ဦးသန်းလွင်ထွန်း ။ ။ စက်တင်ဘာလ နောက်ဆုံးပတ်အတွင်းက ပြည်သူ့လွှတ်တော်မှာ ဆွေးနွေးအတည်ပြုပြီး အမျိုးသားလွှတ်တော်မှာ ထပ်မံဆွေးနွေးဖို့ ရှိနေတဲ့ မြန်မာလယ်ယာမြေ ဥပဒေကြမ်းမှာ ဖြည့်စွက်စရာတွေ အများကြီး ရှိနေသေးတယ်လို့ လေ့လာသူများက ပြောဆိုပါတယ်။ ဟင်္သာတမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဗိုလ်ချုပ်ဟောင်း ဦးဌေးဦး တင်သွင်းခဲ့တဲ့ အဲဒီ ဥပဒေမူကြမ်းနဲ့ ပတ်သက်ပြီး လိုအပ်ချက်တွေကို မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ ဥက္ကဋ္ဌ ဦးနေမျိုးဝေ က အခုလို ထောက်ပြထားပါတယ်။
ဦးနေမျိုးဝေ ။ ။ အဓိက ကွာခြားချက်က တောင်သူလယ်သမားတွေရဲ့ လယ်မြေတွေကို လိုအပ်လို့ သိမ်းဆည်းတဲ့အခါမျိုးမှာ အာမခံပေးနိုင်တဲ့ လျော်ကြေး အာမခံပေးနိုင်တဲ့ဟာမျိုး ဘယ်လိုပုံစံမျိုးနဲ့ သိမ်းဆည်းနိုင်တဲ့ဟာမျိုး၊ ဘယ်လိုပုံစံမျိုးနဲ့ လွှဲပြောင်းနိုင်တဲ့ဟာမျိုး အဲဒါတွေ မပါဘူး။ အဲဒါကို ကျနော်တို့က ဖြစ်စေချင်တယ်။ နောက်တခုက တောင်သူလယ်သမားတွေရဲ့ စိုက်ပျိုးထုတ်လုပ်တဲ့ သီးနံှတွေနဲ့ ပတ်သက်လို့ လွတ်လပ်စွာ ရွေးချယ်ခွင့်တွေ အာမခံတဲ့ဟာမျိုးတွေ ပါစေချင်တယ်။ နောက်တခုက ပေါင်းနံှရောင်းချလို့ရတဲ့ ဂရမ်။ တောင်သူလယ်သမားတွေကို အပိုင်ပေးတာမျိုး မဟုတ်ပါဘူး။ အိမ်ဂရမ်တွေလို ပုံစံမျိုး။ တောင်သူလယ်သမားတွေအနေနဲ့ ဒီလယ်ယာမြေမှ စွန့်ခွါချင်တယ်။ လယ်လုပ်ရတာ ဧကတွေလည်း နည်းလာပြီ အဲဒါကြောင့် လယ်ယာမြေကနေ စွန့်ခွါမယ်။ တခြားလုပ်ငန်းကို ပြောင်းတော့မယ်ဆိုရင်လည်း ဒီလယ်မြေကို ဒီအတိုင်း စွန့်ထားခဲ့ရမှာ မဟုတ်ဘဲနဲ့ ငွေဖော်ပြီး ပေါင်းနံှ၊ ရောင်းချပြီး ပြောင်းလို့ရတာဟာမျိုး။ နောက်တခါ နဂို ဆွေစဉ်မျိုးဆက်မှာ လယ်မရှိတဲ့လူတွေက လယ်လုပ်ချင်တဲ့ စိတ်ပေါက်လာလို့ရှိရင်လည်း ဝယ်ပြီး လုပ်လို့ရတယ့်ပုံစံ။ အဲဒါကြောင့် ပေါင်းနံှရောင်းချလို့ ရတဲ့ဟာမျိုး ဂရမ်အဆင့်လောက် ရှိဖို့လိုတယ်။ အိမ်ဂရမ်တွေ ရောင်းချနေတဲ့ပုံစံမျိုး။ အဲဒီဟာမျိုးကို အာမခံပေးစေချင်တယ်။
