သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စီးပွားရေး ပြုပြင်မှုနဲ့ မြန်မာ့နိုင်ငံရေး ပြောင်းလဲလာမလား


စီးပွားရေး ပြုပြင်မှုနဲ့ မြန်မာ့နိုင်ငံရေး ပြောင်းလဲလာမလား
စီးပွားရေး ပြုပြင်မှုနဲ့ မြန်မာ့နိုင်ငံရေး ပြောင်းလဲလာမလား

ဦးသန်းလွင်ထွန်း ။ ။ မြန်မာစီးပွားရေး အခြေအနေတွေ ဆိုးဝါးလာနေတာမို့ ထိရောက်တဲ့ အခြေခံ ပြုပြင်ပြောင်းလဲမှုတွေ အရေးတကြီး လိုအပ်လာနေပြီဆိုတာကို အစိုးရနဲ့ အာဏာပိုင် အသိုင်းအဝိုင်း အတွင်းမှာ ပွင့်ပွင့်လင်းလင်း ဆွေးနွေးပြောဆိုမှုတွေ ရှိလာပြီဖြစ်ကြောင်း မကြာခင်က နေပြည်တော် ဆွေးနွေးပွဲတခုကို တက်ရောက်ခဲ့တဲ့ ပြည်ပရောက် စီးပွားရေးပညာရှင် ဒေါက်တာဇော်ဦး က ဗွီအိုအေ ကို ပြောဆိုပါတယ်။

ဦးဇော်ဦး ။ ။ အဓိက ဖြေရှင်းရမယ့်ကိစ္စကတော့ စီးပွားရေးပေါ်လစီပိုင်းမှာ ၁၉၈၈ မြန်မာ့ ဆိုရှယ်လစ် ပါတီကို ဖျက်သိမ်းပြီးနောက်ပိုင်းကာလ ဈေးကွက်စီးပွားရေးစနစ် ပြောင်းလဲခဲ့တဲ့အချိန်ကစပြီး အခု အချိန်အထိ စီးပွားရေးပြုပြင်ပြောင်းလဲမှု လုပ်ငန်းတွေ လုပ်တဲ့အခါမှာ အခုထက်ထိ ကျယ်ကျယ် ပြန့်ပြန့်နဲ့ ထိထိရောက်ရောက် မလုပ်နိုင်သေးတဲ့ ပြဿနာလိုပဲ ပြောလို့ရပါတယ်။ အဲဒီတော့ အခုလိုမျိုး အာဆီယံလို အင်မတန် အင်အားကြီးတဲ့ စီးပွားရေးအသိုင်းအဝိုင်းထဲကို ကျနော်တို့ ဝင်ပြီးတော့ အားလုံးနဲ့ တန်းတူလုပ်ကြရတော့မယ်ဆိုရင် ကျနော်တို့ စီးပွားရေးပြုပြင်ပြောင်းလဲမှု လုပ်ငန်းတွေကို လုပ်ဖို့ဟာ အင်မတန်မှ အရေးကြီးတယ်။ အချိန်တန်ရင် ဒါကို ကျယ်ကျယ်ပြန်ပြန်နဲ့ နက်နက်ရှိုင်းရှိုင်း လုပ်ဖို့လိုပြီဆိုတဲ့ အဓိကအချက်ကို ကျနော်တင်ပြခဲ့ပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ အဲဒီတော့ အခုမြန်မာနိုင်ငံကို သွားခဲ့တဲ့ ဦးဇော်ဦးရဲ့ အတွေ့အကြုံအရဆိုလို့ရှိရင် လက်ရှိ အစိုးရထဲမှာရှိနေတဲ့ တာဝန်ရှိနေသူတွေအနေနဲ့ စီးပွားရေးပြုပြင်ပြောင်းလဲမှုတွေကို စနစ်တကျနဲ့ ကျယ်ကျယ်ပြန့်ပြန့်နဲ့ လိုလိုလားလား လုပ်ချင်လာပြီဆိုတဲ့ ဆန္ဒတွေ မြင်တွေ့ခဲ့ရလား။

