ဒီတပတ် မြန်မာ့ဒီမိုကရေစီရေးရာ ဆွေးနွေးခန်းမှာ မြန်မာနိုင်ငံကို အမေရိကန်အစိုးရက ထိတွေ့ဆက်ဆံမှုတွေ လုပ်နေတဲ့တချိန်ထဲမှာပဲ၊ ပိတ်ဆို့ဒဏ်ခတ်မှုတချို့ကို ဆက်လုပ်ထားတာဟာ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအသွင်ပြောင်းမှု ဟန်ချက် မျှတအောင် ထိန်းထားတာဖြစ်တယ်လို့ အမေရိကန် နဲ့ အာရှပစိဖိတ်ဒေသ ဆက်ဆံရေးကို လေ့လာနေတဲ့ East-West Center ရဲ့ ညွှန်ကြားရေးမှူး Dr. Satu Limaye က ပြောလိုက်ပါတယ်၊ အိုဘားမားအစိုးရရဲ့ အာရှပစိဖိတ် ဒေသဖက် ပြန်လည်အာရုံစိုက်တဲ့ မူဝါဒအရ အမေရိကန်-အာဆီယံနိုင်ငံတွေနဲ့ ထဲထဲဝင်ဝင် ဆက်ဆံလာတဲ့ အခြေအနေမှာ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌတာဝန်ကို မြန်မာနိုင်ငံ ယူနိုင်တာဟာ ထူးခြားတဲ့တိုးတက်မှုလို့ သူက မြင်ပါတယ်၊ ပြောင်းလဲနေတဲ့ အာရှ နဲ့ အရှေ့တောင်အာရှမှာ မြန်မာနိုင်ငံရဲ့ အရေးပါမှု၊ တခါ ဒီဒေသနဲ့ အမေရိကန်တို့ ထိတွေ့ဆက်ဆံမှု ဘယ်လောက်အရေးကြီးသလဲဆိုတဲ့ အကြောင်းတွေကို မြန်မာနိုင်ငံမှာ လာရောက်ရှင်းပြချိန်မှာ Dr. Limaye ကို VOA ရန်ကုန်ရုံးက အယ်ဒီတာ ဒေါ်ခင်စိုးဝင်းက တွေ့ဆုံမေးမြန်ထားပါတယ်
ဒေါ်ခင်စိုးဝင်း ။ ။ မင်္ဂလာပါရှင်။ အခုလို တွေ့ဆုံမေးမြန်းခွင့်ပြုတဲ့အတွက် ကျေးဇူးတင်ပါတယ်။
Dr. Limaye ။ ။ ကျနော်ကလည်း ဒီကိုလာပြီး ပြောဆိုခွင့်ရတဲ့အတွက် ကျေးဇူးတင်ပါတယ်။
ဒေါ်ခင်စိုးဝင်း ။ ။ ပထမဦးဆုံးအနေနဲ့ မြန်မာနိုင်ငံကို လာခဲ့တဲ့ ခရီးစဉ်ရဲ့ ရည်ရွယ်ချက်ကို သိပါရစေရှင်။
Dr. Limaye ။ ။ ဒီခရီးစဉ်က တတိယအကြိမ်မြောက် ခရီးစဉ်ဖြစ်ပါတယ်။ ၁၉၉၄ နှစ်ကတခါ။ ၂၀၁၂ နွေရာသီတုန်းကတခါ လာခဲ့ဖူးပါတယ်။ ဒီတခေါက်ကတော့ အမေရိကန်သံရုံးရဲ့ ဖိတ်ကြားချက်နဲ့ ပညာရှင်တွေ ပူးပေါင်းဖလှယ်ရေး အစီအစဉ်အရ လာခဲ့တာပါ။ ရည်ရွယ်ချက်ကတော့ မြန်မာ့လူဘောင်အသိုင်းအဝိုင်းက ကျောင်းသားလူငယ်တွေ၊ ဆရာဆရာမတွေ၊ အဖွဲ့အစည်းတွေ၊ လူထုအခြေပြုအဖွဲ့အစည်းတွေ၊ အတွေးအခေါ်ပညာရှင်တွေနဲ့ အစိုးရအရာရှိတွေကို