ဦးသန်းလွင်ထွန်း ။ ။ ဒီနေရာမှာ ပထမအချက်က လယ်ယာမြေတွေကို သိမ်းဆည်းတဲ့အခြေအနေ။ လယ်ယာမြေတွေကို သိမ်းဆည်းတဲ့ အခြေအနေဆိုတာက ကျနော်သဘောပေါက်သလောက်ကတော့ ဒါက လယ်ယာမြေတွေကို နိုင်ငံပိုင်အဖြစ် သိမ်းတဲ့ အခြေအနေ။ ဒါက နဂို ရှိရင်စွဲ ၁၉၅၃ ဥပဒေထဲမှာလည်း လယ်ယာမြေတွေက နိုင်ငံပိုင်အဖြစ် သိမ်းလို့ရှိရင် သိမ်းပိုင်ခွင့် ရှိတယ်ဆိုတာက ပါနေပြီးသာဆိုတော့ အခုတင်ပြလာတဲ့ အချက်မှာ။ အခု ပြည်သူ့လွှတ်တော်ထဲမှာ ဆွေးနွေးနေတဲ့အချက်မှာက ၁၉၅၃ ဥပဒေနဲ့ ဘာများ ကွဲလွဲချက် ရှိနေသလဲ။ ဒါမှမဟုတ် ဦးနေမျိုးဝေ တို့ အလိုရှိတဲ့ ပြဋ္ဌာန်းချက်တွေနဲ့ ဘယ်လိုကွဲပြားချက် ရှိနေသလဲ။
ဦးနေမျိုးဝေ ။ ။ ဒီလို ဟိုမှာ အသေးစိတ် သတင်းထုတ်ပြန်မှုအရ ကျနော်တို့လည်း အသေခြာ အကဲဖမ်းလို့ မရဘူး။ ကျနော်တို့ဆီ ရောက်လာတဲ့ message တွေ။ နောက် စုံစမ်းလို့ရတဲ့ ဥပဒေကြမ်းတွေအရ ပြောရင်လည်း လွဲခြင်းလည်းလွဲမယ်။ ကျနော်တို့ လိုလားချက်ကိုတော့ ပြောလို့ရတယ်။ လယ်သိမ်းတာတို့၊ စိုက်ပျိုးမြေ သိမ်းတာတို့ကတော့ နိုင်ငံတော်အစိုးရ၊ အမေရိကန်မှာလည်း ဖြစ်တယ်။ ဖြစ်တာက လူသားဆန်တယ်။ လူသားဆန်တယ်ဆိုတာ ပုဂ္ဂလိက လက်ကိုင်ထားနေတဲ့။ သို့မဟုတ် ပိုင်နေတဲ့ ပစ္စည်းတွေကို သိမ်းတဲ့အခါမှာ လျော်ကြေးကို ထိုက်ထိုက်တန်တန် ပေးတယ်။ ကျနော်တို့ နိုင်ငံမှာက ဆိုရှယ်လစ်ခေတ်တုန်းက - ဆိုရှယ်လစ်ခေတ်မတိုင်ခင် ၁၉၅၃ ထဲက ပြဋ္ဌာန်းထားတာဆိုတော့ ဆိုရှယ်လစ်တောင် မရောက်သေးဘူး။ အဲဒီထဲက ပြဋ္ဌာန်းတာက နိုင်ငံတော်ပိုင်ပြီး သိမ်းဆည်းပြီးတော့ တခြားလုပ်ငန်းတွေ ဖွံ့ဖြိုးရေးလုပ်လုပ်၊ ဘာပဲလုပ်လုပ် လုပ်မယ်ဆိုရင် နိုင်ငံတော်ပိုင် ဖြစ်ရမယ်။ တခြား ပုဂ္ဂလိကကို လွှဲပြောင်းလို့ မရဘူးဆိုတာ ပါတယ်။ ဒီဖက်မှာ အဲဒီလို တခြား ပုဂ္ဂလိကတွေကို ပေးဖို့ရာ ရှိလာတယ်။ ရှိလာတဲ့အခါကြတော့ အဲဒီဟာက ဖြုတ်လိုက်မယ်။ နိုင်ငံတော်ပိုင်ပဲ ဖြစ်ရမယ်ဆိုတာကို ဖြုတ်လိုက်မယ်။ ပြုတ်သွားမယ်။ ပုဂ္ဂလိကို ပေးလို့ရတယ်ဆိုရင် ပြဿနာနည်းနည်း