သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နွေရာသီနဲ့ မိုးဦး မိုးလေဝသခန့်မှန်းချက်


မိုးလေဝသပညာရှင် ဦးထွန်းလွင်
မိုးလေဝသပညာရှင် ဦးထွန်းလွင်
တိုက်ရိုက် လင့်ခ်

၂၀၁၉ ခုနှစ်အတွင်း အပူဒဏ်ကို အထူးသတိထားဖို့ မိုးလေဝသပညာရှင် ဦးထွန်းလွင် က သတိပေးလိုက်ပါတယ်။ မိုးကြိုကာလမှာ မုန်တိုင်းဝင်ရောက်တိုက်ခတ်မှု အနည်းဆုံး တကြိမ်ရှိမယ်လို့လည်း ခန့်မှန်းပါတယ်။ ၂၀၁၉ မိုးလေဝသနဲ့ ရာသီဥတု ရင်ဆိုင်ရနိုင်ခြေတွေနဲ့ ပတ်သတ်လို့ ဦးထွန်းလွင်ကို ကိုကျော်ကျော်သိန်း တွေ့ဆုံမေးမြန်းထားပါတယ်။

မေး ။ ။ ဆရာဦးထွန်းလွင် ကျနော်တို့ VOA ကို တွေ့ဆုံမေးမြန်းခွင့်ပြုတာ အထူးပဲကျေးဇူးတင်ပါတယ်။ ကျနော်တို့ တွေ့ဆုံမေးမြန်းခန်းကို အရင်ဦးဆုံး ၂၀၁၈ ခုနှစ်အတွင်းမှာ ဖြစ်ပျက်ခဲ့တဲ့ မြန်မာနိုင်ငံရဲ့ ရာသီဥတု၊ သဘာဝဘေးအန္တရာယ်စတဲ့ အခြေအနေတွေကို ကြည့်ရှုတွက်ချက်ပြီးတော့ ၂၀၁၉ ခုနှစ်အတွင်းမှာ မြန်မာနိုင်ငံအတွင်းမှာ ကြုံတွေ့ရနိုင်တဲ့ ရာသီဥတုနဲ့ သဘာဝဘေးအန္တရာယ် အခြေအနေလေးတွေကို စတင်ပြီးရှင်းပြပေးပါ။

ဖြေ ။ ။ ပထမဦးဆုံး သေချာပေါက် ပြောနိုင်တာကတော့ ၂၀၁၈ မှာ မြန်မာနိုင်ငံအရှေ့ဘက် ပစ္စီဖိတ်သမုဒ္ဒရာထဲမှာ El Niño ရာသီဥတု ဖြစ်ပေါ်နေတယ်။ ဖြစ်နေတုန်းမှာ နောက်ထပ်ဘယ်လောက်ကြာအောင် ဖြစ်အုံးမလဲဆိုတာကိုလည်း မော်ဒယ်အနေနဲ့ တွက်ကြတယ်။ ဒီသုံးလကို ကျနော်တို့က ကမ္ဘာ့မြောက်ဘက်ခြမ်း ဆောင်းရာသီလို့ ခေါ်တယ်။ အဲဒီကာလအတွင်းမှာ El Niño က ရာနှုန်းပြည့်ဖြစ်ဖို့ အလားအလာ (၉၀) ရာခိုင်နှုန်း ရှိတယ်။ အဲဒီတော့ ၂၀၁၉ က El Niño နဲ့ စမယ့်သဘောဖြစ်တယ်။

နောက်တခါ ဖေဖေါ်ဝါရီနောက်မှာ မတ်၊ ဧပြီကိုတော့ ဥရောပရာသီဥတုနဲ့ ပြောမယ်ဆိုရင်တော့ နွေဦးရာသီ Spring မှာလည်း El Niño က ဆက်ဖြစ်အုံးမယ်။ ဒါပေမဲ့ သေချာမှုကြတော့ (၆၀) ရာခိုင်နှုန်းရှိတယ် ပြောတယ်။ ဒါကြောင့် ၂၀၁၉ ရဲ့ ပထမနှစ်တဝက်ဟာ El Niño ရာသီဥတု ရှိလိမ့်မယ်။

မေး ။ ။ ကျနော် ဖြတ်မေးချင်တာက El Niño ရာသီဥတုကြောင့် ဘာတွေများ သတိထားသင့်ပါလဲ။

ဖြေ ။ ။ El Niño ဆိုတဲ့ ရာသီဥတုက တော်တော်လေး အရေးပါပါတယ်။ ပထမတချက်က ဘာလဲဆိုတော့ El Niño ဆိုတာ ဘာလဲပေါ့။ El Niño ဆိုတာ ပစ္စီဖိတ်သမုဒ္ဒရာမှာ အရှေ့ဘက်မှာ တောင်အမေရိကတိုက်ရှိတယ်။ တောင်အမေရိကတိုက် အနောက်ကမ်းရိုးတန်းမှာ အထူးသဖြင့် နိုင်ငံ နှစ်နိုင်ငံ - အီကွေတို၊ ပီရူး နှစ်နိုင်ငံမှာ ဒီလို ခရစ်စမတ်ကာလမှာ ရေနွေးစီးကြောင်းတွေ ဝင်လာခဲ့တယ်။ အဲဒီ ရေနွေးစီးကြောင်းကို El Niño လို့ ခေါ်လိုက်တာ။ ခေါ်လိုက်တော့ ဘာကို ကျနော် Highlight လုပ်ချင်တာလဲဆိုတော့ El Niño ရဲ့ ပင်မဒေသက ကျနော်တို့နဲ့ ဝေးတယ်ဆိုတာကို ပြောချင်လို့ပါ။

နောက် နံပတ် (၂) က အဲဒီမှာ ဖြစ်လာတဲ့ El Niño က အင်အား (၃) မျိုးလောက် ရှိတယ်။ အားအနည်းငယ်၊ အားအသင့်အတင့် နဲ့ အားကောင်းတာတို့ ဖြစ်တယ်။ ဒါကြောင့် အားအနည်းငယ်ဖြစ်မယ်၊ အားအသင့်အတင့် ဖြစ်မယ်ဆိုရင်တော့ El Niño ရဲ့ ထိခိုက်မှုက ကျနော်တို့လို့ အာရှတိုက်ကြတော့ နည်းပါတယ်။ ဝေးလွန်အားကြီးလို့ပါ။ ကျနော်တို့ကို ထိခိုက်မှုများဖို့အတွက် El Niño သည် အားကောင်းဖို့ လိုတယ်။ ဒါပေမဲ့ လက်ရှိဖြစ်နေတဲ့ El Niño က အားမကောင်းဘူး။ ဒါလေးတခု သိဖို့လိုပါတယ်။

El Niño အားကောင်းရင် ဘာတွေဖြစ်လဲဆိုတဲ့ သာဓကတော့ မကြာသေးဘူး။ ၂၀၁၅-၁၆ တုန်းက ဖြစ်သွားတယ်။ အဲဒီတုန်းကဖြစ်တဲ့ El Niño က El Niño of the Century လို့ ဆိုကြတယ်။ ဒီရာစုနှစ်မှာ အားအကောင်းဆုံးပါ။ အဲဒီမှာ ဖြစ်တာတွေ အများကြီးပါ။ အာရှပစ္စီဖိတ် နိုင်ငံပေါင်း (၂၈) နိုင်ငံ ထိခိုက်မှုထဲမှာ မြန်မာနိုင်ငံလည်းပါတယ်။ ပထမတော့ အပူချိန်တွေ စံချိန်တင် တက်ခဲ့တယ်။ အပူဒဏ်ကို ခံရတယ်။ ဒုတိယတော့ ရေရှာတယ်။ တတိယက မီးလောင်တယ်။ စတုတ္ထကတော့ စိုက်ပျိုးရေးလုပ်ငန်းမှာ အထွက်လျော့တယ်။ နောက် နံပတ်ငါးကတော့ ကူးစက်ရောဂါတွေ - Zika virus တို့၊ ပေါ်လာတယ်။ နံပတ်ခြောက်ကတော့ ပင်လယ်ရေတွေပါ ပူလာတော့ ပုဇွန်တို့၊ ငါး ရေထွက်ပစ္စည်းတွေ ရှားပါးသွားတယ်။ ဒီခြောက်ခုလောက်ကတော့ မြန်မာပြည်မှာ ဖြစ်တတ်တယ်။ ဒါကြောင့် သူ့ကို အလွန်ဂရုစိုက်ရတယ်။ ကံအားလျော်စွာ ဒီနေ့ El Niño က မှန်တယ်၊ ဒါပေမဲ့ အားမကောင်းတဲ့အတွက် သူ့ Impact က နည်းနည်းလေးတော့ လျော့တယ်။ လျော့တယ်ဆိုပေမယ့်လဲ မရှိဘူးလို့ ပြောလို့မရဘူး။

