သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လွှတ်တော်ကိုယ်စားလှယ် ဦးရဲထွန်းရဲ့ နိုင်ငံရေးအမြင် နဲ့ မျော်လင့်ချက်


လွှတ်တော်ကိုယ်စားလှယ် ဦးရဲထွန်းရဲ့ နိုင်ငံရေးအမြင် နဲ့ မျော်လင့်ချက်
လွှတ်တော်ကိုယ်စားလှယ် ဦးရဲထွန်းရဲ့ နိုင်ငံရေးအမြင် နဲ့ မျော်လင့်ချက်

မြန်မာနိုင်ငံမှာ အနှစ် (၂၀) ကျော်အတွင်း ပထမဦးဆုံးအကြိမ် ကျင်းပခဲ့တဲ့ ပါတီစုံ ပြည်သူ့လွှတ်တော် အစည်းအဝေးတွေဟာ စစ်တပ်နဲ့ ပြည်ခိုင်ဖြိုးပါတီအကြား ဇာတ်တိုက်ထားတဲ့ စင်တင်ပြဇာတ်တခုကို ကြည့်ခဲ့ရသလိုပါပဲလို့ ဝေဖန်သူတွေ ရှိခဲ့ပေမဲ့ အနည်းစု လွှတ်တော်ကိုယ်စားလှယ်တွေကတော့ မျှော်လင့်ချက်တွေ ထားနေဆဲပါ။ ဒီတပတ် မြန်မာ့အရေး ဒီမိုကရေစီရေးရာ ဆွေးနွေးခန်းမှာ သီပေါမြို့နယ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီရဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရဲထွန်း ကို ဦးသန်းလွင်ထွန်း (ဗွီအိုအေ) ဆက်သွယ်မေးမြန်း ဆွေးနွေးသုံးသပ် တင်ပြထားပါတယ်။

ဦးရဲထွန်း ။ ။ ပြည်သူ့လွှတ်တော်မတက်ခင်မှာ ကျနော်တို့ သိပ်ပြီးတော့ မျှော်လင့်တော့ မထားဘူးပေါ့။ အဓိကအားဖြင့်တော့ ပြည်သူလူထုတွေ ခံစားနေရတဲ့ ဥပဒေနဲ့မညီတဲ့ ကိစ္စလေးတွေပေါ့လေ။ အဲဒါလေးတွေ အခြေခံကိစ္စလေးတွေကို ပြောခွင့်ဆိုခွင့် ရရင်ကိုပဲ မဆိုးပါဘူး၊ အဲဒါတွေကို ပြောမယ်ဆိုပြီး အဲသလောက်ပဲ မှန်းခဲ့တာပါ။ ဟိုရောက်တဲ့အခါကျတော့ ပြည်သူ့လွှတ်တော် အဆောက်အဦးနဲ့ အစည်းအဝေးခန်းမတွေက ခမ်းခမ်းနားနား ထည်ထည်ဝါဝါ ပြင်ဆင်ထားတာတွေ့တော့ ဒါကတချက် ပထမဦးဆုံးအနေနဲ့ ကျနော့်ဘ၀ မှာလည်း ဒါ လွတ်လပ်တဲ့ ပါတီစုံဒီမိုကရေစီလွှတ်တော်ထဲမှာ အစည်းအဝေး တက်ခွင့်ရတဲ့အတွက် ဂုဏ်ယူတယ်၊ နောက် လွှတ်တော်အခမ်းအနား အပြင်အဆင်တွေကလည်း အထင်ကြီးလောက်စရာရှိတော့ တော်တော်လေး ကိုယ့်တိုင်းပြည်အတွက်ကို ဝမ်းသာဂုဏ်ယူပါတယ်။ ဒါပေမဲ့ စိတ်မကောင်းတာတခုက လွှတ်တော်စတက်တက်ခြင်းမှာ ဖြစ်သင့်တာကတော့ ပြင်ပမီဒီယာသမားတွေကို နာရီဝက်လောက်ဖြစ်ဖြစ်၊ တနာရီလောက်ဖြစ်ဖြစ် ပေးဝင်ပြီး သတင်းယူခွင့်ပေးလိုက်လို့ ရှိရင်တော့ သိပ်ကောင်းမှာပဲလို့ ကျနော့စိတ်ထဲမှာ ဖြစ်မိတယ်။