တွေ့ဆုံပြီးတော့ အမေရိကန်နဲ့ အရှေ့တောင်အာရှရဲ့ ထိတွေ့ဆက်ဆံရေး အရေးကြီးတဲ့အကြောင်းကို ရှင်းလင်းပြောဆိုဖို့ ဖြစ်ပါတယ်။ အထူးသဖြင့်ကတော့ ပြောင်းလဲနေတဲ့ အရှေ့တောင်အာရှမှာ မြန်မာနိုင်ငံရဲ့ အခန်းကဏ္ဍ အရေးပါတဲ့အကြောင်း ပြောပြချင်လို့ ဖြစ်ပါတယ်။
ဒေါ်ခင်စိုးဝင်း ။ ။ အခုလောလောဆယ် မြန်မာနိုင်ငံဟာ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌတာဝန် ယူထားရတယ်ဆိုတော့ ဒီဒေသအတွင်းမှာ မြန်မာနိုင်ငံရဲ့ ဦးဆောင်မှုအခန်းကဏ္ဍကို ဘယ်လိုများ သုံးသပ်လို့ ရပါသလဲရှင်။
Dr. Limaye ။ ။ လွန်ခဲ့တဲ့ (၂) နှစ် (၃) နှစ်အတွင်းမှာ မြန်မာနိုင်ငံဟာ အပြောင်းအလဲကြီး ပြောင်းလဲလာတာကို တွေ့ရပါတယ်။ အခုဆိုရင် အာဆီယံကို အိမ်ရှင်အဖြစ် တာဝန်ယူနေရပါပြီ။ သိတဲ့အတိုင်းပါပဲ အရင်တုန်းကဆိုရင် မြန်မာနိုင်ငံ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ တာဝန်ယူမယ့်အရေး ဖြစ်ပါ့ဖြစ်ပါ့မလားဆိုပြီး မေးခွန်းတွေ ထုတ်ခဲ့ကြတာပါ။ အခုတော့ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ တာဝန်ယူနေတာကို တခြားနိုင်ငံတွေကပါ အသိအမှတ်ပြုလာတာကို တွေ့ရပါတယ်။ ထူးခြားတဲ့အချက်ကတော့ ဒီနှစ်အတွက် အမေရိကန် နဲ့ အာဆီယံအကြား ဆက်ဆံရေးမှာ မြန်မာနိုင်ငံက ပူးပေါင်းညှိနှိုင်းရေးမှူးအဖြစ် တာဝန်ယူထားတာပဲ ဖြစ်ပါတယ်။ စက်တင်ဘာလ (၂၈) ရက်နေ့က အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ နဲ့ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်တို့ နယူးရော့ခ်မြို့မှာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ ဒါဟာ မြန်မာနိုင်ငံမှာ လက်ရှိအကောင်အထည်ဖော်နေတဲ့ ပြုပြင်ပြောင်းလဲရေးကို ထင်ဟပ်စေတဲ့ လက္ခဏာတွေပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာ အာဆီယံ (၁၀) နိုင်ငံမှာ လက်တွေ့ကျကျ အပြည့်အဝ ပါဝင်လာတဲ့ နိုင်ငံအဖြစ် ရပ်တည်နိုင်တာကိုလည်း တွေ့ရပါတယ်။
