သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြုပြင်ရေးဆွဲနေတဲ့ ပုံနှိပ်ထုတ်ဝေရေး ဥပဒေမူကြမ်း


ပြန်ကြားရေးဝန်ကြီး ဦးအောင်ကြည်
ပြန်ကြားရေးဝန်ကြီး ဦးအောင်ကြည်
ဒီတပတ် မြန်မာ့ဒီမိုကရေစီရေးရာ ဆွေးနွေးခန်းမှာ မြန်မာပြည် ပုံနှိပ်ထုတ်ဝေရေး ဥပဒေမူကြမ်း နဲ့ မီဒီယာ၊ စာနယ်ဇင်းဆိုင်ရာ လွတ်လပ်ခွင့်များကို ပြန်ကြားရေးဝန်ကြီး ဦးအောင်ကြည် ကို ဗွီအိုအေ မြန်မာသတင်းဌာန အယ်ဒီတာ ဒေါ်ခင်စိုးဝင်း က သီးသန့်တွေ့ဆုံ မေးမြန်းထားပါတယ်။

ဒေါ်ခင်စိုးဝင်း ။ ။ မြန်မာနိုင်ငံ ပြန်ကြားရေးဝန်ကြီးဌာနက တင်ပြထားတဲ့ ပုံနှိပ်ထုတ်ဝေရေးဥပဒေမှာ လိုအပ်တာတွေ ပြင်ဆင်နိုင်ဖို့ အကြံဉာဏ်တွေကို လက်ခံသွားမှာဖြစ်တယ်လို့ ပြန်ကြားရေးဝန်ကြီး ဦးအောင်ကြည် က ဗွီအိုအေနဲ့ နေပြည်တော်မှာ တွေ့ဆုံစဉ် ပြောကြားခဲ့ပါတယ်။

မင်္ဂလာပါ ဝန်ကြီးရှင်။ ပြန်ကြားရေးဝန်ကြီးဌာန ဝန်ကြီးအဖြစ်နဲ့ တာဝန်ယူတဲ့အချိန်က စပြီးတော့ ပုဂ္ဂလိက သတင်းမီဒီယာတွေ၊ စာနယ်ဇင်းလောကနဲ့ ပြန်ကြားရေးဝန်ကြီးဌာနရဲ့ ဆက်ဆံရေးက အင်မတန်လေးကို ကောင်းမွန်လာတာ တွေ့ရပါတယ်။ ဒါပေမဲ့ ပုံနှိပ်ထုတ်ဝေရေး ဥပဒေမူကြမ်း ထွက်လာပြီးနောက်ပိုင်းမှာ စာနယ်ဇင်းလောက၊ မီဒီယာလောကသမားတွေနဲ့ သဘောထား ကွဲလွဲတာတွေ တွေ့နေရပါတယ်။ အဲဒီ ဝန်ကြီးတင်ထားတဲ့ မီဒီယာဥပဒေကြမ်း၊ ပုံနှိပ်ထုတ်ဝေရေး ဥပဒေကြမ်းနဲ့ ပတ်သက်ပြီးတော့ ဘယ်လောက်အထိ အခြေအနေ ရှိနေပါပြီလဲရှင့်။