ဦးသန်းလွင်ထွန်း ။ ။ အထူးသဖြင့် အမျိုးသားညီလာခံ ကာလတုန်းကဆိုရင်တောင်မှပဲ အမျိုးသားညီလာခံ တက်နေတဲ့ကိုယ်စားလှယ်တွေကို ကျနော်တို့ ဆက်သွယ်ဖို့တို့၊ စကားပြောဖို့တို့ဆိုတာ တော်တော် ခဲခဲယဉ်းယဉ်း ရှိသလို ကိုယ်စားလှယ်တွေကလည်း မပြောရဲ မဆိုရဲတွေ ရှိတယ်လေ။ အခုတော့ ဦးရဲထွန်းတို့လို ကိုယ်စားလှယ်တွေက ကိုယ့်အတွေ့အကြုံတွေကို လွတ်လွတ်လပ်လပ် ပြောရဲတယ်၊ ပြောဆိုချင်တဲ့ ဆန္ဒတွေရှိတယ်။ ပြောဆိုဆက်သွယ်ခွင့်တွေလည်း ရှိနေတယ်ဆိုလို့ရှိရင်တော့ ခြေလှမ်းသစ်လေးတရပ် အကောင်းဘက်ကနေ တွက်ရမလိုပါပဲ။ တခြား ဒီလွှတ်တော်ထဲမှာ အစိုးရအဖွဲ့ အတွက်ကို ရွေးချယ်တဲ့ ကိစ္စတွေ၊ ဘာတွေမှာရော ဘယ်လောက်အထိ ပါဝင်ခွင့်ရသလဲ၊ အဲလို လုပ်ငန်း ဆောင်တာ အဆင့်တွေအတွက်ကော ကျေနပ်မှုရှိခဲ့ရဲ့လား။

ဦးရဲထွန်း ။ ။ ကျေနပ်တယ်လို့ ပြောရမှာပေါ့။ ကျနော်တို့က ရွေးကောက်ပွဲကာလက အခြေအနေကိုတော့ ပြီးသွားခဲ့တဲ့ကိစ္စ ဖြစ်တဲ့အတွက် အဲဒါကို ထည့်ပြီးတော့ မပြောတော့ဘူးလေ။ ထည့်မပြောတော့ လွှတ်တော်ထဲမှာ ရောက်လာတဲ့ အနေအထားအရကတော့ ပြည်ခိုင်ဖြိုးပါတီက အင်အားအများစု ဖြစ်တဲ့အတွက်ကြောင့် ကျနော်တို့တွေကတော့ အုပ်ချုပ်တဲ့အဖွဲ့၊ သမ္မတ၊ ဒု-သမ္မတတို့ အုပ်ချုပ်ရေးအဖွဲ့ကို ရွေးချယ်တဲ့နေရာမှာ သိပ်ပြီးတော့ ကျနော်တို့ရဲ့ ပြောနိုင်ဆိုနိုင်တဲ့အင်အားက သိပ်ထိရောက်မှာ မဟုတ်ဘူး ဆိုတာတော့ နဂိုရ်ထဲက သဘောပေါက်ပြီးသားပါ။ ဒါပေမဲ့ အဲဒီမှာ ကိုယ်အပြိုင်တင်လိုတဲ့ သမ္မတလောင်းတွေ၊ ဒု-သမ္မတလောင်းတွေ၊ လွှတ်တော်ဥက္ကဋ္ဌတွေ အပြိုင်တင်ခွင့်ရတဲ့အတွက်ကြောင့် ကျနော်တို့နိုင်ငံရဲ့သမိုင်းမှာ လွတ်လွတ်လပ်လပ် လုပ်ခွင့်၊ တင်ခွင့် အဆိုပြုခွင့်ရတယ်ဆိုတဲ့ဟာကို ဂုဏ်ယူတယ်။