ဦးဇော်ဦး ။ ။ မသွားခင်ကတော့ ပြင်ဆင်သွားတဲ့ ပုံစံကတော့ AEC လို့ ခေါ်တဲ့ အာဆီယံစီးပွားရေး အသိုင်းအဝိုင်းကို ပြောတဲ့အခါမှာ ဒါကို အခွင့်အလမ်းတခုအနေနဲ့ ကျနော် ပိုပြီးတော့ ဇောင်းပေးပြီး ပြောခဲ့ပါတယ်။ ဒီကိစ္စဟာ ဗမာနဲ့ တခြားဒေသအတွင်းမှာရှိတဲ့ တခြား စီးပွားရေးအင်အားကြီး နိုင်ငံတွေနဲ့ ကောင်းသောဆွေးနွေးမှု ဖြစ်သလို ကျနော်တို့အချင်းချင်းလည်း အတူတကွ အလုပ် လုပ်ပြီးတော့ ရယူရမယ့် အကျိုးစီးပွားလည်း ဖြစ်နေတော့ ဒါဟာ ကျနော်တို့ ဗမာတွေအားလုံးအတွက် သဘောတူနိုင်တဲ့ ဘုံဦးတည်ချက်တရပ် ဖြစ်လာနိုင်တယ်။

အဲဒီအတွက်ကြောင့် အခုလို ကျနော်တို့ တိုင်းပြည်မှာ အခက်အခဲ ရင်ဆိုင်နေရတဲ့အခါမှာ ဒီ အခွင့်အလမ်းကို ပိုပြီး ဇောင်းပေးပြောမလား ဆိုတာကို စိတ်ကူးရှိခဲ့တာပါ။ ဒါပေမဲ့ ဟိုရောက်တော့ တခြား ဝန်ကြီးဌာနတွေနဲ့ ဝန်ကြီးတွေ၊ ဌာနဆိုင်ရာ အကြီးအကဲတွေ၊ ဦးဆောင်ညွှန်ကြားရေးမှူးတွေ ပြောနေကြတာက ဗမာနိုင်ငံမှာ ရှိနေတဲ့ စီးပွားရေး အခက်အခဲနဲ့ ပြဿနာတော်တော်များများကို ပွင့်ပွင့်လင်းလင်း ပြောလိုက်ကြတဲ့အခါ ကျတော့ ကျနော်ပြောနေတဲ့ဟာနဲ့ သူတို့ဖြစ်နေတဲ့ ပြဿနာနဲ့ အံဝင်ဂွင်ကျ ဖြစ်သွားတယ်လို့ ပြောရတာပေါ့။ ဘာကြောင့်လဲဆိုတော့ တခါတခါကျရင် အခွင့်အလမ်းဆိုတဲ့ ကိစ္စမျိုးက လူတွေက စီးပွားရေးကောင်းနေတဲ့အချိန်၊ အားလုံး ဘာမှပြဿနာမရှိဘူးဆိုတဲ့ အချိန်ဆိုရင် အခွင့်အလမ်းဆိုတာ မြင်ဖို့ သိပ်ခက်တယ်။ တကယ် စီးပွားရေး အခက်အခဲ ကြုံလာပြီ၊ ပြဿနာဖြစ်လာမှ ဘာလုပ်ကြရင် ကောင်းမလဲဆိုတဲ့ ကြည့်ရင်းနဲ့ အခွင့်အလမ်းဆိုတာ ပေါ်တာ။ အဲဒီတော့ အတိုချုပ်ပြောရရင်တော့ အခုလက်ရှိ အနေအထားမှာ စီးပွားရေးအရ ပြုပြင်ပြောင်းလဲမှုတွေကိုတော့ သေသေချာချာ လုပ်ဖို့ လိုပြီဆိုတဲ့ အသိအမှတ်ပြုမှုတွေ။ ဒါကို ဘယ်လိုလုပ်ကြရင် ကောင်းမလဲဆိုတဲ့ ပွင့်ပွင့်လင်းလင်း စဉ်းစားကြတာတွေကို ကျနော် အများကြီး ကြားခဲ့ရပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ သဘောကတော့ ဆရာဝန်တွေ ပြောတဲ့စကားနဲ့ ပြောရမယ်ဆိုရင် လူကို ကြည့် ရတာ ပိန်ချုံးနေတဲ့ ဝေဒနာ ခံစားနေရတဲ့ လူနာဆိုတာတော့ ထင်ရှားတယ်။ ဒါပေမဲ့ ပထမဦးဆုံး အနေနဲ့ ဝေဒနာတွေနဲ့ သူတို့ ခံစားနေရတဲ့အကြောင်း ဘယ်နေရာမှာ ဘာဖြစ်နေတယ်ဆိုတဲ့ အကြောင်းကို အသေးစိတ် တိတိကျကျ ပြောလာတာတော့ ပထမဦးဆုံးအကြိမ် ဖြစ်တယ်လို့ ဆိုလိုချင်တာလား။