ပထမဦးဆုံးက El Niño ဖြစ်သွားတဲ့အတွက်ကြောင့် ပစ္စီဖိတ်သမုဒ္ဒရာ အနောက်ဘက်မှာ ပုံမှန်အားဖြင့် မုန်တိုင်းဖြစ်တဲ့နေရာက အရှေ့ဘက်ကို ရွေ့သွားတယ်။ အဲဒီတော့ အခုနောက်ပိုင်း နိုဝင်ဘာ၊ ဒီဇင်ဘာ နှစ်လလုံးမှာ ဖြစ်သမျှ မုန်တိုင်းတွေက ပစ္စီဖိတ်အရှေ့ဘက်က စဖြစ်တယ်။ အဲဒီဘက်က စဖြစ်တော့ ပစ္စီဖိတ်သမုဒ္ဒရာကြီးက တအားကျယ်တော့ ဖြစ်တဲ့မုန်တိုင်းတွေက ထုံးစံအတိုင်း အနောက်ဘက်ကို ရွေ့တယ်။ ဒါပေမဲ့ အာရှတိုက်မရောက်ခင်မှာပဲ အားပျော့ပြီး ကွေ့သွားတဲ့အခါကြတော့ ခါတိုင်းနှစ်တွေနဲ့စာရင် အာရှတိုက်က နိုဝင်ဘာ၊ ဒီဇင်ဘာလတွေမှာ မုန်တိုင်း Typhoon လာတာ နည်းသွားတယ်။ နည်းသွားတဲ့အတွက် အလယ်ပိုင်းဒေသတွေမှာ မိုးနည်းသွားတယ်။ ဒီလိုဟာမျိုးတွေ တွေ့ရတယ်။ အဲဒီတော့ El Niño က တကယ်ဖြစ်ရင်တော့ တကယ်ထိခိုက်တယ်။ သို့သော် ကံအားလျော်စွာ စောစောကပြောသလို အား ဒီထက်မကောင်းဘူး - ဒီအတွက် ကျနော်တို့ ကံကောင်းတာပေါ့။ ၂၀၁၉ ရဲ့ ရာသီဥတုမှာ အဲဒါနဲ့ ကွင်းဆက်ပါသွားမှာက နွေရာသီ။ နွေမှာ သေချာပေါက် ပူမယ်။

ပထမတချက်က ကမ္ဘာ့ရာသီဥတု အပြောင်းအလဲ Trend ကိုက နောက်ပိုင်းနှစ်တွေမှာ တနှစ်ထက်တနှစ် ပိုပိုပူနေတယ်။ Trend က အတက်ပေါ့။

မေး ။ ။ အဲဒါက နိုင်ငံတကာ Trend လား။ နိုင်ငံတကာမှာ ဒီလိုပဲလား။ မြန်မာတနိုင်ငံတည်းဖြစ်တာ မဟုတ်ဘူး။