ရှိလာပြီ။ လျော်ကြေးဘယ်လို သတ်မှတ်မလဲဆိုတဲ့ ပြဿနာ။ လျော်ကြေးပြဿနာမှာလည်း လျော်ကြေးက တစ်သောင်းရော်မယ်။ နှစ်သောင်းရော်မယ်တို့၊ လယ်ခွန်ရဲ့ ဘယ်နှစ်ဆတို့ဆိုတာ မခိုင်မာဘူး။ သူတို့က ကာလပေါက်ဈေးပေါ်မှာ ရော်ရမယ်။ ကာလပေါက်ဈေးကို ကျနော်တို့က ကြည့်ချင်တဲ့အခါကြတော့ ရောင်းချခွင့်မရှိရင် ကာလပေါက်ဈေးငွေ ကျနော်တို့က မမြင်နိုင်တော့ဘူး။ လယ်ယာမြေတွေကို ရောင်းချခွင့် ရှိနေမယ်ဆိုရင် ဘယ်နေရာမှာကတော့ မင်္ဂလာဒုံထဲမှာ ရောင်းချတာ သိန်းသုံးဆယ် စသဖြင့် ဒီလို ရှိမယ်။ ရှိတယ်ဆိုရင် အဲဒီနေရာမှာ အရေးကြီးလို့ နိုင်ငံတော်အတွက် အကျိုးရှိမယ့် ပုဂ္ဂလိကကို လွဲစရာရှိတယ်။ နိုင်ငံတော်က တခုခုလုပ်စရာ ရှိတယ်ဆိုရင်လည်း pressure ပေးပြီး သိမ်းမယ်ဆိုရင်၊ ဒီကာလပေါက်ဈေးနဲ့ သိမ်းမယ်ဆိုရင် သို့မဟုတ် ကာလပေါက်ဈေးက ၁.၅။ အဲဒါကို သုံးဆယ်တန်၊ လေးဆယ်ငါးနဲ့ သိမ်းတယ်။ ဒါမျိုးဆိုရင် မျှတတဲ့သဘော ရှိပြီတော့ pressure လုပ်ပြီး သိမ်းတာတောင် ဖြစ်တယ်။ အမေရိကန်မှာတောင် မြေသိမ်းတဲ့အခါမှာ အဲဒီလိုပဲ အစိုးရက ဖိအားပေးပြီးတော့ သိမ်းလို့ရပါတယ်။ ဒါပေမဲ့ အဲဒီလိုမျိုးတွေ စဉ်းစားကြရတယ်။ ကျနော်တို့ဆီမှာ အဲဒါမျိုးကို ဖြစ်စေချင်တယ်။
ဦးသန်းလွင်ထွန်း ။ ။ နောက်တဆင့် ဆုတ်ပြီး ကျနော်က ပြန်ဆွေးနွေးချင်တာက ပိုပြီရှင်းလင်းအောင် ဆွေးနွေးချင်တာက နိုင်ငံတော်အနေနဲ့ နိုင်ငံတော်တရပ်လုံးအတွက် အကျိုးစီးပွားဆိုလို့ရှိရင် လယ်သမားတဦးပိုင်တဲ့ လယ်မြေကို နိုင်ငံတော်အပိုင်အဖြစ် ပြန်သိမ်းခွင့်ရှိတာကတော့ ဦးနေမျိုးဝေ တို့လည်း လက်ခံတယ်။ ဒါပေမဲ့လည်း အရင်တုန်းကဆိုရင် ဥပဒေမှာက နိုင်ငံတော်အနေနဲ့ ဒါကို သိမ်းပြီးလို့ရှိရင် ပုဂ္ဂလိကပိုင် အကျိုးစီးပွားတခုခု မဖြစ်စေရဘူးလို့ ပြဋ္ဌာန်းချက်ပါတယ်။ အခုက ဒီ ပုဂ္ဂလိကကို ပေးရင်တောင်မှပဲ လက်ခံနိုင်တယ်ဆိုတဲ့ သဘောကို ဦးနေမျိုးဝေ က ပြောနေတာလား။