ဦးဇော်ဦး ။ ။ ဟုတ်ပါတယ်။ အဓိကတော့ ပြုပြင်ပြောင်းလဲရေး လုပ်တော့မယ်ဆိုရင် အရေးကြီးဆုံးက ပြဿနာကို ပြဿနာလို့ အသိအမှတ်ပြုဖို့ပဲ။ ဒီကိစ္စကိုလည်း ဒီပွဲမှာ ကျနော် တော်တော်လေး သိခဲ့ရတယ်။ ကျနော် အရင်တုန်းက မသိခဲ့ရတာတွေ၊ မကြားခဲ့ရတဲ့စကား တော်တော်များများကို သိခဲ့ရတယ်။ အားလုံးက ပွင့်ပွင့်လင်းလင်း ဆွေးနွေးကြတာတွေ တွေ့ရတော့ အတော်ကို ရင်သပ် ရှုမော ဖြစ်ခဲ့ရပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ အထူးသဖြင့် ဆင်းရဲမွဲတေမှု ပပျောက်ရေး ဆိုပြီး မြန်မာနိုင်ငံဟာ တခြား နိုင်ငံတွေထက် ဖွံ့ဖြိုးမှုအပိုင်းမှာ နောက်ကျနေတယ်။ အားနည်းနေပါတယ်ဆိုတဲ့ ဝန်ခံပြောကြားမှုတွေ ရှိသလို- ဆင်းရဲမွဲတေမှု ပပျောက်ရေးဆိုပြီးတော့ ပြောဆိုတပ်လှန့်မှုတွေလည်း ရှိလာခဲ့တယ်။ ဒါပေမဲ့ အဲဒီလို အကြောင်းတွေ ပြောလာတဲ့အချိန်မှာ တဘက်မှာလည်း ဥပမာအားဖြင့် ပြောလာတာက ဆင်းရဲမွဲတေမှု ပပျောက်ရေး မလုပ်ခင်မှာ မြန်မာနိုင်ငံအတွင်းမှာ ကြီးပွားချမ်းသာမှု နှိမ်နှင်းရေး လုပ်ရမယ်ဆိုတဲ့ စကားတွေလည်း ထွက်လာတယ်။ သဘောကတော့ မြန်မာနိုင်ငံအတွင်းမှာက မတရားကြီးပွားနေတဲ့၊ အဂတိလိုက်စားနေတဲ့၊ ဒါမှမဟုတ် ဆွေမျိုးဉာတိကောင်းစားရေး မူဝါဒတွေနဲ့ ကြီးပွားနေတဲ့ ကိစ္စတွေကို အရင်နှိမ်နှင်းရမယ်ဆိုတဲ့ သဘောပေါ့။ အဲဒီဟာတွေကရော မြန်မာနိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအပေါ်မှာ ဘယ်လောက်များ အနှောက်အယှက် အဟန့်အတား ဖြစ်စေသလဲ။