ဖြေ ။ ။ မဟုတ်ဘူး - တကမ္ဘာလုံး ဖြစ်နေတာပါ။ အဲဒီ Trend ရှိနေတော့ ၂၀၁၉ က ဒီ Trend အတိုင်းဆိုရင်တော့ ပူရမှာပေါ့။ အဲဒါက နံပတ်တစ်အချက်။ နံပတ်နှစ်အချက်က စောစောကပြောခဲ့တဲ့ El Niño က ဖြစ်နေတော့ ဒီနွေက ပိုပူမယ်လို့ ခန့်မှန်းတယ်။ ပြဿနာတွေအနေနဲ့ သတိထားရမှာက နံပတ်တစ်ကတော့ အပူအန္တရာယ်။ အသက်ကြီးတဲ့လူတွေ၊ ကလေးသူငယ်တွေ၊ ရောဂါရှိတဲ့လူတွေ သတိထားဖို့ လိုပါတယ်။ ဒုတိယက ရေရှားတာ။ ရေရှားတဲ့နေရာမှာ ပြဿနာက ပိုပြီးတော့ ကြီးထွားလာတယ်။ အရင်တုန်းက မြန်မာနိုင်ငံမှာ ရေရှားတယ်။ အရင်တုန်းက ရေရှားတာက အချိန်အားဖြင့် နွေရာသီမှာ ဖြစ်တယ်။ အခုနောက်ပိုင်းကြတော့ ဆောင်းရာသီလောက်ကစပြီး ရေရှားတယ်။ မြစ်ဝကျွန်းပေါ်တို့၊ ရှမ်းပြည်နယ်တို့ ပါလာတယ်။ ပိုပြီးတော့ ကြီးထွားကျယ်ပြန့်လာတယ်။ နောက်တခါတော့ မီးလောင်တာ။ တောမီးနဲ့ မြို့ပေါ်မှာ မီးလောင်တာ ရှိတယ်။ သတိထားဖို့ လိုပါလိမ့်မယ်။ နောက် ရာသီဥတုအနေနဲ့က Trend က သိပ်ပြီးတော့ အပြောင်းအလဲကြီး မရှိဘူးလို့မြင်တယ်။

ဒီ Trend က ဘယ်လိုဖြစ်နေသလဲဆိုရင် မုတ်သုံရာသီက အရင်တုန်းက မြန်မာပြည်ကို မိုးဦးဝင်ရက်က မေလ (၁၅) ရက်လောက်ဆိုရင် ဝင်တယ်။ ဒါပေမဲ့ ၂၀၁၉ မှာတော့ မေလကုန်လောက်မှ ဝင်မယ်။ (၁၅) ရက်လောက် နောက်ကျလိမ့်မယ်။ အဲဒီ မုတ်သုံမဝင်ခင် ရှေ့ပိုင်းကာလ ဧပြီ (၁၅) ရက်ကနေ မေလကုန်အထိ (၄၅) ရက်။ ကျနော်တို့ မိုးလေဝသကတော့ မိုးကြိုကာလလို့ ခေါ်တယ်။ အဲဒီ မိုးကြိုကာလမှာ မုန်တိုင်း ဖြစ်မယ်။ အနည်းဆုံး တစ်လုံး ဖြစ်မယ်။ အဲဒီတစ်လုံးက မြန်မာပြည် သို့မဟုတ် ဘင်္ဂလားဒေ့ရှ်ကို ဝင်မယ်။ ခက်တာက ဘင်္ဂလားဒေ့ရှ်ကိုဝင်ရင်လည်း မြန်မာပြည်က မလွတ်ဘူး။ အဖျားတော့ခတ်မယ်။ မြန်မာပြည်ဝင်ရင်တော့ မပြောနဲ့ အဲဒီမုန်တိုင်းအန္တရာယ် မိုးကြိုမှာ စိုးရိမ်ပါတယ်။ အနည်းဆုံး တစ်လုံးတော့ စိုးရိမ်တယ်။

အဲဒါပြီးတဲ့နောက်မှာ မိုးရာသီရောက်သွားမယ်။ မုတ်သုံဝင်လာမယ်။ ဒါပေမဲ့ မုတ်သုံဝင်တာ နောက်ကျမယ်။ အထူးသဖြင့် တနင်္သာရီနဲ့ မြစ်ဝကျွန်းပေါ်မှာ နောက်ကျမယ်။ အလယ်ပိုင်းနဲ့ မြောက်ပိုင်းကြတော့ သူဘာသာ ပုံမှန်တော့ ဖြစ်သွားမယ်။ မေလအကုန်လောက်ဆိုရင်တော့ တနိုင်ငံလုံးလောက် ဝင်သွားမယ်။ အဲဒီဝင်တဲ့အချိန်ကစပြီးတော့ မုတ်သုံပြန်ထွက်ချိန်အထိ - မုတ်သုံပြန်ထွက်တဲ့နေရာမှာလည်း ပြောစရာရှိလာတယ်။ အရင်တုန်းက မုတ်သုံထွက်ရင် အောက်တိုဘာ (၁၀) လောက်မှာ ထွက်တယ်။ အခုက စက်တင်ဘာ (၁၅) လောက်ဆိုရင်ထွက်ပြီ။ စောတယ်။ ကျနော်တို့ရဲ့ မိုးရာသီက ဝင်တာနောက်ကျမယ်၊ ထွက်တာစောမယ်။ မိုးရာသီက တိုသွားတာပေါ့။ အဲဒါလေးကို လယ်သမားတွေက သတိပြုဖို့လိုတယ်။

