကုန်လုံးက ထိပ်ပိုင်းကနေ သမ္မတရဲ့ အကြံပေးဆိုတဲ့ ပုဂ္ဂိုလ်တွေပြောတာကိုလည်း နားထောင်ကြည့်လိုက်ပါ။ နေဇင်လတ်၊ ဦးကိုကိုလှိုင် တို့ပြောတာကို နားထောင်ကြည့်လိုက်ရင် ကျနော်တို့နိုင်ငံက သူများနိုင်ငံတွေနဲ့ မတူတာက ဘာလဲဆိုတော့ လူကြီးတွေကိုယ်တိုင်က တိုင်းပြည်ကို ကောင်းလာအောင် ပြောင်းနေပါတယ်ဆိုတာ။ တကယ်တမ်းက အဲဒါက မှားတယ်။ အတိအကျ မမှန်ဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ကျနော်တို့က ဒီလူကြီးတွေက တိုင်းပြည်မှာ အာဏာယူထားတဲ့ ပုဂ္ဂိုလ်တွေက ထိပ်ကနေ ပြောင်းဖို့လုပ်နေတယ်ဆိုတာ တကယ်တမ်းကြလို့ရှိရင် အောက်ကနေ တက်လာတဲ့ ဖိအား။ ပြည်တွင်းမှာရှိတဲ့ ပြည်သူတွေရဲ့ စားဝတ်နေရေး၊ နိုင်ငံရေး မကျေနပ်မှုတွေ ဒါတွေ။ အဲဒီ ဖိအားတွေကို ပြည်တွင်းဖိအားတွေကို တုံ့ပြန်တာဖြစ်တယ်။ အဲဒါမျိုးကြတော့ ကျနော်တို့က Georgetown က David Steinberg တို့ဘာတို့ ပြောတဲ့ဟာမျိုးကို မှန်တယ်လို့ ပြောလို့မရဘူး။ ကျနော်အနေနဲ့ လုံးဝလက်မခံဘူး။ ဘာဖြစ်လို့လည်းဆိုတော့ အောက်ကလာတဲ့ ဖိအားနဲ့ အထက်ကနေ တုံ့ပြန်မှု အဲဒီနှစ်ခုက အမြဲတမ်း ဆက်နွှယ်နေတယ်။ အဲဒါကို ကျနော်တို့ ခွဲကြည့်လိုက်ပြီးတဲ့အခါကြတော့ အထက်ကလူတွေ လုပ်နေလို့ အောက်ကလူတွေ ခေါင်းလေးငုံပြီး နောက်ကနေပြီး ဘယ်လိုပြောမလဲ ရှေ့ကနွားသွားတာကို နောက်ကဖြောင့်ဖြောင့်လိုက်ပါဆိုတဲ့ ဗမာရှေးထုံးပုံစံနဲ့ လုပ်ရင် မှားမယ်။ ဘာဖြစ်လို့လည်းဆိုတော့ ဒီမိုကရေစီဖြစ်တယ်ဆိုတာ ပြည်သူက ကိုယ့်အားကိုယ်ကိုး ကိုယ့်အမြင်နဲ့ ကိုယ့်ရဲ့ဂုဏ်သိက္ခာနဲ့ ကိုယ့်ရဲ့ idea နဲ့ ငါတို့က လူသားအစစ်အမှန် ဖြစ်တဲ့ လူစိတ်နဲ့ သွားနေတဲ့အခါမှာ ရှေးတုန်းကပြောသလို အစိုးရဆိုတာ ဘဝရှင်မင်းတရားကြီးက တိုင်းသူပြည်သားတွေအားလုံး၊ ပြည်သူပြည်သားတွေအားလုံးကို ကျောသားရင်သား မခွဲဘဲနဲ့ဆိုပြီး သူ့ကိုယ်သူ အဖေလိုလို၊ ပထွေးလိုလို အမြင်နဲ့ ဆက်ဆံတယ်။ အဲဒီ စိတ်၊ အဲဒီ ခေါင်းဆောင်မှု model မျိုးနဲ့ ကျနော်တို့ကသွားလို့။ အဲဒါကို လိုက်လို့မရဘူး။ ဒီမိုကရေစီစနစ်ဆိုတာ ပြည်သူက ဦးဆောင်တဲ့စနစ်။ အရေးကြီးဆုံးက ဘာလဲဆိုတော့ Steinberg တို့ တခြား ပညာရှင်တွေဆိုတဲ့ ဗမာပြည်ရဲ့ အရေးကို လေ့လာတဲ့လူတွေ အကုန်လုံးပြောနေကြတာ ဘာလဲဆိုတော့ ပြုပြင်ပြောင်းလဲရေး reform လုပ်တဲ့လူတွေ နားလည်းကြည့်။ အဲဒီလုပ်တဲ့လူတွေကို ထပ်မတွန်းပါနဲ့ ဖိအားမပေးပါနဲ့ ဘာဖြစ်လို့လည်းဆိုတော့ အဲဒါဆိုရင် hardliner ဆိုတဲ့ မပြောင်းချင်တဲ့လူတွေရဲ့ လက်ထဲကို အာဏာပြန်ရသွားမယ်ဆိုတာ တကယ်တမ်း အဲဒါမှားတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ပြည်သူရဲ့ ဖိအားကြောင့်၊ ပြည်သူရဲ့ မကျေနပ်မှုကြောင့်တွေမို့ သူတို့က ဒါကိုတုံ့ပြန်တာကို လိုအပ်တာက ပြည်သူက ပိုပြီးထပ်တွန်းရမယ်။ ကိုယ်လုပ်ချင်တာ ကိုယ်လုပ်ရမယ်။
ဦးသန်းလွင်ထွန်း ။ ။ ဒါပေမဲ့လည်း အဲဒီလို တွန်းတဲ့အခါမှာ တွန်းတဲ့နေရာမှာ လမ်းမထွက် ဆန္ဒပြမှုတွေ ပေါ်လာတယ်။ ဒါမှမဟုတ် ရုန်းရင်ဆန်ခတ်မှုတွေ ဖြစ်လာတယ်ဆိုလို့ရှိရင် အခြေအနေက ပိုမဆိုးသွားနိုင်ဘူးလား။
ကိုဇာနည် ။ ။ ကျနော်ထင်တယ် ဆန္ဒပြတယ်ဆိုတာ အမျိုးမျိုးရှိတယ်။ ဆန္ဒပြတယ်ဆိုတာ ဒီမိုကရေစီစနစ်ကို ရောက်အောင်သွားနေတယ်။ အဲဒီ ဒီမိုကရေစီဘက်ကို ဦးတည်ပြီးတော့ စသွားနေပြီ။ ဦးတည်ထားရုံမကဘူး။ ဦးကိုကိုလှိုင်၊ ဦးနေဇင်လတ် တို့ ပြောနေတာကို ကြည့်လိုက်မယ်ဆိုရင် ရထားကြီးက ဘူတာထဲက ထွက်သွားပါပြီ။ သူတို့ဆိုလိုတာက ကျနော်တို့ နိုင်ငံမှာ လက်ရှိ စနစ်ကြီးက ဒီမိုကရေစီဘက် ခေါင်းတည်စသွားနေပြီ။ သွားနေတဲ့အခါကြရင် ကျနော်တို့ ဒီမိုကရေစီ ဘယ်နေ့ ဘယ်အချိန်ကြမှ နက္ခဗေဒပညာတွေနဲ့ တွက်ပြီးမှ ဒီမိုကရေစီရပါပြီဆိုပြီး ကြေညာပြီး စည်းတွေမောင်းတွေနဲ့ လုပ်စရာအကြောင်း မရှိဘူး။ ဒီမိုကရေစီဘက်ကို စသွားပြီးဆိုရင် ဒီမိုကရေစီနည်းအရ ပြည်သူတွေကလည်း လိုက်ရမယ်။ ပြည်သူလိုက်မယ်ဆိုရင် ဒီမိုကရေစီနည်းထဲမှာ ဘာပါလဲဆိုရင် ပြည်သူက လွတ်လပ်စွာ ပြောဆိုပိုင်ခွင့်ရှိတယ်။ ဆန္ဒပြပိုင်ခွင့် ရှိတယ်။ အစိုးရ အဆောက်အဦးတွေကို မီးရှို့မယ်၊ ရဲတွေကို ခဲနဲ့ပေါက်မယ်။ ဒါဆိုရင်တော့ အကြမ်းဖက်တဲ့လိုင်းကို ပါသွားမယ်။ ဒါပေမဲ့ ပြည်သူက နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးပါဆို ဆန္ဒပြတာမျိုး။ ဒါမှမဟုတ်လို့ရှိရင် အလုပ်ပြုတ်တာ မတရားလို့ ဒါကို ဆန္ဒပြမယ်။ နောက်တခါ လုပ်ခနည်းတာကို တိုးပေးဖို့ ဆန္ဒပြမယ်။ လုပ်ခွင့်ရအောင်။ နောက်တခါ မြစ်တွေမှာ ဆည်တွေမတရား ဆောက်ပြီးတော့ ပြည်သူတွေ ဒုက္ခရောက်မယ့် စီမံကိန်းတွေကို စိုးရိမ်လို့ ဆန္ဒပြမယ်။ ဒါတွေ ဆန္ဒပြတယ်ဆိုတာက ဒီမိုကရေစီအစိုးရအနေနဲ့ ဒါကို လက်မခံဘဲနဲ့ လုံးဝမရဘူး။ ကျနော်ဆိုလိုတာက ဆန္ဒပြတာက ပြဿနာ မဟုတ်ဘူး။ ဒီမိုကရေစီ လိုလားတဲ့ အစိုးရဆိုလို့ရှိရင် ဆန္ဒပြတာက ပြည်သူ့ရဲ့ အခွင့်အရေး။ ဆန္ဒပြသူကိုလည်း ရိုက်စရာလည်း မလိုဘူး။ အိပ်တဲ့အချိန်မှာ သွားဖမ်းစရာလည်း မလိုဘူး။ ၅ (ည) နဲ့ ထောင်ချစရာလည်း မလိုဘူး။ အာဏာကို ပြည်သူ့လက်ထဲမှာပဲ ရှိတဲ့ဆိုတဲ့ စိတ်ဓါတ်ကို နိုင်ငံရေး အဆောက်အအုံထဲမှာရော၊ နိုင်ငံရေးခေါင်းဆောင်လုပ်တဲ့ တပ်မတော် ပုဂ္ဂိုလ်တွေရဲ့ ခေါင်းထဲကို မရောက်မချင်း ဒီမိုကရေစီဘက်ကို သွားနေတယ်လို့ ပြောရမှာက အတော်ခက်နေမယ်။
ဦးသန်းလွင်ထွန်း ။ ။ အဲဒီတော့ ဒေါက်တာဇာနည်ရဲ့ သဘောက လက်ရှိအချိန်မှာ ဒေါ်အောင်ဆန်းစုကြည် တို့လို အတိုက်အခံခေါင်းဆောင်တွေ၊ ဒါမှမဟုတ်ရင် ပြည်သူ့လွှတ်တော်ထဲမှာ ရောက်နေတဲ့ နိုင်ငံရေးသမားတွေအနေနဲ့ အစိုးရနဲ့ ညှိနှိုင်းပြီးတော့ ဒီမိုကရေစီ လမ်းဖက်ကို ရောက်အောင် ညှိနှိုင်းယူ လုပ်နေတဲ့အချိန်မှာ ပြည်သူတွေအနေနဲ့လည်း ကိုယ့်ရဲ့ ရပိုင်ခွင့်၊ အခွင့်အရေးတွေကိုသုံးပြီး ဆန္ဒပြစရာရှိတာပြ၊ လုပ်စရာရှိတာလုပ်။ ဒါပေမဲ့ စည်းကမ်းတကျ လုပ်ဆောင်ကြဖို့ဆိုတဲ့ အချက်ကို မီးမှောင်ထိုးပြချင်တဲ့ သဘောပေါ့။