ဦးဇော်ဦး ။ ။ အဲဒီကိစ္စကတော့ အင်မတန်မှ ကြီးမားတဲ့ အခက်အခဲတရပ်လို့လည်း ပြောလို့ရပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့ အလုပ်ရုံအစည်းအဝေးမှာလည်း ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ တော်တော်လေးကို လူတွေရဲရဲတင်းတင်း၊ ပွင့်ပွင့်လင်းလင်း ဆွေးနွေးကြတာကို တွေ့ရတယ်။ အဓိက ကတော့ စီးပွားရေး အဆောက်အအုံတွေ၊ စီးပွားရေးတည်ဆောက်မှု အနေအထားတွေက လွန်ခဲ့တဲ့ အနှစ် (၂၀) အတွင်းမှာ လူထုကို အခြေခံတဲ့ စီးပွားရေးကို မလုပ်နိုင်ခဲ့ဘဲနဲ့။ သဘာဝ အရင်းအမြစ် တွေကို အခြေခံတဲ့ စီးပွားရေးကို တည်ဆောက်ခဲ့တယ်။ အဲဒီတော့ ဒီနေရာမှာက သဘာဝ အရင်းအမြစ်တွေကို ဘယ်လို တူးဖော်ထုတ်လုပ်ကြမလဲ။ ဘယ်လို ရောင်းချကြမလဲ။ ရလာတဲ့ငွေ အမြောက်အမြားကို ဘယ်လိုသုံးစွဲမလဲဆိုပြီးတော့ လုပ်တဲ့အခါမှာ သူ့ရဲ့ သဘောသဘာဝကိုက ဖြစ်လာတာက လူတစုက ပိုကြီးပွားသွားတယ်။

လူတစုကပဲ ဒါကို လုပ်ပိုင်ခွင့် ရှိသွားတယ်ဆိုတဲ့ ကိစ္စတွေကလည်း တပါတည်းဖြစ်လာခဲ့တယ်။ အခု အနေအထားမှာက ဒီလို သွားလို့မရတော့ဘူး။ ဒါကို အားလုံးကျယ်ကျယ်ပြန့်ပြန့်နဲ့ ကုန်ထုတ်လုပ်သူတွေနဲ့ ကုန်ထုတ်လုပ်ငန်းတွေကို ဦးစားပေးတဲ့ စီးပွားရေးအခြေခံတွေကို တည်ဆောက်ရမယ်။ စက်မှုလက်မှုလုပ်ငန်းတွေကိုလည်း တည်ဆောက်တဲ့အခါမှာ အစိုးရနဲ့ ပြည်သူပိုင် စက်ရုံတွေရဲ့ ကဏ္ဍကိုလည်း တဖြည်းဖြည်းနဲ့ သေးလာအောင် လုပ်ရမယ်လို့လည်း စက်မှုဝန်ကြီးကိုယ်တိုင်က ပြောသွားတဲ့စကားမျိုးကိုလည်း ထူးထူးခြားခြား ကြားခဲ့ရတာကိုလည်း ရှိခဲ့တယ်။

ဦးသန်းလွင်ထွန်း ။ ။ ဒီနေရာမှာက ဦးဇော်ဦး အခု ဒီလို အလုပ်ရုံဆွေးနွေးပွဲတွေ လုပ်တယ်ဘာညာ ဆိုတာတွေက ဝိုင်းဝန်းပြီးတော့ အကြံပေးရုံသက်သက်ပဲ ရှိနေသေးတယ်။ လက်တွေ့အားဖြင့် အကောင်အထည်ဖော်ဖို့ ဆိုလို့ရှိရင် အထူးသဖြင့် စီးပွားရေးမှာ အဂတိလိုက်စားမှုတွေ ပပျောက်ဖို့၊ ဒါမှမဟုတ်လို့ရှိရင် လက်ရှိ အခြေအနေတွေကို ဖွံ့ဖြိုးတိုးတက်လာအောင် လုပ်ပိုင်ခွင့်နဲ့ သီးခြား ကော်မရှင်တွေ ဖွဲ့ပြီးတော့ သေသေချာချာ စုံစမ်းရေးကော်မရှင်တွေဖွဲ့ လုပ်လာဖို့။ အထူးသဖြင့် အဂတိလိုက်စားမှုနဲ့ ဆွေမျိုးဉာတိ ကောင်းစားရေး မူဝါဒ တိုက်ဖျက်ရေးကိစ္စမှာ တကယ်တမ်း လက်တွေ့အားဖြင့် ဖြစ်လာနိုင်မယ့် အနေအထားရော ရှိပါသလား။