ဒေါ်ခင်စိုးဝင်း ။ ။ အမေရိကန်ပြည်ထောင်စုက မြန်မာနိုင်ငံကို ထိတွေ့ဆက်ဆံနေတဲ့ တချိန်တည်းမှာ ပိတ်စို့မှုတချို့နဲ့ ကန့်သတ်ထားတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံအပေါ် ရပ်တည်တဲ့ အမေရိကန်နိုင်ငံရဲ့ နိုင်ငံခြားရေးမူဝါဒဟာ အပြုသဘောဆောင်တယ်လို့ ယူဆလို့ ရပါသလားရှင့်။
Dr. Limaye ။ ။ အမေရိကန်ရဲ့ မြန်မာနိုင်ငံအပေါ် ထားရှိတဲ့ နိုင်ငံခြားရေးမူဝါဒဟာ မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေပေါ်မှာ မူတည်ပြီးတော့ ထင်ဟပ်တာ ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံရဲ့ နိုင်ငံခြားရေးမူဝါဒဟာ အသွင်ကူးပြောင်းနေသလို မြန်မာပြည်ရဲ့ နိုင်ငံခြားရေးမူဝါဒဟာလည်း အသွင်ကူးပြောင်းရေးကာလမှာ ရှိနေဆဲ ဖြစ်တာကြောင့် ဟန်ချက်ညီတယ်လို့ ပြောလို့ရပါတယ်။ ဒါကြောင့် နှစ်ဖက်ဆက်ဆံရေး တိုးတက်မယ့်အခြေအနေကို တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။ သံတမန်ရေး၊ လူမှုရေး၊ စီးပွားရေး၊ လူထုအခြေပြုအဖွဲ့အစည်းစတဲ့ နယ်ပယ်တွေမှာ ပူးပေါင်းဆောင်ရွက်ကြဖို့ ဖြစ်ပါတယ်။ တချိန်တည်းမှာ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်ရဲ့ တစိတ်တဒေသအရ ပိတ်စို့မှုတချို့ကိုတော့ ကန့်သတ်ထားရဆဲ ဖြစ်ပါတယ်။ တခြားနိုင်ငံတွေမှာလိုပဲ မြန်မာနိုင်ငံနဲ့ ဆက်ဆံရေးမှာ လုံးဝအပြုသဘောဆောင်တာလည်း မဟုတ်သလို။ လုံးဝအဆိုးမြင်တဲ့ သဘောလည်း မဟုတ်ပါဘူး။ ဒါပေမဲ့ အကျိုးစီးပွားနဲ့ ယှဉ်တဲ့ အသာစီးရမယ့် အနေအထားအရ အပြိုင်အဆိုင် ဆက်ဆံတာလည်း ဖြစ်နိုင်တယ်လို့ သုံးသပ်မိပါတယ်။ အဓိကကျတဲ့ သိသာထင်ရှားတဲ့ ပိတ်စို့မှုတွေကို ရုတ်သိမ်းပြီးတော့ မပြောပလောက်တဲ့ ပိတ်စို့မှုတွေကို တပြိုင်တည်း ကန့်သတ်ထားတာဟာ နိုင်ငံအတွင်း အသွင်ကူးပြောင်းရေး ဟန်ချက်ကို ထိန်းပေးတာ ဖြစ်တဲ့အတွက် အမေရိကန်ရဲ့ နိုင်ငံခြားရေး မူဝါဒကို ထင်ဟပ်စေတာပဲ ဖြစ်ပါတယ်။
ဒေါ်ခင်စိုးဝင်း ။ ။ ဒါနဲ့ အာဆီယံအသင်းကြီးက အမေရိကန်ပြည်ထောင်စုအတွက် ဘယ်လိုများ အရေးပါနေတာလဲရှင်။