ဂုဏ်ယူတော့ ပြည်ခိုင်ဖြိုးမဟုတ်တဲ့ ဒီမိုကရက်တစ်ပါတီတွေကလည်း အဲဒီအတွက်ကို စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့ တိုင်ပင်ပြီးတော့ နာမည်စာရင်းတွေတင်ကြ၊ မဲခွဲကြ - ရှုံးတော့ ရှုံးတာပေါ့ဗျာ။ ရှုံးပေမဲ့ လွှတ်တော်ထဲမှာ အဲဒီလိုလေး လွှတ်တော်ထဲမှာ လုပ်ခွင့်ရတယ်ဆိုတာကိုပဲ ကျနော်တို့ လုပ်ရတဲ့သူတွေ အနေနဲ့လည်း ဂုဏ်ယူတယ်။ တိုင်းသူပြည်သားတွေနဲ့ ကမ္ဘာကိုလည်း ကျနော်တို့က ကြေညာချင်တာပေါ့။ ကျနော်တို့တတွေ ဒီမိုကရေစီ စပြီးတော့ ရပြီ၊ ကျနော်တို့ မတူတဲ့ အမြင်၊ အယူအဆတွေ ဖော်ထုတ်ခွင့် ရတယ်ဆိုတာကို ကျနော်တို့ ပြချင်တာပေါ့လေ။

ဦးသန်းလွင်ထွန်း ။ ။ ဟုတ်ကဲ့။ ဦးရဲထွန်းဆိုလိုချင်တဲ့သဘောက ရွေးကောက်ပွဲကာလတုန်းက အများက ဝေဖန်နေတဲ့ မဲမသမာမှုတွေ၊ ဒါမှ မဟုတ်လို့ရှိရင်လည်း ကြိုတင်မဲတွေနဲ့ အဆုံးအဖြတ်ပေးသွားတဲ့ ကိစ္စတေ၊ွ ဒါတွေကို မေ့ထားလိုက်ပြီးတော့ လွှတ်တော်တွင်းမှာ ရောက်လာခဲ့ပြီးတဲ့နောက်မှာ ရသမျှနဲ့ လုပ်နိုင်သမျှနဲ့ ကျေနပ်တယ်ဆိုတဲ့သဘောကို ဆိုလိုတာလား။