ဦးဇော်ဦး ။ ။ အခု ကျနော်တို့ ပြောနေတဲ့ အချိန်အတွင်းမှာပဲ တော်တော်များများ စီးပွားရေးမှာ အင်မတန်မှ အရေးကြီးတဲ့ ဝိုင်းဖော်ဆောင်ရမှာက ပြုပြင်ပြောင်းလဲမှု တော်တော်များများ လုပ်လိုက်တာကို တွေ့ရပါတယ်။ ကျနော် ပြန်လာပြီး တပတ်၊ နှစ်ပတ်အတွင်းမှာ။ ဆိုကြပါစို့ အခု လောလောဆယ် ကျနော်တို့ အဓိက ရင်ဆိုင်နေရတဲ့ ပြဿနာဟာ ဗမာကျပ်ငွေ ငွေလှယ်နှုန်းအရ ဆိုင်လာတဲ့ ပြဿနာပါ။ အဲဒီတော့ ဒီပြဿနာနဲ့ တောက်လျှောက်မှာပဲ ပို့ကုန်လုပ်ငန်းတွေရှိတယ်။ ပို့ကုန်လုပ်ငန်းမှာ ပါနေတဲ့ ကုန်ထုတ်လုပ်သူတွေ ရှိတယ်။ နောက်ပြီးတော့ နောက်မှာကတော့ လူထုတွေ ရှိတယ်။ အဲဒီတော့ အခု မကြာခင်မှာပဲ ဘဏ္ဍာအခွန် ဝန်ကြီးဌာနကနေ ဦးဆောင်ပြီး ပေါ်လစီအပိုင်းမှာ အရင် အနှစ် (၂၀) လောက်အတွင်းမှာ တသမတ်တည်း ကြပ်ကြပ်မတ်မတ် တခါမှ မပြောင်းလဲတဲ့ မူတွေကို မြန်မြန်ဆန်ဆန်နဲ့ ပြောင်းလဲပြီးလုပ်လာတာကို တွေ့ရပါတယ်။

ဥပမာအားဖြင့် အခွန်နှုန်းထားတွေနဲ့ ပတ်သက်ပြီးတော့ ပိုကုန်အခွန် လုပ်တဲ့ဟာတွေ ပထမပိုင်းမှာ ၇% အထိ လျှော့တယ်။ အခုနောက်ပိုင်းမှာ လုံးဝရာနှုန်းပြည့် လျှော့လိုက်တာ တွေ့ရတယ်။ နောက်ပြီးတော့ အတိုးနှုန်းတွေကိုလည်း လျှော့ဖို့ဆိုပြီး သူတို့ လုပ်လိုက်တာကို တွေ့ရတယ်။ နောက်ပြီးတော့ တခြား ငွေလှယ်နှုန်းကိုလည်း ပြင်မယ်ဆိုတဲ့ကိစ္စကိုလည်း အစိုးရက ပြောလာတာ ရှိတယ်။ ဒါက ငွေလှယ်နှုန်းကလည်း ဒီနေရာမှာ ကြီးမားတဲ့ အဟန့်အတားလည်း ဖြစ်နေတာပေါ့။ ဒီဟာကိုလည်း ပြင်မယ်ဆိုပြီးတော့ ပြောလာတဲ့ဟာ တွေ့ရတယ်။

ဦးသန်းလွင်ထွန်း ။ ။ အခု ပြင်ဆင်မှုတွေကို ကြည့်မယ်ဆိုရင် အထူးသဖြင့် စောစောက ဦးဇော်ဦး ပြောတဲ့ ပို့ကုန်လုပ်ငန်းမှာ အခွန်နှုန်းလျှော့ချတယ်ဆိုတဲ့ ကိစ္စမျိုးဆိုရင် လတ်တလောအားဖြင့် ကြီးကြပ်ပြီး လုပ်ကိုင်နေတဲ့ ကုမ္မဏီတွေ လုပ်ငန်းတွေအားလုံးဟာလည်း တကယ်တမ်း ကြည့်မယ် ဆိုရင် အစိုးရအာဏာပိုင်တွေနဲ့ နီးစပ်တဲ့သူတွေပဲ ဖြစ်နေတော့ ဒီလူတွေရဲ့ ကိုယ်ကျိုးစီးပွားကို ကာကွယ်ပေးဖို့ကိုပဲ လတ်တလောအားဖြင့် ဖြစ်မနေဘူးလား။