နောက် လယ်သမားတွေအနေနဲ့ မိုးရာသီနဲ့ ပတ်သက်ပြီးတော့ မြန်မာနိုင်ငံမှာ ကျနော်ပြောတဲ့ Trend က မြန်မာနိုင်ငံမှာ ဖြစ်နေတာ နှစ်အစိတ်၊ သုံးဆယ် ရှိနေပြီ။ နှစ်သုံးဆယ် ရှိနေပြီဆိုရင်တော့ မိုးလေဝသစံနဲ့ ပြောမယ်ဆိုရင်တော့ Normal တောင် ဖြစ်နေပြီ။ Normal တောင် ဖြစ်နေပြီဆိုတော့ စံအသစ်တောင် ဖြစ်သွားပြီ။ စံအသစ်ဖြစ်သွားပြီဆိုတော့ တနှစ်မှာ တခါတလေဖြစ်တာ မဟုတ်တော့ဘူး။ အမြဲတမ်းပုံမှန်တောက်လျှောက် ဖြစ်နေတော့ စိုက်ပျိုးရေးလုပ်တဲ့ တောင်သူလယ်သမား၊ စိုက်ပျိုးရေးလုပ်ငန်းကို ဦးစီးဦးရွက် တာဝန်ရှိတဲ့လူက ဒါကို သိကိုသိရတော့မယ်။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့က ရာသီဥတု ပြောင်းလဲခြင်းနဲ့ ပတ်သက်ပြီးတော့ လူတွေက ဆောင်ရွက်ရမယ့်ကိစ္စတွေထဲမှာ အရေးကြီးဆုံး နံပတ်တစ်က ဘာလဲဆိုတော့ ပြောင်းလဲနေတဲ့ ရာသီဥတုနဲ့ လိုက်လျောညီထွေလုပ်နိုင်ရမယ်။ Adaptation ဆိုတာ ရှိရမယ်။ Adapt လုပ်ဖို့လိုတယ်။ Adapt လုပ်တယ်ဆိုတာ ပြောင်းတာကိုသိမှ

- ကျနော်တို့ မနှစ်က ဘာတွေ့ရသလဲဆိုရင် လွန်ခဲ့တဲ့နှစ်တွေက မေလထဲမှာ ကျနော်ဆိကို messages တွေ ဒီခေတ်က facebook ဆိုတော့ ဖုန်း ဒါမှမဟုတ် messages နဲ့လာမယ်။ ဘာမေးသလဲဆိုတော့ ဥပမာ စစ်ကိုင်းတိုင်းအောက်ပိုင်း ပုလဲမြို့နယ်က - ဆရာကြီးခင်များ .. ကျနော်တို့ စပါးတွေစိုက်ထားတာ အခုဆိုရင် တစ်လကျော်ပြီ၊ မိုးမရွာဘူး။ စပါးတွေ၊ ပျိုးပင်တွေ ပုပ်ကုန်ပြီ။ ပုပ်ကုန်တော့ နောက်ထပ်ပျိုးတွေ ထပ်စိုက်တယ်။ ဒုတိယထောင်တဲ့ပျိုးလည်း ဆယ်ရက်ကျော်ပြီ၊ မိုးမရွာဘူး။ မိုးဘယ်တော့ ရွာမလဲ .. အဲဒီလို မေးခွန်း။ အဲဒါ ဘာကြောင့် ဖြစ်နေတာလဲဆိုတော့ ကျနော်တို့ရဲ့ မိရိုးဖလာ သမာရိုးကျ လယ်ယာဝင်တဲ့အချိန်က မေလဆန်းရင်ဝင်ပြီ။ ဒါက အရင်တုန်းကစံနဲ့ သွားကြတာ။ မေလဆန်းဝင်တော့ မေလလယ်လောက် မိုးကရွာတော့ အဆင်ပြေတယ်။ အခုကြတော့ မိုးက မေလလယ်မဟုတ်ဘဲ၊ မေလကုန်မှဝင်တော့ မေလဆန်းလောက်မှာ ပျိုးထောင်မယ်၊ ဘာလုပ်မယ်ဆိုရင်တော့ တစ်လလောက် ရေငတ်တာပေါ့။ ရေငတ်တဲ့အခါကြတော့ အဲဒီပျိုးတွေ သေတာပေါ့။ အဲဒီတော့ ကျနော်တို့က လိုက်လျောညီထွေ ပြောင်းရမယ်။