ဦးရဲထွန်း ။ ။ လုပ်နိုင်တဲ့လမ်းနဲ့ လုပ်ခွင့်ရတယ်ဆိုတာကို ပြရတာကိုပဲ ကျနော်ကတော့ နည်းနည်း ကျေနပ် တယ်ဗျ။ အထူးသဖြင့်တော့ ရွေးကောက်ပွဲကာလအတွင်းက ရွေးကောက်ပွဲကို သပိတ်မှောက်တဲ့ အဖွဲ့တွေ ကလည်း တကယ့်တကယ် လက်တွေ့မှာကျတော့ ကျနော်တို့ ပြုပြင်ပြောင်းလဲရေးသမားတွေကို တော်တော်လေး ထိခိုက်စေတယ်။ အဲဒီခြေလှမ်းက စမှားတာလို့ ကျနော်တို့က ထင်တယ်။ သပိတ်မှောက်တဲ့ အင်အားစုက များတဲ့အတွက်ကြောင့်မို့လို့ ဒီမိုကရက်တစ် အင်အားစုတွေကလည်း အရောက်နည်းသွားတာ ပေါ့လေ။ ဒါကြောင့် ဒီကိစ္စကို ပြောမယ်ဆိုလို့ရှိရင် အခြေအတင် ရှည်ရှည်ဝေးဝေးပြောနေရမှာဆိုတော့ အရှိအတိုင်းပဲ လွှတ်တော်ထဲမှာ လက်ရှိရောက်နေတဲ့ အနေအထားကနေပြီးတော့ ကျနော်ကတော့ ကျေနပ်တယ်လို့ သုံးသပ်ပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ ဦးရဲထွန်းရဲ့ ပုဂ္ဂိုလ်ရေး၊ နိုင်ငံရေးသမိုင်းကြောင်းကို ကြည့်လိုက်မယ် ဆိုလို့ရှိရင်လည်း ဟိုးအရင် ဦးသန့်အရေးအခင်း ကာလကတည်းက တက္ကသိုလ်ကျောင်းသားတဦးအနေနဲ့ ပါဝင်ခဲ့တယ်၊ အဲဒီနောက်ပိုင်းမှာ ကွန်မြူနစ်ပါတီ၊ ဗ.က.ပ ဘက်ကို သွားပြီးတော့ လက်နက်ကိုင် တော်လှန်ရေးလမ်းစဉ်ကို လိုက်ခဲ့တယ်။ အဲဒီနောက်ပိုင်းကျတော့မှ ငြိမ်းချမ်းရေးဘက်ကို ပြန်ဝင်လာပြီးတော့ အခု လွှတ်တော်ထဲမှာ လွှတ်တော်အမတ်တယောက်အဖြစ်နဲ့ လှုပ်ရှားတယ်ဆိုတော့ အရင်လုပ်ခဲ့တဲ့ ပိုပြီးတင်းမာတဲ့ အယူအဆ ကနေပြီးတော့ နည်းနည်း ဦးရဲထွန်း ကိုယ်တိုင်က ပျော့ပြောင်းလာတယ်ဆိုတဲ့ သဘောကို ပြောချင်တာလား။

ဦးရဲထွန်း ။ ။ ဖြတ်သန်းမှုနဲ့ဆိုင်တာပေါ့လေ။ အရင်ကတော့ အသက် ၂၀ လောက်က ဆိုရှယ်လစ်ဝါဒ၊ ကွန်မြူနစ်ဝါဒက ကမ္ဘာမှာလည်း ခေတ်စားနေတယ်၊ ကျနော်တို့ လူငယ်တွေထဲမှာလည်း နိုင်ငံရေးလေ့လာတဲ့ သူ၊ စာဖတ်တဲ့သူ မှန်သမျှက ကွန်မြူနစ်ဝါဒဘက်ကို တိမ်းညွတ်သွားတာများတယ်လေ။ အဲဒီတုန်းကတော့ လက်နက်ကိုင်ပြီးတော့ တိုက်ပွဲဝင်တဲ့ လူဘောင်သစ်တခု တည်ဆောက်တဲ့ဟာက မှန်တယ်လို့ ကျနော်တို့က ထင်တယ်။ အဲဒီတုန်းက တရုတ်ပြည် လွတ်မြောက်သွားတဲ့ကိစ္စတို့၊ ဗီယက်နမ်မှာ တော်လှန်ရေးတွေ အောင်မြင်နေတဲ့ကိစ္စတို့ ဆိုတာတွေကိုလည်း ကျနော်တို့က ကွန်မြူနစ်ပါတီခေါင်းဆောင်လို့၊ စနစ်ဆိုးကို တိုက်ဖျက်နိုင်လို့၊ တော်လှန်နိုင်လို့ လို့ အပေါ်ယံလောက်ပဲ ကျနော်တို့က သိတာ။ တကယ့်တကယ် ဟိုထဲရောက်သွားတဲ့အခါကျမှ တရုတ်ပြည်က တော်လှန်ရေးအောင်မြင်တာတို့၊ ဗီယက်နမ်မှာ ဟိုချီမင်းတို့ အောင်မြင်တာတို့ဆိုတာက အမှန်က နယ်ချဲ့ဆန့်ကျင်ရေးတိုက်ပွဲကို သူတို့က အခြေခံအားယူပြီးတော့မှ တော်လှန်ရေးအောင်တာ။