ဦးအောင်ကြည် ။ ။ စာနယ်ဇင်းလောကသားတွေနဲ့ ကျနော်တို့ ပြန်ကြားရေးဝန်ကြီးဌာန ဆက်ဆံရေး အခြေအနေက ကောင်းမြဲကောင်းဆဲပါလို့ ဒီလိုပဲ ဖြေချင်ပါတယ်။ သဘောထား မတူညီတာတွေတော့ရှိတာ မှန်ပါတယ်။ အထူးသဖြင့် ကျနော်တို့ စာနယ်ဇင်းကောင်စီက သြဇာအာဏာရှိတဲ့ ပုဂ္ဂိုလ်များရဲ့အမြင်နဲ့ ကျနော်တို့ ဝန်ကြီးဌာနရဲ့ အမြင်မှာ တချို့ကွဲလွဲမှုလေးတွေ ရှိတာတော့ မှန်ပါတယ်။ ဒါပေမဲ့ ဒီဥစ္စာကလည်း ကျနော်တို့မှာ မူလဆက်ဆံရေးက ကောင်းပြီးသာဖြစ်နေတဲ့အတွက် ဒါလေးတွေကို ကျနော်တို့က စေ့စပ်ညှိနှိုင်းဖြေရှင်းသွားလို့ ရနိုင်တဲ့ အခြေအနေရှိတယ်လို့ ကျနော်မြင်ပါတယ်။ ကျနော့်အနေနဲ့လည်း ကိုယ်တိုင်ပင်လျှင် စာနယ်ဇင်းကောင်စီက အခုန ကျနော်တင်ပြခဲ့တဲ့ သြဇာတက္ကမရှိတဲ့ ပုဂ္ဂိုလ်များနဲ့ သွားတွေ့ပါတယ်။ မတ်လ ၂၃ ရက်နေ့မှာ။ တွေ့ပြီးတဲ့အခါမှာ ကျနော်တို့ ဥပဒေအပေါ်မှာ သဘောထား မတူညီတာလေးတွေရှိရင် ပြင်ဆင်ပေးနိုင်ပါတယ်။ အဲဒီ ပြင်ဆင်ချက်အားလုံးကိုလည်း နိုင်ငံတကာ စံချိန်စံညွှန်းနဲ့ညီရင် ကျနော်အနေနဲ့ ထောက်ခံပြီးတော့မှ လွှတ်တော်မူကြမ်းကော်မတီကို ဆက်တင်ပြပေးမှာ ဖြစ်ပါတယ်ဆိုပြီးတော့ အဲဒီလို ပြောခဲ့ပါတယ်။ နောက် သူတို့တင်ပြတဲ့ သဘောထား မတူညီတဲ့ အချက်အလက်တွေအားလုံးကိုလည်း ကျနော်က နားထောင်ခဲ့ပါတယ်။ နားထောင်ပြီးတော့ အဲဒီအချက်အလက်လေးတွေဟာ ဘယ်လိုဖြစ်ပေါ်လာရသလဲဆိုတာကို ကျနော်က ပြန်လည်ပြီးတော့ အကျိုးသင့်အကြောင်းသင့် ရှင်းလင်းတင်ပြခဲ့ပါသေးတယ်။ ဒါ့အပြင် စာနယ်ဇင်းကောင်စီအနေနဲ့ ရေးသားနေတဲ့ စာနယ်ဇင်းဥပဒေ press laws ကိုလည်း ဆက်လက်ပြီးတော့ ရေးသားဖို့ ကျနော်က အားပေးခဲ့ပါတယ်။ အဲဒီ press law မှာ ပါဝင်သင့်တဲ့ အချက်အလက်တွေကိုလည်း အကြံဉာဏ်ပေးခဲ့ပါတယ်။ ပြီးတဲ့အခါကြတော့ press law ကြောင့် ကျနော်တို့ဆီကနေ ဝန်ကြီးဌာနကနေ ကျနော်တို့ဆီ တင်မယ်ဆိုရင် စောစောတုန်းက ကျနော်တို့ လွှတ်တော်ကို တင်ပြီးသာဖြစ်တဲ့ ပုံနှိပ်ထုတ်ဝေ ဥပဒေမူကြမ်းနဲ့ ကွဲလွဲမှုမရှိရအောင် လိုက်လျောညီထွေဖြစ်အောင်လည်း ကျနော်တို့ ပြင်သွားပေးမယ်။ ဒီ ဥပဒေ (၂) ရပ်ဟာ ရှေ့နောက်သဟဇာတ မျှတအောင် လုပ်သွားပေးမယ်လို့ ဒီလိုလည်း ကျနော်တို့ ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။ အခု ဒီလထဲမှာတောင်မှ သင်္ကြန်ခံနေလို့ပါ။ လမကုန်ခင်တော့ နောက်တကြိမ် ထပ်တွေ့အုန်းမှာပါ။ တွေ့ပြီးလို့ရှိရင် ကျနော်တို့ ထပ်ပြီးတော့ ညှိနှိုင်းပါမယ်။ အဲဒီအချိန်ကြရင်တော့ သူတို့အနေနဲ့ ပြင်ချင်တဲ့အချက်လေးတွေ ပြောနိုင်မယ်။ ထောက်ပြလာလိမ့်မယ်လို့ ကျနော် မျှော်လင့်ပါတယ်။ လောလောဆယ်တော့ ကျနော်တို့ ရရှိထားတဲ့ ကျနော်တို့နဲ့ ပထမအကြိမ် တွေ့ရှိတဲ့အနေအထားအရဆိုရင်တော့ သဘောမတူတဲ့ အချက်တွေပဲ သူတို့ပြောနိုင်ပါတယ်။ ပြင်ချင်တာတွေတော့ မပြောကြသေးပါဘူး။ ဒါပေမဲ့ ဒီတကြိမ်တွေ့မယ်ဆိုရင်တော့ ဒီပြင်ချင်တဲ့အချက်တွေကို ပြောလိမ့်မယ်လို့ ထင်ပါတယ်။ အဲဒါလေးတွေ ရသွားပြီးပြီဆိုရင် ရှေ့ကိုဆက်ပြီးတော့ နှစ်ဦးနှစ်ဖက်စလုံးအတွက် အကျိုးရှိမယ့်လမ်းကြောင်း။ စာနယ်ဇင်းသမားများလည်း လုံလောက်တဲ့ အကာအကွယ်ရှိ၊ ပုံနှိပ်ထုတ်သူတွေလည်း သူတို့လိုချင်တဲ့၊ လိုအပ်ချက်နဲ့ ပြည့်စုံတဲ့ ဥပဒေမျိုးတွေ ထွက်ပေါ်လာလိမ့်မယ်လို့ ကျနော် မျှော်လင့်ပါတယ်။