Dr. Limaye ။ ။ ဒီနေရာမှာ မြန်မာနိုင်ငံနဲ့ ဆက်ဆံရေးကိုပဲ ကြည့်ကြရအောင်ပါ။ မြန်မာပြည်သူတွေအနေနဲ့ အမေရိကန်နဲ့ ပုံမှန်ဆက်ဆံရေး အရေးကြီးတယ်ဆိုတာကို လက်ခံကြတယ်လို့ ယုံကြည်ပါတယ်။ သမ္မတအိုဘားမားအစိုးရက အရှေ့တောင်အာရှဒေသနဲ့ ပြန်လည်ဆက်ဆံရေးမှာ ချိန်ခွင်လျှာညှိတဲ့ မူဝါဒအရ မြန်ုမာနိုင်ငံနဲ့ ဆက်ဆံရေးဟာလည်း အရေးကြီးတယ်ဆိုတာကို မြန်မာပြည်သူတွေကို သိစေချင်ပါတယ်။ အရှေ့တောင်အာရှနိုင်ငံတွေဖြစ်တဲ့ ဗိယက်နမ်၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှားစတဲ့ နိုင်ငံတွေကို သမ္မတအိုဘားမား သွားရောက်ခဲ့ပါတယ်။ နှစ်ပေါင်း (၅၀) ကျော်အတွင်း အမေရိကန်သမ္မတတဦးအနေနဲ့ မလေးရှားနိုင်ငံကို ပထမဦးဆုံးအကြိမ် သွားရောက်ခဲ့တာပါ။ ၂၀၁၂ နိုဝင်ဘာလတုန်းက သမ္မတအိုဘားမား မြန်မာပြည်ကို ရောက်ခဲ့ပြီးတော့ ဒီနှစ် နိုဝင်ဘာမှာလည်း နောက်တခေါက် အရောက်လာဖို့ ရှိပါတယ်။ ဒါဟာ သိပ်ကို နိူးကြားတက်ကြွတဲ့ ဒီဒေသကို အမေရိကန်မျိုးဆက် နှစ်ဆက်က ဆက်ဆံရေးပြန်လည် စတင်လိုက်တာလည်း ဖြစ်ပါတယ်။ အာဆီယံဟာ အမေရိကန်ရဲ့ စတုတ္ထအကြီးဆုံး ကုန်သွယ်ဖက် ဖြစ်ပါတယ်။ အမေရိကန်ရဲ့ တခုတည်းသော ရင်းနှီးမြုပ်နံှမှု အများဆုံးရှိတဲ့နေရာလည်း ဖြစ်ပါတယ်။ အခြေချနေထိုင်တဲ့ အမေရိကန်တွေ တနေတခြား တိုးပွားလာတဲ့ဒေသလည်း ဖြစ်ပါတယ်။ အမေရိကန်တက္ကသိုလ်တွေမှာလည်း အာဆီယံဒေသက ကျောင်းသားဦးရေ တနေ့တခြား တိုးလာတာကို တွေ့ရပါတယ်။ အာဆီယံ (၁၀) နိုင်ငံရဲ့ စီးပွားရေးဟာလည်း ကမ္ဘာ့စံချိန်မီ တိုးတက်လာနေပြီးတော့ လူဦးရေး အသင့်အတင့်ရှိတဲ့ အာဆီယံဟာ လာမယ့် (၁၀) နှစ်အတွင်းမှာ စီးပွားရေးတဟုန်ထိုး တိုးတက်လာလိမ့်မယ်လို့လည်း ခန့်မှန်းရပါတယ်။ ဒီအချက်တွေကြောင့် အာဆီယံဟာ အမေရိကန်အတွက် ပိုပြီးတော့ အရေးပါတဲ့ဒေသ ဖြစ်လာရတာပါ။ အမေရိကန်အနေနဲ့ အာဆီယံ အတွင်းရေးမှုးချုပ်ရုံးကတဆင့် ပုံမှန်လူထုအချင်းချင်း ဆက်စပ်ပေါင်းစည်းရေး၊ တရားဝင်အစိုးရအချင်းချင်း ဆက်စပ်ပေါင်းစည်းရေးပါ လှုပ်ရှားရင်နဲ့ ပတ်ဝန်းကျင်အသစ်ကို ဖန်တီးနေပါတယ်။ ဒီရာစုနှစ်ဟာ အာရှရာစုနှစ်လို့ ဆိုတာထက် ကမ္ဘာ့ရာစုနှစ်လို့ ပြောရမှာ ဖြစ်ပါတယ်။ အာရှမှာ အရှေ့တောင်အာရှရဲ့ အခန်းကဏ္ဍက အရေးပါသလို၊ အရှေ့တောင်အာရှမှာ မြန်မာကလည်း အခရာကျပါတယ်။