ကျနော်တို့ တိုင်းပြည်မှာက ဖက်ဆစ်ဂျပန်ကိုတိုက်ခဲ့တဲ့ တိုက်ပွဲတခုရှိခဲ့တယ်။ အဲဒီတုန်းကလည်း ဗမာပြည်၊ ကွန်မြူနစ်ပါတီက ဦးဆောင်ခဲ့တဲ့အခန်းက ပါခဲ့တယ်ပေါ့ဗျာ။ ဒါပေမဲ့ ဗိုလ်ချုပ်အောင်ဆန်းက လူငယ်တွေ သူတို့ သဘောထားကွဲပြီးတော့ သူကို ကွန်မြူနစ်ပါတီက ထုတ်တာလည်း ခံလိုက်ရတယ်။ လူငယ်တွေ အချင်းချင်းမှာလည်း မစည်းမလုံး အကွဲကွဲအပြားပြား ဖြစ်သွားတဲ့အခါကျတော့ ကျနော်တို့တိုင်းပြည်မှာက နယ်ချဲ့ဆန့်ကျင်ရေး အောင်ပွဲကနေပြီးတော့ ဆိုရှယ်လစ်တော်လှန်ရေးကို သူတို့ အရမယူနိုင်ခဲ့ဘူးပေါ့။

ဆိုလိုတာက ဗမာပြည်မှာကျတော့ အချင်းချင်းတိုက်နေရတဲ့ဟာက ကိုယ့်တိုင်းရင်းသားအချင်းချင်း ဖြစ်နေတယ်။ ဗမာပြည်ကွန်မြူနစ်ပါတီက အဲဒီတုန်းက ဦးနေဝင်းနဲ့ ဦးစန်းယုတို့ကို နေဝင်း-စန်းယု စစ်အစိုးရ၊ နယ်ချဲ့နောက်လိုက်လို့ ကျနော်တို့က တံဆိပ်ကပ်ပြီးတော့ အော်ဟစ်နေပေမဲ့ တကယ့်တကယ်မှာက ဦးနေဝင်းနဲ့ ဦးစန်းယုက ဗမာပြည်မှာ ဘယ်နယ်ချဲ့တပ်ကိုမှ ခွင့်ပြုထားတာမရှိဘူးဗျ။ ဆိုလိုချင်တာက ကျနော်တို့က လုပ်ရင်းလုပ်ရင်းနဲ့ လမ်းကြောင်းမှားကို လျှောက်မိနေပြီဆိုတာကို သိလာတယ်။

သိလာတဲ့အချိန်မှာ တရုတ်ပြည်မှာကလည်း လမ်းကြောင်းကစပြောင်းနေပြီ။ တိန့်ရှောင်ဖိန် () က ဆိုရှယ်လစ်လမ်းကြောင်းမှာ စုပေါင်းပိုင်ဆိုင်တဲ့စံနစ်၊ စုပေါင်းကုန်ထုတ်လုပ်တဲ့စံနစ်နဲ့ သွားတာဆိုတော့ တိုးတက်တဲ့ ဖွင့်ဖြိုးတဲ့နိုင်ငံကို မပြောင်းလဲနိုင်ဘူး။ ဈေးကွက်စီးပွားရေးစနစ်နဲ့ သွားမှဖြစ်မယ်ဆိုပြီးတော့ တိန်ရှောင်ဖိန်၊ ဂေါဘားချော့ တို့က စပြောင်းနေပြီ။ အဲဒီတော့ ကျနော်တို့ကလည်း စာဖတ်တဲ့လူငယ်တွေ ဖြစ်တဲ့အခါကျတော့ တောထဲမှာလည်း လေ့လာဖတ်မှတ်နေတဲ့အခါကျတော့ အဲဒီတုန်းက ခေါင်းဆောင်တွေနဲ့ ကျနော်တို့ အမြင်တွေ ကွဲလာတယ်။ ကွဲလာတော့ ဗမာပြည်ကွန်မြူနစ်ပါတီကလည်း ၈၉-၉၀ ခုနှစ်မှာ ပြိုကွဲသွားတဲ့အခါကျတော့ ကျနော်တို့ရဲ့ အမြင်တွေ ပြောင်းလဲသွားတာနဲ့ ဗမာပြည်ကွန်မြူနစ်ပါတီ ပြိုကွဲသွားတာနဲ့ အချိန်ကိုက်လိုဖြစ်ပြီးတော့ ကျနော်တို့ တိုင်းပြည်ကလည်း ၉၀ ပြည့်နှစ်မှာ ပါတီစုံ ဒီမိုကရေစီလမ်းကြောင်းပေါ်ကို လျှောက်မယ်ဆိုပြီး ရွေးကောက်ပွဲ လုပ်တာနဲ့ ကျနော်လည်း မြို့ပေါ် ရောက်တာနဲ့ ကွက်တိဖြစ်သွားတာပေါ့။