ဒေါ်ခင်စိုးဝင်း ။ ။ အခု ဝန်ကြီးလွှတ်တော်နှစ်ရပ်ကို တင်သွင်းထားတယ်ဆိုတဲ့ ပုံနှိပ်ထုတ်ဝေရေး ဥပဒေမူကြမ်းဟာ ၁၉၆၂ ခုနှစ်တုန်းက ပြဌာန်းထားတဲ့ ဥပဒေတွေကို အစားထိုးတယ်ဆိုပြီး ပြောကြတာ ရှိပါတယ်။ အဲဒီ ဝန်ကြီးတင်ထားတဲ့ ဥပဒေမူကြမ်းနဲ့ ၁၉၆၂ ခုနှစ်တုန်းက ပြဌာန်းထားတဲ့ ပုံနှိပ်ထုတ်ဝေရေးမူကြမ်းက ဘယ်လိုများ ကွာခြားပါသလဲရှင့်။

ဦးအောင်ကြည် ။ ။ တော်တော်ကြီးကို ကွာပါတယ်။ ဒီကိစ္စတွေက ကျနော်တို့ သတင်းစာတွေထဲမှာလည်း ထည့်သွင်းပြီးတော့ ဖော်ပြထားပါတယ်။ လွှတ်တော်ကိုယ်စားလှယ်ကြီးတွေလည်း အကုန်လုံး သိရှိကြပြီး ဖြစ်ပါတယ်။ အဲဒီတော့ ၆၂ ဥပဒေမှာဆိုရင် တော်တော်လေး ပြင်းထန်ပါတယ်။ ဥပမာ ပုံနှိပ်သူ၊ ထုတ်ဝေသူတွေ ဆောင်ရရှောင်ရမယ့် အချက်တွေဆိုရင် အချက်ပေါင်း (၆၀) လောက် အသေးစိတ် ဖော်ပြထားတယ်။ ဖော်ပြထားတဲ့အပြင် အဲဒီ ဥပဒေက ထူးခြားတာက ဘာလဲဆိုတော့ ဥပဒေအရသာမကဘဲနဲ့ ဒီ ဥပဒေနဲ့ ထုတ်ပြန်တဲ့ နည်းဥပဒေ၊ ညွန်ကြားချက်အမိန့်၊ အဲဒါတွေကိုပါ ဖောက်ဖျက်ရင် အဲဒီ ဥပဒေရဲ့ ပုဒ်မ (၂၀) မှာ ဖော်ပြထားတယ်။ ဒီ ဥပဒေဖောက်ဖျက်သကဲ့သို့ အပြစ်ဒဏ် ကျခံရမယ်ဆိုတာပါတယ်။ ပါတဲ့အတွက် ဒီအပြစ်ဒဏ်တွေကလည်း တော်တော်ကြီးပါတယ်။ အနည်းဆုံး အခုနပြောသလိုပေါ့ အချက်တွေကလည်း (၆၀) လောက် ထုတ်ထားတယ်။ တချက်ဖောက်ဖျက်တာနဲ့ ထောင်ဒဏ်အနည်းဆုံး (၆) လကနေ (၇) နှစ်လောက် ကျနိုင်တဲ့ အနေအထားမျိုးလည်း ဖြစ်ပါတယ်။