ဦးဇော်ဦး ။ ။ အပေါ်ယံကြည့်ရင်တော့ အဲဒီလို မြင်ရတာပေါ့။ ဒါပေမဲ့ သေသေချာချာ သွားကြည့်မယ် ဆိုရင် အထူးသဖြင့် ပို့ကုန်လုပ်ငန်းဟာ ကုန်ထုတ်လုပ်ငန်းတွေနဲ့ ဆက်စပ်နေတယ်။ ပို့ကုန်လုပ်ငန်း တခု လုပ်ဖို့ဆိုရင် သဘာဝအရင်းအမြစ် လုပ်ငန်းတွေနဲ့ မတူတာက သဘာဝ အရင်းအမြစ် လုပ်ငန်းတွေဆိုရင် ဥပမာအားဖြင့် သဘာဝဓာတ်ငွေ့လုပ်ငန်းဆိုရင် ဗမာအင်ဂျင်နီယာတောင် သိပ်ပါတာမဟုတ်ဘူး။ နိုင်ငံခြားကုမ္မဏီကြီးတွေပဲ လာပြီးတော့ ထုတ်သွားတယ်။ ပြီးရင်ရောင်းတယ်။ ရတဲ့ပိုက်ဆံကို ဒေါ်လာနဲ့ချေးသွားတယ်ဆိုတဲ့ ပြဿနာပေါ့။

ဒါပေမဲ့ ပို့ကုန်လုပ်ငန်းကို လုပ်ကြတဲ့ လုပ်ငန်းတိုင်းရဲ့နောက်မှာ ကုန်ထုတ်လုပ်သူတွေ ကျနော်တို့ရဲ့ အခြေခံလူတန်းစားတွေ ရှိနေတယ်။ ဥပမာအားဖြင့် ရေထွက်လုပ်ငန်းဆိုရင် ရေထွက်လုပ်ငန်းရဲ့ နောက်ပိုင်း အင်အိုင်တွေမှာ ဦးစီးတဲ့လုပ်ငန်းရှင်တွေ ရှိသလို သူတို့ရဲ့နောက်မှာ တကယ် အလုပ်လုပ်နေတဲ့ တံငါသည်တွေ၊ ရေထွက်လုပ်ငန်းမှာ လုပ်နေကြတဲ့ လူတွေအများကြီးရှိတယ်။

အခုန အထည်ချုပ်လုပ်ငန်းတွေမှာဆိုရင်လည်း အထည်ချုပ်လုပ်ငန်းရှင်တွေ ရှိသလို သူတို့နောက်မှာ စက်ရုံတွေနဲ့ အလုပ်သမားတွေရှိတယ်။ အဓိကတော့ ကျနော်တို့ ပြဿနာဟာ အခုနပြောတဲ့ သဘာဝ အရင်းအမြစ်တွေကို အခြေခံပြီး လုပ်လိုက်တာကြောင့်မို့ ဖြစ်လာတဲ့ ကျပ်ငွေ မာလာတဲ့ကိစ္စသည် အခုန ကုန်ထုတ်လုပ်ငန်းတွေကို အခြေခံပြီး လုပ်နေတဲ့ ပို့ကုန်တွေကို သွားထိခိုက်တယ်။ အဲဒီတော့ အဓိကကြည့်ရမှာက လုပ်ငန်းရှင်ကြီးတွေထဲမှာတောင်မှ ဘယ်လိုလုပ်ငန်းမျိုးကို နိုင်ငံတော် အစိုးရအနေနဲ့ အားပေးသင့်သလဲဆိုရင် ပို့ကုန်လုပ်ငန်းတွေနဲ့ ကုန်ထုတ်လုပ်ငန်းတွေကို ဆက်စပ်နေတဲ့ လုပ်ငန်းတွေကို ပိုပြီးဦးစားပေးရမယ့် ရှိရမယ်။