မေး ။ ။ ကျနော် အဲဒီမှာ တွေ့ဆုံမေးမြန်းခန်းမစမီ တိုင်ပင်ဆွေးနွေးထားတဲ့ အကြောင်းအရာလေးတခုပါ။ မြန်မာလူထုသည် ဒီလို မိုးလေဝသ ပြောင်းလဲမှုဆိုင်ရာ သတင်းအချက်အလက်၊ အသိသုတ က အခုအချိန်မှာ နည်းနေသေးတယ်လို့ ပြောမယ်ဆိုရင် ရသလား။

ဖြေ ။ ။ ကျနော်ကတော့ အဲဒီလို မထင်တော့ဘူး။ အပြောင်းအလဲတခုကတော့ သေချာပေါက်ရှိတယ်။ ကျနော့်ရဲ့ အတွေ့အကြုံအရ ကျနော်ဌာနမှာလုပ်တာ (၄၅) နှစ်၊ အခုပြင်ပမှာ (၁၀) နှစ်လောက်ရှိတော့ ဒီလောကထဲမှာ ကျနော်ရောက်နေတာ (၅၅) နှစ်လောက် ရှိပြီ။ မိုးလေဝသအလုပ်တွေ၊ သဘာဝဘေးအန္တရာယ်အလုပ်တွေ၊ ရာသီဥတု ပြောင်းလဲခြင်းအလုပ်တွေဟာ မှန်ပါတယ် - စိတ်ဝင်စားမှု အလွန်နည်းတယ်။ အရေးပေးမှုလည်း အလွန်နည်းတယ်။ ဒါပေမဲ့ အဲဒါ နာဂစ် မတိုင်မီက။ နာဂစ်နောက်ပိုင်းမှာတော့ ပြည်သူလူထုရဲ့ Public Awareness က တအားတက်လာတယ်။ Education ကတော့ ပါမလာသေးဘူး။ Awareness က တအားတက်လာတယ်။ အဲဒီ တက်လာတဲ့အချိန်မှာ ကျနော်တို့က ဒါကို အခွင့်ရေး ယူသင့်တာပေါ့။ အင်နဲ့အားနဲ့ ဒီအချိန်မှာ လူထုကို Education တွေ ပေးမယ်ဆိုရင်တော့ ဒီအချိန်က အကောင်းဆုံးအချိန်ပေ့ါ။

မေး ။ ။ ပြည့်ပြည့်စုံစုံ ရှင်းပြပေးတာ ကျေးဇူးအများကြီးတင်ပါတယ်။ ဆရာလည်း ကျန်းမာစွာနဲ့ လူထုအတွက် အင်မတန်အရေးကြီးတဲ့ မိုးလေဝသဆိုင်ရာ ပညာရပ်တွေ၊ သတိတွေဆက်ပြီးတော့ ဖြန့်ဖြူးပေးနိုင်ပါစေလို့ ကျနော်တို့ VOA က ဆန္ဒပြုပါတယ်။ နှစ်သစ်မှာလည်း ဒီထက်ကျန်းမာပါစေ၊ ပျော်ရွင်ပါစေ။

ဖြေ ။ ။ ဒီအတိုင်းပါပဲ။ တကူးတက လာရောက်မေးမြန်းတဲ့အတွက် နံပတ်တစ် ကျေးဇူးတင်ပါတယ်။ နံပတ်နှစ် နှစ်သစ်မှာ နိုင်ငံအကျိုး၊ လူမျိုးအကျိုး အများကြီးလုပ်နိုင်ပါစေ။

XS
SM
MD
LG