အဲဒီတော့ တော်တော်လေးလည်း ပြင်းထန်တဲ့ ဥပဒေဖြစ်နေတော့ ကျနော်တို့ အစိုးရအနေနဲ့ဆိုရင်တော့ ဒီ ဥပဒေကို ပယ်ဖျက်ခြင်း မပြုရသေးတော့လည်း ဆက်လက်ပြီးတော့ မသုံးစွဲသင့်တဲ့အပိုင်း။ အရေးယူအပြစ်ပေးတဲ့ အပိုင်းနဲ့ ပတ်သက်ပြီးတော့ ဆက်လက်မသုံးစွဲဘူးပေါ့။ ဒါပေမဲ့ လုံးဝမသုံးစွဲလို့လည်း မရဘူး။ ဘာဖြစ်လို့လည်းဆိုတော့ အခု ကျနော်တို့ သတင်းစာထုတ်ပေးတယ်ဆိုပါစို့။ သတင်းစာထုတ်ပေးတာ ကျနော်တို့မှာ တခြားဥပဒေမရှိဘူး။ ဒီဥပဒေအရပဲ ထုတ်ပေးရတယ်။ အဲဒီတော့ ဒီဥပဒေက ထုတ်ပေးတဲ့အခါကြတော့ ဘာဖြစ်လဲဆိုတော့ (၆) လ တစ်ခါ scrutinize တစ်ခါလုပ်၊ တစ်ခါထပ်ထုတ်ပေး။ ယာယီထုတ်ပေး။ အဲဒီလို ပုံစံမျိုး သူကသွားတယ်။ အဲဒီဥစ္စာလည်း ကျနော်တို့ ပြင်ချင်တာပေါ့။ နောက် ဒီလောက်ပြင်းထန်တဲ့ဥပဒေကြီးကိုလည်း ဒီမိုကရေစီခေတ်မှာတော့ မရှိသင့်တော့ဘူးလို့ ဒီလိုလည်း ကျနော်တို့ ယုံကြည်ပါတယ်။ ကျနော်တို့ မသုံးစွဲဘူး။ ပြင်းထန်တဲ့ အပြစ်ဒဏ်နဲ့ ပတ်သက်တဲ့အပိုင်း ကျနော်တို့ မသုံးစွဲပါဘူး။ မသုံးစွဲဘဲနဲ့ အခုနလို အလုပ်ဖြစ်ရအောင် ပေးရမယ့်အခွင့်အရေးနဲ့ ပတ်သက်တဲ့အပိုင်းပဲ ကျနော်တို့ သုံးစွဲပါတယ်။ အဲဒီအနေအထား ဖြစ်ပါတယ်။