ဦးနေမျိုးဝေ ။ ။ ပုဂ္ဂလိကို ပေးရင်လည်း လက်ခံနိုင်ပါတယ်။ ဒါပေမဲ့ အခုနလို တောင်သူလယ်သမားတွေဘက်ကကြည့်ရင် မနှစ်နာဖို့လိုတယ်။ မနှစ်နာတဲ့အခါကြရင်တော့ ကာလပေါက်ဈေးထက် အနည်းဆုံး တန်တူဖြစ်ရမယ်။ သာရင် ဥပမာ ရောင်းချင်လို့ရောင်းရင် ကာလပေါက်ဈေးရမယ်။ ကိုယ်မရောင်းချင်ဘဲနဲ့ ပေးရတဲ့အခါကြတော့ ကာလပေါက်ဈေးနဲ့ သာဖို့လိုတယ်။ ဒါမျိုးလေးတွေကို ပြောတာ။
ဦးသန်းလွင်ထွန်း ။ ။ အဲဒါဆိုရင် လက်တွေ့ ဥပမာတခုနဲ့ ကျနော်တို့ ပြောကြရအောင်။ ဥပမာအားဖြင့် ကျနော်တို့ ကြားနေရတာက ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ်ထဲမှာရှိတဲ့ လယ်ဧကတွေ ၇၀ လောက်ကို ဇေကမ္ဘာကုမ္မဏီကနေ စက်မှုဇုံလုပ်ဖို့ဆိုပြီးတော့ ဝယ်ယူတဲ့ကိစ္စ။ အဲဒီကိစ္စနဲ့ ပတ်သက်လို့ဆိုရင်ကော ဒါက ပြီးခဲ့တဲ့ ဥပဒေဟောင်း ရှိစဉ်ကာလက ဖြစ်ခဲ့တဲ့ အခြေအနေ။ အဲဒီ ဖြစ်ခဲ့တဲ့ အခြေအနေဟာ အခုလာမယ့် ဥပဒေသစ်တွေ ပေါ်လာတယ်ဆိုရင် ဘယ်လို အပြောင်းအလဲတွေ ဖြစ်သွားနိုင်သလဲ။
ဦးနေမျိုးဝေ ။ ။ အဲဒါက ဥပဒေအဟောင်းနဲ့ စီရင်မယ်ဆိုရင် ပုဂ္ဂလိကကို ပေးခွင့်မရှိဘူး။ ဥပဒေအသစ်နဲ့ စီရင်မယ်ဆိုရင် ဥပဒေအသစ်မှာ ဘယ်လိုရေးထားသလဲဆိုတာကို မသိဘူး။ ဥပဒေသစ်မှာ ပုဂ္ဂလိကကို ပေးလို့ရတယ်။ ဈေးကို နိုင်ငံတော်က သတ်မှတ်တယ်ဆိုရင် သတ်မှတ်တယ့်အတိုင်း တောင်သူလယ်သမားတွေက ရမယ်။ ဒါက ဒီနေရာမှာတင် မဟုတ်ဘူး။ ကျနော် မွန်ပြည်နယ် ကျိုက်မရော နိဒုန်းရွာ ကိုရောက်တဲ့အခါမှာ အဲဒီလို ဧကတွေ အများကြီး သိမ်းထားတယ်။ သူတို့က သိမ်းတာမဟုတ်ပါဘူး။ လယ်သမားတွေကို နှစ်နာကြေးပေးတယ်ဆိုပေမယ့် ဘာဖြစ်လည်းဆိုတော့ တောင်သူလယ်သမားတွေက သဘောတူကြည်ဖြူလို့ မဟုတ်ဘူး။ အုပ်ချုပ်ရေးပိုင်က ခရက၊ မရက အုပ်ချုပ်ရေးပုဂ္ဂိုလ်တွေက ဘေးမှာမတ်တပ်ရပ်ပြီးတော့။ နောက် မြေစာရင်းက ပုဂ္ဂိုလ်တွေက ဘေးကမတ်တပ်ရပ်ပြီးတော့။ ကုမ္မဏီပိုင်ရှင်က ဘေးမှာရှိပြီးတော့ စကားပြောကြတဲ့အခါရှိတယ်။ အဲဒီလို ပြောတဲ့အခါရှိကြတယ်။ အဲဒီလို ပြောကြတဲ့အခါမှာ တောင်သူလယ်သမားဆိုတာ နဂိုကတည်းကမှ သိပ်ပြီးတော့ မီဒီယာတွေ message တွေ မရဘူး။ ကျယ်ကျယ်ပြန့်ပြန့် ဗဟုသုတ မရှိဘူးဆိုတော့။ ကြောက်တာကိုတော့ ကျနော်တို့က အပြစ်တင်လို့ မရဘူး။ အဲဒီတော့ သဘောတူလိုက်ရတာပဲ။ အဲဒါမျိုးလေးတွေ ရှိတယ်။ သူတို့ စိတ်ထဲမှာ စိတ်ကျေနပ်လောက်တဲ့ amount မဟုတ်ဘူး။ သူတို့ ရတဲ့ပိုက်ဆံတွေကလည်း နောက်ထပ် လုပ်ငန်းတခုကို ပြန်လည် လုပ်နိုင်လောက်တဲ့ အရင်းအနှီး ငွေမရသွားဘူး။ အဲဒါလေးတွေက သတိထား ဆင်ခြင်စရာပေါ့။
ဦးသန်းလွင်ထွန်း ။ ။ အဲဒီတော့ အခုလောလောဆယ်က ပြည်သူ့လွှတ်တော်ထဲမှာ နဲ့ အမျိုးသားလွှတ်တော်က ကိုယ်စားလှယ်တချို့နဲ့ မေးမြန်းခန်းမှာ ကြားလိုက်ရတာက လွှတ်တော်တွေကို စာရေးပြီး အသနာခံတင်တဲ့ကိစ္စ၊ ကန့်ကွက်လွှာတင်တဲ့ကိစ္စတွေထဲမှာ လယ်ယာမြေ ပိုင်ဆိုင်မှုနဲ့ လယ်သမားတွေရဲ့ ကိစ္စက အများဆုံး ဖြစ်နေတယ်ဆိုတာကို တွေ့ရတယ်ဆိုတာကို ကျနော်တို့ သိရပါတယ်။ အဲဒီတော့ ဒီကိစ္စတွေကို ဖြေရှင်းဖို့အတွက်ဆိုပြီး လယ်ယာမြေကိစ္စ၊ ပိုင်ဆိုင်မှုကိစ္စ၊ ဥပဒေကြမ်း တင်တဲ့ကိစ္စတွေကလည်း ပြည်သူ့လွှတ်တော်မှာ ဆွေးနွေးပြီးသွားပြီ။ အတည်ပြုချက်တွေလုပ်ပြီး ပြည်သူ့လွှတ်တော်ကို သူတို့ တင်ထားတယ်ဆိုတာကို သိရတယ်။ ဒါပေမဲ့လည်း ဒီကိစ္စတွေကို စိတ်ဝင်တစားရှိတဲ့ လူတွေအနေနဲ့ အထူးသဖြင့် ဦးနေမျိုးဝေတို့ ပါဝင်တဲ့ ပါတီဆိုရင်လည်း လယ်ယာမြေကိစ္စတွေကို တော်တော်လေး စိတ်ဝင်စားရှိကြတယ်။ စာတမ်းတွေ ရေးထားတာကိုလည်း တွေ့ပါတယ်။ ဒါပေမဲ့ သူတို့ ဘယ်လိုအခြေခံ ဥပဒေတွေကို ဘယ်လိုဥပဒေမူကြမ်းတွေကို မူတည်ပြီး ဘာတွေဆွေးနွေးနေတယ်ဆိုတာကို သိနိုင်ခွင့် မရှိဘူးလား။ အထူးသဖြင့် အမျိုးသားလွှတ်တော်မှာ ဆွေးနွေးမယ့်အဆင့်တွေကို ရောက်နေပြီဆိုတော့ ဦးနေမျိုးဝေ တို့အနေနဲ့ ဘာတွေကို အဓိကထားပြီးတော့ ကြည့်စေချင်လဲ၊ ပြင်စေချင်လဲ။