ကိုဇာနည် ။ ။ ဟုတ်တယ်။ ၁၉၄၆-၄၇ အင်္ဂလိပ်ပြန်ဝင်လာပြီး လွတ်လပ်ရေး ညှိနှိုင်း စပြီး။ အင်္ဂလိပ်နဲ့ လွတ်လပ်ရေး စတင်ဆွေးနွေးတဲ့အချိန်မှာ ဗိုလ်ချုပ်အောင်ဆန်း၊ သခင်သန်းထွန်း၊ ဦးသိန်းဖေမြင့်၊ သခင်စိုး တို့ အကုန်ပါတယ်။ အားလုံးက အစောပိုင်းမှာ ဒီဟာကို ပေါင်းပြီး။ ဦးနု တို့ ဖဆပလခေတ်မှာ လုပ်တဲ့ဟာကို ကြည့်ပါ။ လူတွေက ကိုယ့်အလုပ်ကို ကိုယ်လုပ်နေကြတာ။ ဗိုလ်ချုပ်အောင်ဆန်းမှာ ပြည်သူ့ရဲဘော်ဆိုပြီး ဖွဲ့ထားတဲ့တပ်လည်းရှိတယ်။ နောက်တခါ ဗမာပြည်ရဲ့ Burma Army ဆိုပြီး ထပ်ပေါ်လာတယ်။ နောက်တခါ သခင်သန်းထွန်းတို့၊ သခင်စိုးတို့ ကလည်း အလုပ်သမား၊ လယ်သမားတွေကို စည်းရုံးတာတွေ ရှိနေတယ်။ ဗိုလ်ချုပ်အောင်ဆန်းကလည်း ဘုရင်ခံရဲ့ အတိုင်ပင်ခံ အဖွဲ့ထဲမှာ ဝင်ပြီးတော့ ဒုတိယ ဥက္ကဋ္ဌအနေနဲ့ ဝင်လုပ်နေတယ်။ အဲဒီတော့ ဆိုလိုတာက ကျနော်တို့က ဒေါ်အောင်ဆန်းစုကြည် က သမ္မတဦးသိန်းစိန် နဲ့ ထိုင်စကားပြောနေလို့ ကျန်တဲ့လူတွေက ငြိမ်နေရမယ်။ ကိုဇာဂနာ က ဘာလုပ်နေလို့ ကျန်တဲ့လူတွေက ကိုဇာဂနာ ဆီက ပြောတာက နားထောင်ပြီး နားစွန့်ပြီး သူပြောသမျှကို အနောက်က လိုက်လုပ်ပါဆိုတာ ဒါက ဒီမိုကရေစီ လှုပ်ရှားမှုလည်း မဟုတ်ဘူး။ ဒီမိုကရေစီ ထိုက်တန်တဲ့ လူထုသဘောမျိုးလည်း မဟုတ်ဘူး။ ခေါင်းဆောင်လုပ်သမျှကို ထိုင်စောင့်ပြီး ခေါင်းဆောင်လုပ်မှ ခေါင်းဆောင် ခြေလှမ်းလှမ်းမှ နောက်ကလိုက်တယ်ဆိုတာ အဲဒါက နောက်လိုက်ပြည်သူ၊ ဒီမိုကရေစီနဲ့ တန်တဲ့ ပြည်သူမဟုတ်ဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ဒီမိုကရေစီစနစ်ကို ရောက်ဖို့က ပြည်သူက ဒီမိုကရေစီစနစ် အတွေးအခေါ်မျိုး၊ စဉ်းစားမှုမျိုး မရှိဘဲနဲ့ နေတိုင်း အဲဒီလိုမျိုး မလုပ်ဘဲနဲ့ ဘယ်တော့မှ မဖြစ်နိုင်ဘူး။
ဦးသန်းလွင်ထွန်း ။ ။ ဗြိတိန်နိုင်ငံ ဗဟာဗျူဟာ လေ့လာရေးဌာနက မြန်မာ့အရေးသုံးသပ်သူ ဒေါက်တာဇာနည် ကို ဆက်သွယ်မေးမြန်းခဲ့တာ ဖြစ်ပါတယ်။