အဲဒီတော့ အခု ကျနော်တို့ ဥပဒေကြတော့ အမှုကိုက ဘာဖြစ်သလဲဆိုတော့ ကန့်သတ်ချက်က (၅) ချက်ပဲရှိတယ်။ ဒီ (၅) ချက်ကလည်း ဘယ်လောက်အထိအောင် လူတိုင်းလိုက်နာနိုင်တဲ့ ကန့်သတ်ချက်မျိုးပေါ့။ ဥပမာအားဖြင့် ပဋိပက္ခမဖြစ်ပွားဖို့၊ မူးယစ်ရမ်းကားတာတို့၊ ညစ်ညမ်းစွာ ဖော်ပြတာတို့ ဒါမျိုးလေးတွေပါ။ လူ့ကျင့်ဝတ်အရ လိုက်နာရမယ့် ကန့်သတ်ချက်ကလေးတွေပါ။ သိပ်ပြီးကြီးကြီးကျယ်ကျယ် မဟုတ်ပါဘူး။ ဒီအချက်ကလေး (၅) ချက်ကို လိုက်နာဖို့လောက်ပဲ စည်းကမ်းအနေနဲ့ သတ်မှတ်ထားတာဖြစ်တယ်။ ဒါတစ်ချက်ပါ။ နောက်တစ်ချက်က ဖော်ဖျက်ကျူးလွန်ရင် ဘာဖြစ်မလဲဆိုမလဲဆိုတော့ ဒါက တရားမကြောင်း ဖြစ်သွားပြီ။ ၆၂ မှာဆိုရင်တော့ ပြစ်မှုကြောင့် ရဲအရေးပိုင်တယ်။ ဒီမှာကြတော့ ရဲအရေးမပိုင်တော့ဘူး။ တရားမကြောင်း။ ၆၂ မှာဆိုရင် ကျနော်တို့က ပစ္စည်းတွေယူ၊ လူတွေသိမ်း၊ စာရွက်စာတမ်းတွေသိမ်း ဒါမျိုးတွေ လုပ်နိုင်တယ်။ ဒီဥပဒေမှာ လုပ်လို့မရတော့ပါဘူး။ အဲဒီတော့ အများကြီး ကွဲပြားခြားနားမှုရှိတယ်လို့ ဒီလောက်ပဲ ပြောချင်ပါတယ်။ ဒီထက်ပိုပြီးတော့ ပြောချင်တာတွေလည်း အများကြီး ရှိပါသေးတယ်။ အချိန်ကိုငဲ့လို့ပါ။

ဒေါ်ခင်စိုးဝင်း ။ ။ ဝန်ကြီးတင်သွင်းလိုက်တဲ့ လွှတ်တော်နှစ်ရပ်ကို တင်သွင်းလိုက်တဲ့ ဥပဒေမူကြမ်းဟာ ဖွဲ့စည်းပုံအခြေခံပါ ပြည်သူတွေရဲ့ ရပိုင်ခွင့်တွေ၊ လွတ်လပ်ခွင့်တွေကို ကန့်သတ်ချုပ်ချယ်ထားတယ်ဆိုပြီး ဝေဖန်တာတွေ ရှိပါတယ်။ အဲဒါနဲ့ ပတ်သက်လို့ ဝန်ကြီးအနေနဲ့ ဘယ်လိုများ မှတ်ချက်ပေးချင်ပါသလဲရှင့်။