ဦးနေမျိုးဝေ ။ ။ အခုန ပြောသလို ဗမာပြည်မှာက ဘာဖြစ်နေသလဲဆိုတော့ ကျနော်တို့ စာတမ်းလေးကို သေချာကြည့်လိုက်ရင် ဘာတွေ့ရမလဲဆိုတော့ တောင်သူလယ်သမားတွေ လယ်ယာမြေ ပိုင်ဆိုင်မှုပေါ် မူတည်ပြီးတော့ သူတို့ရဲ့ ပိုင်ဆိုင်မှုအဆင့်အတန်း၊ ဂရမ်။ အဲဒီလို အဆင့်အတန်းပေါ်မှာ မူတည်ပြီးတော့ လယ်ယာမြေ ငွေဖြစ်မြန်မှု၊ လယ်ယာမြေကနေ ငွေဖေါ်နိုင်တယ်။ နောက် လယ်ယာမြေကနေ ထိုက်ထိုက်တန်တန် စွန့်ခွါမှု။ အဲဒီလိုပဲ တောင်သူလယ်သမား side ကပဲ နောက်ထပ်တခါ ကြည့်မယ်ဆိုရင် လယ်ယာမြေတွေက စုပေါင်းပြီးတော့ စိုက်မှုလယ်ယာတွေ contract farming တွေ ပေါ်လာဖို့ဆိုတာက တပိုင်း တင်ပြတယ်။ နောက်တပိုင်းကလည်း ဘာလဲဆိုတော့ ဒီနိုင်ငံမှာ ၅၃ ဥပဒေအရ ဆိုလို့ရှိရင် ပုဂ္ဂလိက လုပ်ငန်းရှင်ကြီးတွေက မြေပိုင်ဆိုင်မှု အဆင့်အတန်းပေါ်မှာ မူတည်ပြီးတော့ ရင်းနှီးမြုပ်နံှမှု၊ နှစ်ရှည်ရင်းနှီးမှု လုပ်တဲ့နေရာမှာ အခက်အခဲရှိတယ်။ နိုင်ငံတော်ကလည်း ဖွံ့ဖြိုးရေးလုပ်ငန်းတွေ လုပ်တဲ့အခါမှာ တောင်သူလယ်သမားတွေနဲ့ ပဋိပက္ခဖြစ်နေတဲ့ဟာတွေ တခြားပုဂ္ဂလိတွေကို လွှဲပြောင်းပေးတဲ့အခါမှာ အခက်အခဲတွေ ရှိနေတာရှိတယ်။ ကျနော်တို့က စလယ်ဆုံး သုံး side ကနေ ကျနော်က တင်ပြတယ်။ တင်ပြပေမယ့် အခုကြားရတာ နဲ့ ကျနော်တို့ဆီ ရောက်လာတဲ့ ဥပဒေကြမ်းကို လေ့လာတဲ့အခါမှာ ပုံစံမကျတာက ကျနော်တို့နဲ့ သဘောမတွေ့တာ ဘာလဲဆိုတော့ အဲဒီလိုမျိုး သုံးခုလုံးမှာ တောင်သူလယ်သမားတွေဖက်က ရပ်ခံပေးထားတာ မရှိဘူး။ နောက်တခုက နိုင်ငံခြားသား မြေပိုင်ဆိုင်မှု - နိုင်ငံခြားသား မြေပိုင်ဆိုင်မှုကိုလည်း တိတိကျကျနဲ့ exactly ဥပဒေဆိုတာ ထုတ်ထားဖို့လိုတယ်။ အဲဒီမှာလည်း အားနည်းတာကို တွေ့ရတယ်။ ဘယ်လိုဟာမျိုးလည်းဆိုတာကတော့ နိုင်ငံခြားသားတွေကို မြေရောင်းချ ပေါင်းနံှ ငှားရမ်းခွင့်က နိုင်ငံတော်အစိုးရက သဘောမတူရင် လုပ်ခွင့်မရှိဘူးဆိုတဲ့ စကားရပ်လောက်နဲ့ မရဘူး။ အဲဒါဆိုရင် သဘောတူရင် လုပ်ခွင့်ရှိတယ်ဆိုရင် သဘောပေါက်သွားမှာပေါ့။ ဥပဒေစကားတွေ ရေးတဲ့အခါမှာ exact ဖြစ်အောင် တိတိကျကျဖြစ်အောင် ရေးဖို့လိုပါတယ်။ ဒါမှ ဥပဒေရဲ့ အကာအရံကို ရမှာပါ။ ဒါကို ကျနော်တို့က ပြောချင်တာပါ။
ဦးသန်းလွင်ထွန်း ။ ။ ဒီလို အဆင့်မျိုးက အမျိုးသားလွှတ်တော်မှာ ပြန်ပြင်လို့ ရသေးတယ်ပေါ့။