ဒေါ်ခင်စိုးဝင်း ။ ။ မြန်မာနိုင်ငံဟာ ပထဝီအနေအထားအရဆိုရင် လူဦးရေ သိပ်ထူထပ်လှတဲ့ အိန္ဒိယနဲ့ တရုတ်နိုင်ငံတွေကြားမှာ တည်ရှိနေပါတယ်။ ဒါကြောင့် အမေရိကန်နဲ့ အဲဒီ နှစ်နိုင်ငံရဲ့ ဆက်ဆံရေးမှာ မြန်မာနိုင်ငံဟာ ပထဝီနိုင်ငံရေးအရ အမေရိကန်အတွက် မဟာဗျူဟာကျတယ်လို့ ဆိုနိုင်ပါသလားရှင့်။
Dr. Limaye ။ ။ ဟုတ်ပါတယ် မြန်မာဟာ Indo-Pacific Maritime Corridor အင်ဒိုပစိဖိတ် ရေကြောင်းစင်္ကြန်တလျှောက်မှာ ရှိတဲ့အတွက် မဟာဗျူဟာကျတယ်ဆိုတာကတော့ မေးခွန်းထုတ်စရာ မလိုပါဘူး။ အနောက်ဖက်မှာ တောင်အာရှ၊ အရှေ့ဖက်မှာ အရှေ့အာရှ ရှိနေတော့ မြန်မာရဲ့ အနေအထားက အရေးကြီးပါတယ်။ လွန်ခဲ့တဲ့ (၁၀) နှစ်ကို ပြန်ကြည့်မယ်ဆိုရင်တော့ အမေရိကန်က အဆက်အဆံမလုပ်ဘဲ နေခဲ့တုန်းက တရုတ်နဲ့ အိန္ဒိယနိုင်ငံက မြန်မာနိုင်ငံနဲ့ ထဲထဲဝင်ဝင် ပါဝင်ပတ်သက်ခဲ့ကြတာပါ။ အခုအချိန်မှာတော့ ကျနော့်အမြင် ပြောရရင် တရုတ်နဲ့ မြန်မာ၊ အိန္ဒိယနဲ့ မြန်မာ ဆက်ဆံရေးပဲ မဟုတ်တော့ပါဘူး။ ဥရောပနိုင်ငံတွေ၊ ဂျပန်၊ ကိုရီးယား စတဲ့နိုင်ငံတွေစသဖြင့် မြန်မာအနေနဲ့ ကမ္ဘာနဲ့ချီပြီးတော့ ဆက်ဆံလာတာကို တွေ့ရပါတယ်။ မြန်မာရဲ့ မဟာဗျူဟာကျတဲ့ အနေအထားက ဒေသအတွင်း အင်အားကြီး တရုတ်နဲ့ အိန္ဒိယတင် မကပါဘူး။ အရှေ့တောင်အာရှနိုင်ငံတွေ၊ ကမ္ဘာတဝှမ်းလုံးနဲ့ တဖြည်းဖြည်းပေါင်းစည်းနေတာ ဖြစ်ပါတယ်။ ဝါရှင်တန်မှာရှိတဲ့ East-West Center ကနေ မြန်မာနိုင်ငံရဲ့ အဓိကကျတဲ့ ပြည်ပဆက်ဆံရေး အနေအထားကို လေ့လာသုတေသန လုပ်နေပါတယ်။ သိပ်ကိုစိတ်ဝင်စားဖို့ ကောင်းပါတယ်။ ထိုင်း၊ စင်္ကာပူ၊ အိန္ဒိယ၊ အီးယူ-ဥရောပ သမဂ္ဂနဲ့ ဂျပန်စတဲ့ နိုင်ငံအားလုံးဟာ မြန်မာနိုင်ငံနဲ့ ထိတွေ့ဆက်ဆံနေကြတာကို တွေ့ရပါတယ်။ ပညာရေး၊ လူမှုရေး၊ စီးပွားရေး စတဲ့နယ်ပယ်တွေမှာ ပူးပေါင်းဆောင်ရွက်နေကြတာပါ။ ဒါကြောင့် မြန်မာဟာ တရုတ်နဲ့ အိန္ဒိယကြား မဟာဗျူဟာ ကျရုံတင်မကပါဘူး။ အာရှနဲ့ ပစိဖိတ်ဒေသနဲ့ ပိုပြီးတော့ ပေါင်းစည်းလာသလို၊ အာဆီယံအတွက် အရေးပါတဲ့အသင်းဝင်နိုင်ငံ တနိုင်ငံအဖြစ် ရပ်တည်နိုင်ပြီလို့ ယူဆပါတယ်။
ဒေါ်ခင်စိုးဝင်း ။ ။ မြန်မာလူထု အောက်ခြေလူတန်းစားကတော့ အာဆီယံ လူ့ဘောင်အသိုင်းအဝိုင်းဆိုတာ သိပ်သိပုံမရကြပါဘူးလေ။ ဒီတော့ မြန်မာတာဝန်ရှိ ပုဂ္ဂိုလ်တွေ၊ လူထုအခြေပြုအဖွဲ့အစည်းတွေနဲ့ တွေ့တဲ့အခါမှာ လူထုကို အာဆီယံနဲ့ ပတ်သက်ပြီးတော့ အသိပညာပေးဖို့ ဘယ်လိုများ အကြံပေးချင်ပါလဲရှင်။
Dr. Limaye ။ ။ ပြီးခဲ့တဲ့ သတင်းပတ်တွေအတွင်း အရှေ့တောင်အာရှနိုင်ငံတွေဖြစ်တဲ့ အင်ဒိုနီးရှား၊ စင်္ကာပူနဲ့ မလေးရှားနိုင်ငံတွေကို ကျနော်ရောက်ခဲ့ပါတယ်။ မြန်မာတနိုင်ငံတည်း ဒီလိုဖြစ်နေတာ မဟုတ်ပါဘူး။ တခြားနိုင်ငံတွေမှာလည်း အောက်ခြေလူထု အများစုက အာဆီယံဆိုတာကို မသိကြပါဘူး။ အမေရိကန်တွေ အတော်များများကလည်း အာဆီယံကို မသိကြပါဘူး။ ပထမအနေနဲ့ကတော့ တနိုင်ငံလုံး အမျိုးသားရေးအသွင်နဲ့ အသိပညာ ပေးရပါမယ်။ မြန်မာနိုင်ငံအနေနဲ့ အာဆီယံနိုင်ငံတွေ အတွင်းမှာမကဘဲ နိုင်ငံတကာမှာ ဝင်ဆန့်အောင် အရေးပါ၊ အရာရောက်အောင်၊ အောင်မြင်အောင်လုပ်ဖို့ဆိုရင် ပြည်သူတွေကြားမှာ အင်္ဂလိပ်စကားပြော ကျွမ်းကျင်ဖို့၊ စွမ်းရည်မြှင့်မားရေး၊ လူမှုဘဝ ဖွံ့ဖြိုးရေး၊ အခြေခံအဆောက်အဦး ခိုင်မာရေး စတာတွေ လုပ်ပေးဖို့ လိုသလို၊ လူမှုစီးပွား၊ ကျန်းမာရေးစတဲ့ စိန်ခေါ်မှုပြဿနာတွေကိုလည်း ဖြေရှင်းနိုင်မှ ဖြစ်ပါမယ်။ ဒုတိယအနေနဲ့ကတော့ အပေါ်က တာဝန်ရှိသူတွေကနေ ဆောင်ရွက်ဖို့ ဖြစ်ပါတယ်။ ဥပမာ အခု နယူးရော့ခ်မှာ မြန်မာနိုင်ငံခြားရေးဝန်ကြီးက အာဆီယံဝန်ကြီးတွေကို ဦးဆောင်ပြီးတော့ ကုလသမဂ္ဂနဲ့ အစည်းအဝေးမှာ နာယကတာဝန်ယူ ဆောင်ရွက်နေတာမျိုး ဖြစ်ပါတယ်။ ဒါဟာ အစိုးရကနေ အာဆီယံအသိုင်းအဝိုင်းမှာ တာဝန်ယူနေတဲ့သဘောလည်း ဖြစ်ပါတယ်။ မဏ္ဍိုင်ကြီး (၃) ခုဖြစ်တဲ့ နိုင်ငံရေး တည်ငြိမ်မှု၊ စီးပွားရေးခိုင်မာမှု၊ လူမှုအသိုင်းအဝိုင်းနဲ့ ယဉ်ကျေးမှု စတာတွေအတွက် အမျိုးသားရေးအရကော ဒေသအတွင်း အတွက်ပါ ထည့်သွင်းစဉ်းစားကြဖို့ ဖြစ်ပါတယ်။ အာဆီယံ စီးပွားရေးအသိုက်အဝန် ရည်မှန်းချက်ကိုလည်း အစပျိုနေပါပြီ။ ရည်မှန်းချက်အတိုင်း အပြည့်အဝ အကောင်အထည်ဖော်တာကတော့ အလှမ်းဝေးနေပါသေးတယ်။
ဒေါ်ခင်စိုးဝင်း ။ ။ သမ္မတအိုဘားမားက အရှေ့အာရှ ထိပ်သီးညီလာခံကို တက်ရောက်ဖို့ မြန်မာနိုင်ငံကို နိုဝင်ဘာလအတွင်းမှာ လာဖို့ရှိပါတယ်။ လူကြီးမင်းအနေနဲ့ တကယ်လို့များ သမ္မတအိုဘားမားနဲ့ တွေ့ခွင့်ရခဲ့မယ်ဆိုလို့ရှိရင် သူ မြန်မာပြည်ကို မလာခင် မြန်မာ့အရေးနဲ့ ပတ်သက်လို့ ဘာတွေများ ထောက်ခံအကြံပေးချင်ပါသလဲရှင်။
Dr. Limaye ။ ။ ပထမဦးဆုံးအနေနဲ့ အမေရိကန်အစိုးရရဲ့ ထိတွေ့ဆက်ဆံရေးမှုအရ ပြန်လည်ဆက်ဆံနိုင်ခဲ့တာကို ဂုဏ်ယူကြောင်း ပြောလိုပါတယ်။ သမ္မတအိုဘားမား က မြန်မာ့အသွင်ကူးပြောင်းရေးကာလကို အခွင့်အကောင်းယူပြီးတော့ ပြန်လည်ဆက်ဆံခဲ့တာလို့ ယူဆပါတယ်။ အမေရိကန်စနစ်အရ အလုပ်လုပ်လို့ရတာ ကန့်သတ်ထားတာတွေကြားထဲက ထိတွေ့ဆက်ဆံဖို့ အစပျိုနိုင်ခဲ့တာကိုပဲ ချီးကျူးရမှာပါ။ ဒုတိယတချက်ကတော့ ကျနော့်ရဲ့ မြန်မာပြည်ခရီးစဉ် အတွေ့အကြုံအရ မြန်မာပြည်သူတွေမှာ အင်အားတွေ၊ စိတ်ဝင်စားမှုတွေ အပြည့်ရှိနေတာကို တွေ့ရပါတယ်။ လူငယ်တွေကလည်း ပြင်ပလောကနဲ့ ထိတွေ့ဖို့ စိတ်ပြင်းပြနေတာကို တွေ့ရပါတယ်။ မြန်မာပြည်မှာက ပြင်ပလောကက ထိတွေ့ဆက်ဆံဖို့ အရင်းအမြစ်က မရှိသလောက်ရှားပါတယ်။ စွမ်းဆောင်ရေးကလည်း အကန့်အသတ်တွေ ရှိပါတယ်။ အကောင်းဆုံးဖြစ်အောင် ဘယ်လိုလုပ်ရမလဲဆိုတဲ့ နည်းလမ်းတွေ ရှာဖွေနေကြဆဲလို့ ယူဆပါတယ်။ ဒါကြောင့် သမ္မတအိုဘားမားအစိုးရအနေနဲ့ မြန်မာလူငယ်တွေရဲ့ လိုအပ်ချက်တွေကို တဖတ်တလမ်းက ထောက်ခံအကူအညီပေးဖို့ ထောက်ခံအကြံပြုချင်ပါတယ်။
ဒေါ်ခင်စိုးဝင်း ။ ။ ကျေးဇူးအများကြီး တင်ပါတယ်ရှင်။
Dr. Limaye ။ ။ Thank you very much.