ဦးအောင်ကြည် ။ ။ ဒီ ဥပဒေကြမ်း တင်ကတည်းက ဥပဒေပညာကျွမ်းကျင်တဲ့ ပုဂ္ဂိုလ်တွေနဲ့ တိုင်ပင်ပါတယ်။ ဖွဲ့စည်းပုံအခြေခံနဲ့ လိုက်လျောညီထွေမှု ရှိမရှိဆိုတာ။ အားလုံးက ထောက်ခံပြီးမှ ဖောက်ဖျက်မှုမရှိဘူး၊ တင်သွင်းလို့ ရနိုင်တယ်ဆိုတဲ့ အကြံပြုချက်တွေ ရပြီးမှ ကျနော်တို့ တင်တာဖြစ်ပါတယ်။ နောက်တချက်ကလည်း လွတ်လပ်ခွင့်၊ ဘာညာဆိုတဲ့အပိုင်းနဲ့ ပတ်သက်လို့ရှိရင်တော့ ပြောရမယ်ဆိုရင် ဒီဥပဒေထဲမှာ အလွန်ထူးခြားတဲ့ အချက်တချက်လည်း ပါပါတယ်။ အဲဒါက ဘာလဲဆိုတော့ ဒီဥပဒေပါ မည်သည့်အရေးယူဆောင်ရွက်မှုကိုမဆို နိုင်ငံသားတိုင်းရဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောကြားခွင့်ကို မထိခိုက်စေရဆိုတဲ့ freedom of expression ကို တိတိကျကျ အဓိပ္ပါယ်ဖွင့်ထားတဲ့ ဥပဒေမျိုးပါ။ အဲဒီတော့ ဒါက တဖတ်ကလည်း နိုင်ငံတကာ စံချိန်စံနှုန်းနဲ့ ညီတယ်လို့ ပြောလို့ရပါတယ်။ နောက်တခါ ဒီ ဥပဒေမှာပဲ တကယ်လို့များ ဝေဖန်တဲ့လူတွေက ပြောနေကြတာက ဘယ်ဥပဒေ၊ ဘယ်ပုဒ်မကတော့ မညီဘူးလို့ ထောက်ပြတာမျိုး မဟုတ်ဘဲနဲ့ ဥပဒေတရပ်လုံးကို မညီဘူးပြောတာမျိုးတော့ ကျနော်တို့က ဘာပြင်ရမှန်းမသိဘူးပေါ့။ တကယ်လို့များ အကြံပြုမယ့် ပုဂ္ဂိုလ်တွေက ဘယ်ပုဒ်မကဖြစ်ရင် ဘယ် article, ဘယ်စာပိုဒ်က အခြေခံဖွဲ့စည်းပုံနဲ့ မညီပါဘူးလို့ ထောက်ပြမယ်ဆိုရင် ကျနော်တို့က ဝမ်းသာပါတယ်။ ကျနော်တို့က ပြင်နိုင်တဲ့ အခွင့်အရေးရှိသေးတယ်။ ကျနော်တို့ ဥပဒေက ပိုပြီးတော့ နည်းလမ်းတကျ ဖြစ်သွားမယ်။ စံချိန်စံညွှန်း ပိုကောင်းမှာ ဖြစ်တဲ့အတွက်ကြောင့် ကျနော်က အရမ်းကျေးဇူးတင်မှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ ကျနော်တို့ ဥပဒေအနေနဲ့ကတော့ တတ်နိုင်သမျှ အကောင်းဆုံး၊ တရားမျှတဆုံးဖြစ်အောင် ရည်စူးထားပါတယ်ဆိုတာကို ပြောလိုပါတယ်။

ဒေါ်ခင်စိုးဝင်း ။ ။ အခုန ဝန်ကြီးပြောသွားတဲ့အထဲမှာပါပါတယ်။ ဒီ media law တွေနဲ့ ပတ်သက်ပြီးတော့ စာနယ်ဇင်းကောင်စီ ယာယီဖွဲ့စည်းထားတဲ့ အခုနပြောတဲ့ အထင်ကရ စာပေ၊ မီဒီယာလောက က အထင်ကရ ပုဂ္ဂိုလ်ကြီးတွေ ရေးဆွဲနေတဲ့အချိန်မှာပဲ တပြိုင်တည်းမှာ ဝန်ကြီးတို့ဌာနကနေတခါ ဥပဒေမူကြမ်းတင်လိုက်တယ်ဆိုတော့ နည်းနည်းလေး ဝိရောဓိ ဖြစ်နေသလားလို့ပါ။ အဲဒါနဲ့ ပတ်သက်လို့ ဝန်ကြီး ဘာပြောချင်ပါသလဲ။
ဦးအောင်ကြည် ။ ။ ကွဲပြားခြားနားပါတယ်။ ကျနော်က စာနယ်ဇင်းကောင်စီကို ဥပဒေကြမ်း ရေးဆွဲဖို့ အကြံပြုတဲ့အခါမှာ စာနယ်ဇင်းဥပဒေ ရေးဆွဲဖို့ အကြံပြုပေးချင် ဖြစ်ပါတယ်။ Press Council ဟာ Press Law ရေးဆွဲတာဟာ အလွန်သဘာဝကျပြီး အလွန်တရားမျှတတယ်။ ချစ်စရာကောင်းတဲ့ အပြုအမှုပါ။ ဒါက ကျနော်တို့ဆီမှာ တော်တော်လေး ဖြစ်တောင့်ဖြစ်ခဲ အခွင့်အရေး။ ဒါကို အခွင့်အရေးမျိုး ပေးလိုက်တာပါ။ အဲဒီတော့ Press Law ဆိုတာနဲ့ အခု ကျနော်တို့ ပုံနှိပ်ထုတ်ဝေ လုပ်ငန်းဥပဒေဆိုတာနဲ့က တိုက်ရိုက်မသက်ဆိုင်ပါဘူး။ ပုံနှိပ်ထုတ်ဝေ ဥပဒေကသက်သက်၊ Press Law ကသက်သက်ပါ။ နိုင်ငံတကာမှာလည်း ဒီလို Press Law သီးခြား၊ ပုံနှိပ်ထုတ်ဝေဥပဒေ သီးခြား၊ Media Law သီးခြားဆိုပြီး သီးခြားဆီ ရှိကြတာဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ကျနော်တို့ Press Council က ရေးဆွဲနေတဲ့ ဥပဒေနဲ့ ဘာမှ ထိခိုက်စရာအကြောင်း မရှိဘူးလို့ ဒီလိုပဲ ကျနော် ပြောကြားလိုပါတယ်။