ဦးနေမျိုးဝေ ။ ။ ရပါတယ်။ နိုင်ငံတော်သမ္မတကလည်း အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်က ပြောမယ်။ နိုင်ငံတော်သမ္မတက ကန့်ကွက်မယ်ဆိုရင် ပြန်သုံးသပ်တာတို့ ဘာတို့ လုပ်လို့ရပါတယ်။ နောက်တခု လုပ်လို့ရတာကတော့ အဆုံးအစ မရှိပါဘူး။ ဆိုလိုတာက ဒီ လွှတ်တော်သက်တမ်းပြီးသွားလို့လည်း နောက်ထပ်လွှတ်တော်တွေမှာ ကျနော်တို့ public ပြည်သူကတော့ အခရာပါပဲ။ ဒီ ဥပဒေတွေ အားလုံးရဲ့ အထက်မှာရှိတဲ့ လူတွေရှိပါတယ်။ ဘယ်သူလည်းဆိုတော့ ပြည်သူပါ။ ပြည်သူအများစုကနေ နောက်ထပ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေ ထပ်မွေးမယ်။ ဒီလို ဥပဒေကြမ်းကို အတည်ပြုမယ့် ကိုယ်စားလှယ်တွေကို မဲမပေးတော့ဘူး။ အဲဒါမျိုးတွေလည်း ရှိတယ်။ ဒါတွေကတော့ ရှည်တာပေါ့။ ဒီ သက်တမ်းတလျှောက်မှာတော့ နိုင်ငံတော်သမ္မတအဆင့်အထိ။ အမျိုးသားလွှတ်တော်နဲ့ နိုင်ငံတော်သမ္မတတို့က ပြန်သုံးသပ်ခိုင်းရင် ရပါတယ်။ ကျနော်တို့ မြင်နေတာကလည်း အနာဂတ်မှာ မြေသိမ်းတဲ့ကိစ္စတွေက အကြီးအကျယ် ဖြစ်နေပါလိမ့်မယ်။ ဒီ တနင်္ဂနွေဆိုရင်တောင် ချောင်းသာကနေ တောင်သူလယ်သမားတွေ တက်လာပါလိမ့်မယ်။ အခု တနင်္ဂနွေ မဟုတ်ဘူး နောက်တပတ် တနင်္ဂနွေမှာ တက်လာပြီးတော့ နေပြည်တော်ကို သွားမယ်။ ကိုနေမျိုးဝေ လိုက်ခဲ့ပါ။ ဘာဖြစ်လို့လည်းဆိုတော့ သူတို့ မြေသိမ်းတဲ့ကိစ္စ၊ မြေအမှုတွေကို တိုင်ချက်ဖွင့်ချင်လို့ပါ။ အခုန ပြည်သူလူထု နစ်နာချက်တွေနဲ့ ပတ်သက်ပြီးတော့ တိုင်ရမယ့် ဌာနတွေလည်း ပေါ်နေပြီးဆိုပြီ ကြားပါတယ်ဆိုပြီး ပြောလို့ လိုက်ရပါမယ်။
ဦးသန်းလွင်ထွန်း ။ ။ အဲဒီတော့ ဒီအခြေအနေတွေကို ပြီးခဲ့တဲ့ ဖြစ်ခဲ့တဲ့ အခြေအနေတွေကို မကြာသေးခင်မှာ ပြေလည်အောင် ဖြေရှင်းသွားနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်လို့ အစိုးရအရာရှိတဦးက ပြောသွားတာကိုလည်း ကျနော်တို့ ကြားပါတယ်။ အဲဒီလိုမျိုးပဲ ကိုနေမျိုးဝေတို့အနေနဲ့ ယူဆပါသလား။ မျှော်လင့်ပါသလား။