ဒါဟာလည်း အရှေ့အာရှကျားတွေ တက်လာတဲ့ပုံစံကလည်း ဒီပုံစံပဲ ဖြစ်တယ်။ ဒီအနေအထားမှာကတော့ အခုန လုပ်ငန်းရှင်ကြီးတချို့သာ အထောက်အကူပြုတယ်လို့ ကွက်ပြီးကြည့်လို့ မရဘူး။ လုပ်ငန်းရှင်ကြီးတွေနောက်မှာ မှီခိုနေကြသူတွေနဲ့ သူတို့နဲ့အတူ ဆက်စပ်ပြီးအကျိုးတူ လုပ်နေကြတဲ့ အခြေခံလူတန်းစာနဲ့ သူတို့မိသားစုအများကြီး ရှိတာမို့ ပို့ကုန်လုပ်ငန်းတွေနဲ့ ပို့ကုန်လုပ်ငန်းနဲ့ ဆက်စပ် နေတဲ့ ကုန်ထုတ်လုပ်ငန်းတွေကို ကယ်တင်ရေးကိစ္စကတော့ အင်မတန်မှ အရေးကြီးပါတယ်။ ပဏာမလုပ်ရမယ့်ကိစ္စလို့ ပြောလို့ရပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ အဲဒီ ပို့ကုန်လုပ်ငန်းတွေကို ပိုပြီးတော့ ရှင်သန်လာအောင် ကြီးထွားလာအောင် ဆိုလို့ရှိရင် အခုလက်ရှိ လုပ်ထားတဲ့ နိုင်ငံတကာ စီးပွားရေးပိတ်စို့မှုတွေ ပြန်ပြီးဖွင့်ပေးဖို့ကိစ္စကရော အလားအလာ ဘယ်လို ရှိသလဲ။

ဦးဇော်ဦး ။ ။ ကျနော်တို့ အခုလက်ရှိအနေအထားမှာက ကျနော်တို့အပေါ်မှာ စီးပွားရေးပိတ်ဆို့ထားတဲ့ နိုင်ငံကြီးတွေအနေနဲ့ ဘယ်ဖိအားပေးမှုမျိုးကတော့ ထိရောက်တယ်။ ဘယ်ဖိအားပေးမှုမျိုးကတော့ မထိရောက်ဘူး။ ဘယ်ဖိအားပေးမှုမျိုးက မထိရောက်တဲ့အပြင် ဆိုးကျိုးတွေပါ ဖြစ်စေနိုင်တယ်။ ဘယ်ဖိအားပေးမှုမျိုးကတော့ ထိရောက်တဲ့အပြင် ပိုပြီး အပြောင်းအလဲကို ဦးတည်စေတဲ့ဆိုတဲ့ ဟာမျိုးတွေကို သေသေချာချာ စဉ်းစားပြီးစနစ်တကျ ကိုင်တွယ်ဖြေရှင်းဖို့အချိန် ရောက်လာပြီလို့လည်း ပြောလို့ရတယ်။

ဘာကြောင့်လဲဆိုလို့ရှိရင် ကျနော်တို့ပြည်တွင်းမှာ ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေဟာ အထူးသဖြင့် စီးပွားရေးပြုပြင်ပြောင်းလဲမှုအပိုင်းမှာ ရှေ့ကိုတက်လမ်းဖို့အတွက် အားယူရုံတင်မကဘူး၊ စပြီး လုပ်နေတဲ့ အခြေအနေရောက်လာတဲ့အတွက်ကြောင့် ဒီလိုဖြစ်လာတဲ့ ဖြစ်ပေါ်တိုးတက်မှုအပေါ်မှာ နိုင်ငံတကာရဲ့ ပေါ်လစီတွေကရော ဘယ်လိုအကောင်းဆုံး တွန်းအားပေးမလဲဆိုတဲ့ကိစ္စဟာ ပြန်ပြီး စဉ်းစားရမယ့်အချိန် ရောက်ပြီလို့ ပြောလို့ရပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ ထိုင်းနိုင်ငံ ချင်းမိုင်တက္ကသိုလ်မှာ အခြေစိုက်တဲ့ မြန်မာ့စီးပွားရေးပညာရှင် ဒေါက်တာဇော်ဦး ကို ဆက်သွယ်မေးမြန်းခဲ့တာပါ။

XS
SM
MD
LG