ဒေါ်ခင်စိုးဝင်း ။ ။ အခု ပုဂ္ဂလိကပိုင် မီဒီယာလောကကို နေ့စဉ်သတင်းစာတွေ ထုတ်ခွင့်ပြုလိုက်ပါတယ်။ အဲဒီလို နေ့စဉ်သတင်းစာတွေကို ပုဂ္ဂလိကပိုင် နေစဉ်သတင်းစာတွေ ထုတ်ဝေနေတဲ့အချိန်မှာ နိုင်ငံပိုင်သတင်းစာရယ်လို့ မရှိသင့်ဘူးလို့ ဝေဖန်နေတဲ့လူတွေ ရှိပါတယ်။ အဲဒီတော့ အရင်တုန်းက မြန်မာ့အလင်း၊ ကြေးမုံတို့ဆိုတာ ပုဂ္ဂလိက ပိုင်ခဲ့တာပါ။ အဲဒီတော့ အဲဒီ ပုဂ္ဂလိကပိုင်ခဲ့တဲ့ မြန်မာ့အလင်းကို ပြည်သူပိုင်ဖြစ်သွားတဲ့ နိုင်ငံပိုင်ဖြစ်သွားတဲ့ မြန်မာ့အလင်းသတင်းစာကို ပုဂ္ဂလိက မီဒီယာနဲ့ ဖက်ဆက်လုပ်ဖို့ ဝန်ကြီးတို့ ကမ်းလှမ်းထားတာကို တွေ့လိုက်ရပါတယ်။ အဲဒီ အခြေအနေမှာ ပုဂ္ဂလိကကို ပြန်လွှဲပြောင်းပေးဖို့ သင့်တော်မလား။ ဒါမှမဟုတ်လို့ရှိရင် လုံးဝပဲ ဖက်ဆက်လုပ်ဖို့ သင့်တော်မလား။ လုံးဝပဲ လွှဲပြောင်းပေးဖို့ သင့်တော်မလား ဝန်ကြီး ဘယ်လိုများ သုံးသပ်လို့ ရပါသလဲ။