ဦးသန်းလွင်ထွန်း ။ ။ အဲဒါဆိုလို့ရှိရင် အခုလောလောဆယ် လက်နက်စွဲကိုင် တော်လှန်နေဆဲဖြစ်တဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေ၊ ဒါမှမဟုတ် အပစ်အခတ်ရပ်ဆဲရေးကို သဘောတူထားပြီးတော့ ကိုယ်ပိုင် အုပ်ချုပ်ရေးကိစ္စ၊ ကိုယ်ပိုင်ပြဋ္ဌာန်းရေးကိစ္စမှာ နည်းနည်းလေး သဘောကွဲလွဲနေလို့ နယ်ခြားစောင့်ကိစ္စမှာ သဘောတူညီချက်လေးတွေ၊ ပြဿနာလေးတွေ ရှိနေတဲ့အခြေအနေတွေကို ဘယ်လိုသုံးသပ်သလဲ။ ဒီ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ အခြေအနေပေါ့။

ဦးရဲထွန်း ။ ။ ဝ ဒေသတို့၊ ကေအိုင်အေဒေသက ကိစ္စတွေနဲ့ ပတ်သက်လို့ကတော့ ကျနော်က အဲဒီတုန်းက ဦးကျော်မြရဲ့ အတွင်းရေးမှူးအနေနဲ့ တပ်ပေါင်းစုဌာန ကိုင်ခဲ့လို့ ကျနော် ကောင်းကောင်းနားလည်းပါတယ်။ အဓိက အဲဒီတုန်းက ဗမာပြည်ကွန်မြူနစ်ပါတီက သူတို့တတွေကို ရှင်းလင်းပြီး တင်ပြတာကလည်း ကိုယ်ပိုင်အုပ်ချုပ်ရေးပေါ့။ ကိုယ်ပိုင်အုပ်ချုပ်ရေးဆိုတာ တကယ့်တကယ် ပြောမယ်ဆိုရင် တရုတ်ပြည်က ကျင့်သုံးနေတဲ့ ကိုယ်ပိုင်အုပ်ချုပ်ရေးပဲ။ တရုတ်ပြည်မှာ ပါတီစုံစနစ်ကို ခွင့်မပြုဘူး။ ကွန်မြူနစ်ပါတီတခုပဲ ရှိတယ်။ အဲဒီအောက်မှာ ပြည်နယ်တန်တဲ့လူမျိုးကို ပြည်နယ်ပေးတယ်။ တိုင်းအဆင့်တန်တဲ့လူကို တိုင်း၊ ခရိုင်အဆင့်တန်တဲ့ လူမျိုးစုကို ခရိုင်ဆိုပြီး ခွဲပေးတယ်။ အဲဒီတော့ သူတို့တတွေမှာက ဗဟိုက ချုပ်ကိုင်ထားတဲ့ ဗဟိုအစိုးရကပဲ ဥပဒေတွေ ပြုပြီးတော့ ပြည်ထောင်စုစနစ်မဟုတ်ဘူး။ တပြည်ထောင်စနစ်ပေါ့။ အထက်က ချပေးတဲ့ ပေါ်လစီတွေအတိုင်းပဲ လုပ်ရတယ်။ ဒါပေမဲ့ သူတို့ဆီမှာ ကောင်းတာက အစိုးရက ပြည်သူလူထုရဲ့ စားဝတ်နေရေးနဲ့ ပြည်သူလူထုရဲ့ စီးပွားရေးဘဝ ဖွံ့ဖြိုးမှုကို ဂရုစိုက်တယ်။ စိုက်တဲ့အခါကြတော့ နိုင်ငံရေးအရ လွတ်လပ်ခွင့်၊ ကိုယ်ယုံကြည်ခွင့် နိုင်ငံရေးကို ယုံကြည်သက်ဝင်ခွင့် မရှိပေမဲ့ စီးပွားရေးကို ကောင်းအောင် ဂရုစိုက်ပေးတဲ့အခါကြတော့ တရုတ်ပြည်မှာတော့ နယ်စပ်တွေမှာ သိပ်ပြဿနာတွေ မရှိဘူးပေါ့။ အဲဒီတော့ ကျနော်တို့ဒေသက ဝ၊ ကချင် တို့၊ ရှမ်းတို့ကို ဗမာပြည်ကွန်မြူနစ်ပါတီက အဲဒီလမ်းကြောင်းနဲ့ပဲ ပညာပေး ထားခဲ့တာ။ အဲဒီတော့ အခု ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ဆွဲတဲ့အခါမှာ ဖွဲ့စည်းပုံကို ဖတ်ကြည့်တော့ သိရသလောက်က နယ်စပ်မှာရှိတဲ့၊ တရုတ်-ဗမာ နယ်စပ်မှာရှိတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း တွေ၊ ထိုင်းနယ်စပ်မှာရှိတဲ့ ဖယ်ဒရယ်စနစ်ကို တောင်းဆိုနေကြတဲ့ တိုင်းရင်းသားတွေကိုရော ကျေနပ်အောင် ဆိုပြီး ဖွဲ့စည်းပုံက အဲဒီလို ကောင်းနိုးရာရာတွေ ရောပြီးတော့ ပေါင်းထားတယ်လို့ ကျနော်ခံစားရတယ်။ အဲဒီမှာ တပ်မတော်ရဲ့ အကြိုက် လွှတ်တော်တွေထဲမှာ ၂၅% ဆီ ပါဝင်ခွင့်ကိုလည်း သူက ယူထားတယ်။ တိုင်းရင်းသားအသီးသီးကိုလည်း ကိုယ့်ပြည်နယ်အလိုက်ကို လွှတ်တော်တွေ၊ ဥပဒေပြုတဲ့ လွှတ်တော်တွေ၊ အုပ်ချုပ်တဲ့ ပြည်နယ်အစိုးရတွေနဲ့ အဲဒီလို ခွဲပေးထားတယ်။ ခွဲပေးထားတဲ့အခါကြတော့ ဥပမာ ဝနယ်မှာဆိုရင် သူတို့က ပါတီစုံစနစ်ကို ခွင့်ပြုတယ်။ ပါတီစုံစနစ်ကိုလည်း သူတို့ဘာသာ သူတို့ကြိုက်သလို ထောင်လို့ရတယ်။ နောက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်တိုင်း ပေးထားတယ်။ အမှန်တကယ်ဆိုရင် ကျနော် မြင်တာက ဒီ ဖွဲ့စည်းပုံက တရုတ်ပြည်က ပေးတဲ့စနစ်ထက် ပိုသာတယ်။

ဦးသန်းလွင်ထွန်း ။ ။ ဒါပေမဲ့လည်း ဒီ ဝအဖွဲ့တွေဆိုလို့ရှိရင် ဒီ ဖွဲ့စည်းပုံကို လက်မခံဘဲနဲ့ ရွေးကောက်ပွဲ တောင် မဝင်ခဲ့ဘူး မဟုတ်လား။