ဦးနေမျိုးဝေ ။ ။ ကျနော်လည်း မျှော်တော့ မျှော်လင့်ပါတယ်။ မျှော်တော့ မျှော်လင့်ပါတယ်ဆိုတာက ခက်တာက အခု အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော် များသောအားဖြင့်က ကျေးလက်ဒေသကိုလည်း သိပ်ပြီး မသိကြဘူး။ မသိတော့ သူတို့ကိုလည်း ခွင့်တော့ ခွင့်လွတ်ရမှာပေါ့။ လယ်သမားတွေရဲ့ကိစ္စကလည်း အ, အ အိပ်မက်မက်သလိုပဲ။ တောင်သူလယ်သမားတွေကို မေးတိုင်းလည်း သေခြာ မသိကြဘူး။ အ,အရဲ့ အိပ်မက်ကို အဓိပ္ပါယ်ဖော်နိုင်ဖို့ လိုတယ်။ ကျနော် ရွှေနသာထဲက တောင်သူလယ်သမားတွေကို ဥပဒေကြမ်း လေးမျိုးလောက်ကို ပြတယ်။ သူတို့ သေခြာမသိဘူး။ သူတို့ လိုလားချက်တွေက သေခြာ အဓိပ္ပါယ်ဖော်နိုင်မှ ဖြစ်မယ်။ သူတို့ လိုလားချက်တွေကို အဓိပ္ပါယ်ဖော်နိုင်ပြီး ဖြစ်သင့်တဲ့ဥစ္စာကိုလည်း နည်းနည်းလေး ပြောပြနိုင်ဖို့ လိုတယ်။ အဲဒီတော့ လွှတ်တော်ကိုယ်စားလှယ်တွေ ကိုယ်တိုင်ကလည်း ကျကျနန မသိဘူး။
ဦးသန်းလွင်ထွန်း ။ ။ သက်ဆိုင်ရာ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ညှိနှိုင်းဆောင်ရွက်ဖို့ကိုရော မရှိဘူးလား။
ဦးနေမျိုးဝေ ။ ။ ကျနော်ကတော့ များသောအားဖြင့် ပေးပါတယ်။ စာအုပ်တွေကို ဖြန့်ပါတယ်။ ညှိနှိုင်းဆောင်ရွက်တယ်ဆိုတာ သူတို့ကို ကျနော်ကတော့ ပေးတာပေါ့။ ကျနော်တို့က တောင်းပန်တဲ့အဆင့်ပဲ လုပ်လို့ရတယ်။ သူတို့က ကျနော်တို့ကို -- ဖြစ်အောင် ကျေကျေလည်လည် ဒီပြဿနာက ဘယ်လိုလဲလို့ အပြန်အလှန်မမေးရင် ကျနော်က ဖြေလို့မရဘူး။ အခုမေးတော့ ဖြေလို့ရတယ်။ သူတို့ကို ကျနော် အဲဒီလောက် စကားပြောလို့မရတာ။ ကျနော်တို့က စာအုပ်တွေကို လိုက်လိုက်ပြီး အလကားပေးရတာ။ အပြင်မှာဆိုရင် ကျနော်တို့က ရောင်းတာ။ လွှတ်တော်ကိုယ်စားလှယ်ဆိုတော့ အခွင့်ထူးခံဆိုတော့ အလကား လိုက်ပေးရတယ်။ သူတို့ မဖတ်ရင် မဖြစ်မှာဆိုလို့။ အဲဒီတော့ သူတို့ကသာ မေးမယ်ဆိုရင် ကျနော် မအိပ်မနေ ဖြေပါမယ်။
ဦးသန်းလွင်ထွန်း ။ ။ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ ဥက္ကဋ္ဌ ဦးနေမျိုးဝေ ကို ဆက်သွယ်မေးမြန်းခဲ့တာပါ။