ဦးအောင်ကြည် ။ ။ ဒီကိစ္စနဲ့ ပတ်သက်လို့ ကျနော် ဖြေရမယ်ဆိုလို့ရှိရင်တော့ ကျနော်တို့ အခု Public Service Media Law ဆိုပြီး မူကြမ်း ရေးဆွဲနေတာရှိပါတယ်။ အဲဒီ ဥပဒေအရ ဆိုလို့ရှိရင် ကျနော်တို့သွားမယ့် အနာဂတ်မီဒီယာ landscape ရဲ့ ပုံသဏ္ဍာန်က public service media နိုင်ငံပိုင် မီဒီယာတွေက public service media အဖြစ်ကို ပြောင်းလဲသွားကြမှာ ဖြစ်ပါတယ်။ အဲဒီတော့ public service media ဖြစ်သွားတဲ့အခါကြရင် ကျနော်တို့က အများပြည်သူရဲ့ အကျိုးစီးပွားအတွက်ပဲလုပ်မှာ ဖြစ်ပြီးတော့ editorial independency ရှိမယ်။ financial လည်း independency ရှိမယ့် အနေအထားမျိုး ဖြစ်ပါတယ်။ အဲဒါကြောင့်မို့လို့ ကျနော်တို့က ကြေးမုံ၊ မြန်မာအလင်း ဒီလိုသတင်းစာတွေလည်း public service newspaper တွေ ဖြစ်သွားမယ်။ အလားတူပဲ မြန်မာ့အသံ ရေဒီယို၊ ရုပ်မြင်သံကြား ထုတ်လွှင့်မှုတွေ အားလုံးလည်း public service broadcasting ဖြစ်သွားပါမယ်။

အင်္ဂလိပ်သတင်းစာ (၁) စောင်ပဲ commercial မှာ ကျန်မှာဖြစ်ပါတယ်။ အင်္ဂလိပ်သတင်းစာကတော့ ကျနော်တို့ရဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နံှမှု ဥပဒေအရ ပြည်တွင်း၊ ပြည်ပကနေ ရင်းနှီးမြှုပ်နံှနိုင်တယ်။ Joint venture လုပ်နိုင်တယ်။ နိုင်ငံခြားရင်းနှီးမြှုပ်နံှမှု ၄၉ ရာခိုင်နှုန်းအထိ ခွင့်ပြုနိုင်တယ်ဆိုတဲ့ အချက်အလက်တွေကြောင့်မို့ သူကိုလည်းပဲ ပိုမိုပြီးတော့ ကျယ်ပြန့်စေချင်တယ်။ သူကိုတော့ ကျနော်တို့က public service သွားမှာ မဟုတ်ဘူး။ သူကိုတော့ နိုင်ငံတကာကို ကျယ်ပြန့်သွားအောင် ကျနော်တို့ လုပ်ချင်တယ်။ ကြီးမားကျယ်ပြန့်သွားအောင် လုပ်ချင်တယ်။ အဲဒါကြောင့်မို့ သူကိုတော့ ကျနော်တို့က Joint venture ပေးဖို့ဆိုပြီးတော့ ဒီလို ရည်ရွယ်ထားပါတယ်။ အနာဂတ်ဖြစ်ပေါ်လာမယ့် media landscape မှာ state run media ဆိုတာ မရှိတော့ဘူး ဖြစ်ပါလိမ့်မယ်။ အဲဒီအစား public service media တွေက ဝင်သွားမယ်။ Commercial media တွေ ရှိပါမယ်။ နောက်တချို့ Charity တို့ဘာတို့ကို ဒါတွေကို အလကားပေးတဲ့ သတင်းစာမျိုးတွေလည်း ရှိနိုင်ပါတယ်။ နောက်တခါ non-profit ဒါမျိုးတွေလည်း ရှိနိုင်ပါတယ်။ အဲဒီလို ပုံစံမျိုးနဲ့ သွားမှာဖြစ်တဲ့အတွက် ကျနော်တို့ ဒီ သတင်းစာတွေကိုတော့ မူလ ပုဂ္ဂလိကပိုင်ရှင် လက်ထဲကို ပြန်ပေးဖို့ အစီအစဉ်ကတော့ မရှိပါဘူးဆိုတဲ့အကြောင်း ကျနော် ပွင့်ပွင့်လင်းလင်း ပြန်ကြားလိုပါတယ်။

ဒေါ်ခင်စိုးဝင်း ။ ။ ပြည်ထောင်စု ပြန်ကြားရေးဝန်ကြီး ဦးအောင်ကြည် ကို ဗွီအိုအေ က နေပြည်တော်မှာ သီးသန့်တွေ့ဆုံမေးမြန်းခဲ့တာ ဖြစ်ပါတယ်။
XS
SM
MD
LG