ဦးရဲထွန်း ။ ။ ဟုတ်ပါတယ်။ အဲဒီဟာက အဓိက ကျနော်မြင်တာက ဖွဲ့စည်းပုံစည်းမျဉ်းကို သူတို့ သေသေချာချာ နားမလည်တာသော်လည်းကောင်း၊ အဓိက ပြဿနာကတော့ ယုံကြည်မှု။ ယုံကြည်မှုက အစိုးရအပေါ်မှာ အကြောင်းအမျိုးမျိုးကြောင့် ယုံကြည်မှုက မတည်ဆောက်နိုင်တော့ မင်းတို့ ရေးထားတာ ကောင်းတယ်။ လက်တွေ့မှာ မင်းတို့ ပေးပါ့မလားဆိုတဲ့ ယုံကြည်မှု။ အဲဒါ မတည်ဆောက်နိုင်တာကြောင့် သူတို့ လက်မခံတာ။

ဦးသန်းလွင်ထွန်း ။ ။ နောက်တချက်က ဦးရဲထွန်း ပြောသလို ပါတီစုံစနစ်ကို လက်ခံတယ်၊ လုပ်ခွင့်ပေးတယ် ဆိုပေမဲ့ ကချင်ပြည်နယ်မှာဆိုလည်း ကချင်ပါတီ - အရေးပါတဲ့ ကချင်ပါတီကို ပါတီမှတ်ပုံတင်ခွင့် မပေးခဲ့တာ ကလည်း ပြဿနာတခု မရှိခဲ့ဘူးလား။

ဦးရဲထွန်း ။ ။ အဲဒါတခုတော့ ကြားရတယ်။ အသေအချာ အသေးစိတ်တော့ ကျနော်လည်း မသိဘူး။ သူတို့က တခု စိုးရိမ်တာက လက်နက်ကိုင်အဖွဲ့အစည်းထဲကနေ ထွက်ပြီးတော့ နိုင်ငံရေးပါတီထောင်တဲ့အခါမှာ တဘက်က လက်နက်ကိုင်အဖွဲ့အစည်းနဲ့ မပြတ်မသားဖြစ်ပြီးတဲ့အခါကျတော့ အရင်တုန်းက ကွန်မြူနစ်တွေ လုပ်သလို ပါလီမန်ထဲကလည်း တိုက်၊ တောထဲကလည်း လက်နက်နဲ့တိုက်တဲ့ ပုံစံမျိုး၊ အခြေအနေမျိုး ဖြစ်မှာစိုးလို့ အစိုးရက ခွင့်မပြုတာလို့ ထင်တယ်။ အမှန်တကယ်ကတော့ သူတို့က အဲဒီအဖွဲ့အစည်းတခုလုံးကို ယုံယုံကြည်ကြည်နဲ့ ပြည်သူ့စစ်အဖြစ်နဲ့ အစိုးရဆီမှာ နယ်ခြားစောင့် (border guard force) အဖြစ်နဲ့ ပြောင်းလိုက်ပြီးမှ တကယ် နိုင်ငံရေးပါတီကို လုံးလုံးလျားလျား ထောင်မယ်ဆိုရင် ခွင့်ပြုလိမ့်မယ်လို့ ကျနော် ထင်တယ်။

ဦးသန်းလွင်ထွန်း ။ ။ တိုင်းရင်းသားဒေသတွေမှာ ငြိမ်းချမ်းရေး ရရှိဖို့။ ပြည်နယ်နဲ့တိုင်းတွေမှာ လူထုအကြား စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွေ ရှိလာစေဖို့ လွှတ်တော်အတွင်း ဘာတွေလုပ်ဆောင်နိုင်ပါသလဲဆိုတဲ့ မေးခွန်းကို သီပေါမြို့နယ်၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီရဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရဲထွန်း ဖြေကြားထားတာကို ရှေ့တပတ်မှာ ဆက်လက်တင်ပြသွားပါမယ်။

XS
SM
MD
LG